ဖိနပ်လေးတွေ ဝယ်မယ့်သူကို လမ်းဘေးမှာ စောင့်နေရရှာတဲ့ (၈၅) နှစ်အရွယ် အထီးကျန် အဘိုး

အဖိုးရဲ့ ဖိနပ်ဆိုင်လေး ပြန်ဖွင့်တာ ၃ ရက်ရှိပါပြီ အဖိုးက Mask မတပ်ထားတာ တွေ့လို့ Mask သွားပေးရင်း အဖိုးနဲ့ စကားလက်ဆုံ ကြဖြစ်ခဲ့ပါတယ်။

အဘိုးဘာလို့ Mask မတပ်တာလဲလို့ မေးလိုက်တော့ အဘိုးက သူရဲ့ဘေးမှာချထားတဲ့ အိမ်တွင်းလုပ် နှာခေါင်းစည်းလေးကို ပြရင်း နားရွက်တွေနာလို့ ခဏချွတ်ထားလို့ ဆိုပါတယ်။

”အိမ်မှာချုပ်တာဆိုတော့ ဘယ်နေရာလိုသွားလို့လဲ မသိဘူး တပ်ရတာနားရွက်နာတယ် ငါ့မြေးလာပေးတဲ့ နှာခေါင်းစည်းမျိုး ကြတော့လဲ အဖိုးဝယ်ပြီးတပ်နိုင်ပါဘူးကွယ် ”

အဘိုးရဲ့ စကားဆုံးသွားချိန် ခင်းထားတဲ့ ဖိနပ်တွေကိုကြည့်လိုက်တော့ တစ်ခုခုလိုနေသလို ခံစားမိလိုက်ရပါတယ်။ အရင်ကဆို မိုးကာနဲ့အပြည့် ဖိနပ်တွေကို ခင်းထားတာပါ။ အခုတော့ မိုးကာအပြည့် မခင်းနိုင်တော့တဲ့အပြင် ဒီဖိနပ်တွေက နောက်ဆုံးလက်ကျန် ဖိနပ်တွေဆိုတာကို သိလိုက်ရပါတော့တယ်။

”ဒါတွေ ဖြစ်ကတည်းက ဆိုင်ပိတ်လိုက်ရတာ စားစရာမရှိတော့လို့ နောက်ဆုံးကျန်တဲ့ ဖိနပ်တွေနဲ့ ဆိုင် ပြန်ဖွင့်တာ ဖိနပ်အသစ်တွေပြန်လုပ်ဖို့ ပစ္စည်းတွေက မန်လေးမှာ ကိုယ်တိုင်သွားဝယ်ရတာ အခုကားခက အသွားအပြန် သုံးသောင်းလောက်ဆိုတော့ သွားဝယ်ဖို့ အဆင်မပြေတော့ဘူး မုံရွာမှာက ဝယ်လို့ရပေမယ့် ပစ္စည်းက အစုံမရှိဘူး”

အဖိုးရဲ့ အသက်က ၈၅ နှစ်ရှိပါပြီ။ ဖိနပ်လုပ်ငန်းကို ၁၀ စုနှစ်တစ်ခုကျော်ကြာ လုပ်ကိုင်ခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်ကျော်က ဇနီးဖြစ်သူနဲ့ အတူဆိုင်ဖွင့်ခဲ့ပေမယ့် အခုဆိုရင် ဇနီးသည် လည်း ဆုံးပါးသွားခဲ့ပြီမို့ အဖိုးတစ်ယောက်ထဲသာ ဆက်လက်ဆိုင်ဖွင့်နေတာပါ။

အဖိုးရဲ့ ကတ္တီပါ ဖိနပ်တွေက ဒီဇိုင်းလဲ ဆန်းသလို ခိုင်ခံမှုလဲရှိပါတယ်။ ကလေးစီး၊ ကျား/မ ဖိနပ်ဆိုဒ်မျိုးစုံရှိပြီး ဈေနှုန်းကလဲ တစ်ထောင်ကနေ သုံးထောင်အထိသာရှိပါတယ်။

”အဘိုးက မန်းလေးသားစစ်စစ် အသက် ၄၅ နှစ်လောက်မှ မုံရွာကိုပြောင်းခဲ့တာ ဒီကိုပြောင်းလာတော့ ဒုက္ခတော်တော်ရောက်ခဲ့တာ စီးပွားက အဆင်မပြေဘူး ကုန်အရောင်း အဝယ်လုပ်တာလဲ အဆင်မပြေ နောက်ဆုံး ဘယ်အလုပ်မှ အဆင်မပြေလို့ ဒီဖိနပ်လုပ်ငန်းကို လုပ်ဖြစ်သွားတာ”

ဒီကာလမှာ လူတိုင်းစီးပွားရေး အကြပ်အတည်းကို ရင်ဆိုင်နေပေမယ့် အဘိုးလို အသက်ကြီးရွယ်အိုတွေက ဝမ်းစာအတွက် လှုပ်ရှားရုန်းကန်ရတာ ပိုမိုခက်ခဲလိမ့်မယ်လို့ ထင်မိပါတယ်။

အကယ်၍များ လမ်းသင့်လို့ အဖိုးရဲ့ဖိနပ်ဆိုင်လေးရှိရာ မုံရွာ အ.ထ.က ၂ ကျောင်းအနီး ဆေးရုံလမ်းကို ရောက်ခဲ့ရင် ဖိနပ်လေးတွေ ဝယ်ယူအားပေးခဲ့ကြပါလို့ တိုက်တွန်းရင်း ဒီစာကို အဆုံးသတ် လိုက်ပါရစေ…။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page