အခြေအနေနဲ့ အချိန်အခါကိုက်ညီရင် အရာအားလုံးက တန်ဖိုးရှိပါတယ် (လူကို လူလို့ပဲ မြင်သင့်တဲ့အကြောင်း)

“သူ့တန်ဖိုးနဲ့ သူ”

ရေးသားသူ – ကိုစိုးထိုက်(ဖဒို)

အဲဒီနေ့က အမျိုးတွေရှိတဲ့ ရွာကို မရောက်တာကြာလို့ ဆိုင်ကယ်လေးနဲ့ ထွက်လာခဲ့တယ်။ ညနေဘက်ရောက်တော့ ပြန်မယ်လည်းဆိုရော ဘကြီးတော်စပ်တဲ့ အမျိုးတစ်ယောက်က “ညစာ ဒီမှာပဲ စားသွားပါလား တူကြီးရဲ့..” ဆိုပြီး ပြောပြောဆိုဆိုနဲ့ ကျွန်တော့်လက်ကိုဆွဲလို့ တဲပေါ် ခေါ်ပါတယ်။

ခဏနေတော့ ထမင်းမစားခင် သောက်ရအောင်ဆိုပြီး သူက တောအရက်တစ်လုံးနဲ့ အမြည်းတစ်ခွက် ယူလာပါလေရော။ “ဘာလဲဗျ..အမြည်းက..” “ဆတ်သားခြောက် အစပ်ချက်ထားတာ တူကြီး..” တစ်ခွက်မော့ပြီး ပူဆင်းသွားတဲ့ လည်ချောင်းကို ရေတစ်ခွက်သောက်လို့ အပူဖြေပြီးတဲ့နောက် အမြည်းတစ်ဖက်ကို လက်နဲ့လှမ်းယူလို့ စားလိုက်တယ်။ (လယ်တဲလေးမှာဆိုတော့ အမြည်းနှိုက်ဖို့ ဇွန်းမတောင်းတော့ပါဘူးလေ..)

လက်မှာ ရွှဲခနဲပေသွားတဲ့ ဆီတွေကို သုတ်ဖို့ ဘကြီး ဆီကနေ တစ်ရှူးတောင်းတော့ သူက ရယ်ပါတယ်။ “ရွာပါဆို ငါ့တူကြီး ကလည်း ဘယ်ကသာ တစ်ရှူး ရှိရမှာလဲ..” “ရော့..” ဂျီးအထပ်ထပ်နဲ့ ညစ်နွမ်းနွမ်း အ၀တ်စတစ်ခုကို လှမ်းပေးရင်း သူက အားတုံ့အားနာနဲ့ ကျွန်တော့်ကို ပြောတယ်။

“အ၀တ်ကတော့ သိပ်မဖြူဘူး တူကြီးရဲ့.. ဒါပေမဲ့ လက်ကဆီတော့ ပြောင်သွားမှာပါ..” အို… (အမှတ်မထင်ပြောလိုက်တဲ့ သူ့စကားဟာ ကျွန်တော့်ရင်ထဲ ခပ်နစ်နစ်လေး ၀င်သွားတယ်..)

“အ၀တ်ကတော့ သိပ်မဖြူဘူး.. ဒါပေမဲ့ လက်မှာ ပေနေတဲ့ဆီတော့ ပြောင်သွားမယ်တဲ့လား….” သူ့စကားကို ဆက်တွေးမိတယ်။ ဆီပေနေတဲ့ လက်ကို လတ်တလော အဆင်ပြေအောင် သုတ်ဖို့အတွက် အ၀တ်စဟာ သိပ်ပြီး သန့်ရှင်းတောက်ပြောင်နေဖို့မလို။ ဒီနေရာမှာ မျက်နှာသုတ်ပုဝါတစ်ထည်ဆိုရင်ရော လက်သုတ်ဖို့ သင့်တော်ပါ့မလား။ တန်ဖိုးကြီးမားတဲ့ အင်္ကျီတစ်ထည်ဆိုရင်လည်း လက်သုတ်ပစ်လိုက်ဖို့ အဆင်ပြေမှာ မဟုတ်။

သူ့နေရာနဲ့သူ သူ့အချိန်အခါနဲ့သူ သုံးမယ်ဆို နေရာတစ်ခုမှာ တန်ဖိုးသိပ်မရှိတဲ့အရာက အခြား နေရာတစ်ခုမှာ တန်ဖိုးပိုရှိသွားနိုင်တာပဲ။ ဆက်တွေးမိတယ်။

ရေနစ်တဲ့အခါ ကားတာယာကျွတ် တစ်ခုဟာ ကားကြီး တစ်စီးလုံးစာထက် ပိုတန်ဖိုးရှိနေတာမျိုး.. ကန္တာရထဲမှာ လမ်းပျောက်နေတဲ့ သူအတွက် ရေတစ်ဘူးဟာ စိန်တစ်ပြည်ထက် ပိုတန်ဖိုးရှိနေတာမျိုး..။

ဒါဆိုရင် တစ်စုံတစ်ရာအပေါ်မှာ သတ်မှတ်ထားတဲ့ တန်ဖိုးဆိုတာ သူ့ချည်းသက်သက် ပုံသေ ရှိမနေဘဲ သူအသုံးတည့်မယ့် အချိန် နေရာအလိုက် ပြောင်းလဲ သွားကြတာပဲပေါ့..။

အဲဒီလိုတွေးမိပြီးနောက်ပိုင်း ကျွန်တော် လူကို လူလို့ပဲ မြင်တဲ့စိတ်မျိုးရအောင် အထူး သတိပြုတယ်။ ချွေးနံ့ နံနေတဲ့ ဆိုက်ကားဆရာကြီး နဲ့ ကားကြီးပေါ်က သူဌေးကြီးရဲ့တန်ဖိုး သူ့နေရာနဲ့သူ ရှိနေကြတာပဲ။ ရုပ်ရှင် မင်းသမီးတစ်ယောက်နဲ့ လမ်းဘေးမှာ စျေးရောင်းတဲ့ ကောင်မလေး တို့လည်း သူ့နေရာနဲ့သူ တန်ဖိုး ရှိနေတာပဲလေ။ အဲလိုစိတ်မျိုးနဲ့ လူတွေကိုကြည့်တဲ့အခါ ဘယ်သူ့ကိုမှ အထင်သေးတာမျိုး မရှိတော့ဘူး။ (ဘယ်သူ့ကိုမှလည်း အရမ်းကြီး အထင်မကြီးတော့ဘူး..)

ကိုယ့်ဟာကိုယ် တွေးရင်း ရှင်းရင်း ကျေနပ်တဲ့စိတ် ဖြစ်ပေါ်ရင်းနဲ့ ဘကြီး ကမ်းပေးလိုက်တဲ့ အ၀တ်စကို လှမ်းယူလိုက်တယ်။ “သိပ်မဖြူတဲ့ ခပ်ညစ်ညစ် အဝတ်စလေးနဲ့ ကျွန်တော့် လက်ကဆီကို ပြောင်အောင် သုတ်လိုက်ပါတယ်..” အဲဒီနေ့က အတော်လေး သောက်လို့ စားလို့ ကောင်းတာပဲ။

ကိုစိုးထိုက်(ဖဒို)
လူပီသသောလူ စာအုပ်မှ။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page