လျှပ်စစ်ရုံးက မိန်းချကိုယ်တော်ရဲ့ မလင်းပေမယ့် မှောင်ပါတယ် တရားတော်
“ဟယ်လို… လျှပ်စစ်ရုံးကလားဟေ့” “ဟုတ်ပါတယ် ဒကာကြီး” “အမ်… ခုပြောနေတာ လျှပ်စစ်ရုံးကလား၊ ဘုန်းကြီးကျောင်းကလား” “ရုံးကပြောနေတာပါ ဒကာ။ ဒုလ္လဘ ဆယ်ရက်ဝတ်နေရင်း ရုံးမှာ ကွန်ပလိန်းတွေ လာရှင်းပေးနေတာ” (ဒုက္ခပါပဲ… ပက်ပက်စက်စက် ဆဲမလို့ဟာကို ဘုန်းကြီးနဲ့မှ လာတိုးရတယ်လို့)
“ဘာဖြစ်လို့လည်း ဒကာ” “ဟိုလေ… မီးက ဘာလို့ဖြတ်ထားတာလဲ သိချင်လို့ပါ” “ဒီလိုရှိပါတယ် ဒကာရဲ့။ ကိုယ့်မှာမရှိတဲ့အရာကို သူတပါးကိုပေးလို့ ရပါ့မလား” “မရပါဘူးဘုရား” “ဒါ… အမှန်ကိုသိခြင်းပဲ ဒကာ။ သမ္မာဒိဌိလို့ ခေါ်တယ်ကွယ့်။ မီးပေးဝေချင်တဲ့စိတ်က စေတနာမဟုတ်လား”
“တင်ပါ့” “အဲဒါ… ကာမာဝစရ ကုသိုလ်စိတ်ပေါ့ကွယ်။ မီးလင်းတာကို လိုချင်တယ်မဟုတ်လား။ အေး လိုချင်တဲ့စိတ်ကလေးက ဘာတုန်း” “လောဘပါ ဘုရား” “လိုချင်တာဖြစ်မလာတော့ စိတ်ဆိုးတယ်မဟုတ်လား။ စိတ်ဆိုးတာက ဘာတဲ့” “ဒေါသပါ ဘုရား” (ဟာ..ဒီဘုန်းကြီးကလည်း လေရှည်လိုက်တာနော်)
“ဒေါသစိတ်နဲ့သာ သေသွားခဲ့ရင် သုဂတိကို ရောက်ပါဦးမလား” “မရောက်ပါဘူး ဘုရာ့” “ကိုင်း… ဒါဖြင့် လောဘတို့ ဒေါသတို့ဆိုတာ မွေးထားရမှာလား ပယ်သတ်ရမှာလား” “မမွေးရပါဘူး ဘုရာ့” (ဟူး… မေးမိတာမှားပြီ… ခုထိကို မပြီးသေးဘူး)
“အေး… အေး… အပ္ပမာဒေန – မမေ့သော သတိတရားထားပြီး၊ သမ္ပါဒေထ – သည်းခံခြင်းနဲ့ ပြည့်စုံပါစေကွယ်။ ကဲ… မေတ္တာပို့ပြီး ရေစက်ချကြစို့” “ဟာ… မ… မ… မပို့တော့ပါဘူး။ ဘေလည်း မရှိတော့ပါဘူး။ ရေစက်လည်း မချတော့ပါဘူး။ နောက်လည်း… ဘယ်တော့မှ မမေးတော့ပါဘူး ဘုရား” (အံမလေး EPC ရယ်… ကြိုက်သလိုသာလုပ်ကြပါတော့ လို့)
မူရင်းရေးသားသူအား လေးစားမှုဖြင့်