မြန်မာနိုင်ငံနဲ့ အိမ်နီးနားချင်းဖြစ်တဲ့ ကမ္ဘာ့အထူးဆန်းဆုံး လူမျိုးစုများအကြောင်း

မြန်မာတို့၏ အဆန်းကျယ်ဆုံးသော အိမ်နီးချင်းများ – အန်ဒမန်ကျွန်းသူကျွန်းသားများ၊ အန်ဒမန်ကျွန်း (Andaman Islands) သည် မန္တလေးမြို့ထက်စာလျှင် ရန်ကုန်မြို့နှင့် ပိုနီးပါသည်။ ယနေ့တွင် အိန္ဒိယနိုင်ငံ၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။ ထိုဒေသတွင် နေထိုင်သော လူမျိုးစုများသည် ကမ္ဘာပေါ်တွင် တစ်သီးတစ်ခြား အဖြစ်ဆုံးသော လူမျိုးစုများ ဖြစ်သည်။

ယနေ့တွင် မူလ အန်ဒမန်ကျွန်းသူကျွန်းသားများ ဦးရေမှာ ရာဂဏန်းခန့်သာ ရှိတော့သည်။ သူတို့ ပြောဆိုသော ဘာသာစကားမှာလည်း အခြားမည်သည့် ဘာသာစကားနှင့်မျှ မတူပါ။ သူတို့သည် မျိုးရိုးဗီဇအရ အာရှတိုက်သားများနှင့် ပို၍ နီးစပ်သည်။

စိတ်ဝင်စားစရာ ကောင်းသည်မှာ တိဘက်နိုင်ငံ၊ ယူနန်ပြည်နယ်နှင့် ဂျပန်နိုင်ငံတွင် တွေ့ရှိရသော Y-Haplogroup D-M174 မျိုးရိုးဗီဇအုပ်စုတွင် ပါဝင်ကြောင်းကို မျိုးဗီဇ စစ်ဆေးမှုမှ သိရှိရသည်။ လွန်ခဲ့သောနှစ်ပေါင်း ၆၀၀၀၀ ခန့်က အာဖရိကတိုက်ကို စွန့်ခွာခရီးနှင်လာခဲ့သော၊ နောင်နှစ်ထောင်ပေါင်းများစွာ အကြာတွင် မြန်မာ့ကမ်းစပ်များသို့ ရောက်ရှိလာခဲ့ကာ ထိုမှတဆင့် သြစတြေးလျတိုက်ဘက်သို့ ခရီးဆက်ခဲ့ကြသော ပထမဆုံး လူသားများမှ ယင်းမူလကျွန်းသူကျွန်းသားတို့ ဆင်းသက်လာသည်ဟု သိပ္ဗံပညာရှင်များက ယုံကြည်ကြသည်။

ထိုမှ ခွဲဖြာဆင်းသက်လာသော မျိုးနွယ်စုသည် မြောက်ပိုင်းသို့ ခရီးဆက်ခဲ့ကြပြီး အရှေ့အာရှတိုက်ဒေသတွင် ပထမဆုံး အခြေစိုက်နေထိုင်ခဲ့သော လူသားများ ဖြစ်နိုင်ဖွယ်ရာ ရှိပေသည်။ ရေခဲခေတ် နှောင်းပိုင်းကာလများ အတွင်း အန်ဒမန်ကျွန်းသည် မြန်မာပြည်နှင့် ကုန်းမြေချင်း ထိဆက်နေခဲ့သေးသည်။ ထို့နောက် လွန်ခဲ့သော နှစ်တစ်သောင်းခန့်က ပင်လယ်ရေမျက်နှာပြင်များ မြင့်တက်လာသောအခါ ကျွန်းစုများ ဖြစ်လာခဲ့သည်။ ထိုအချိန်မှစ၍ အန်ဒမန်ကျွန်းမှ လူမျိုးစုများသည် ပြင်ပလောကနှင့် အဆက်အသွယ် လုံးဝနီးပါး မရှိဘဲ တစ်သီးတစ်ခြား နေထိုင်လာခဲ့ကြခြင်းဖြစ်သည်။

မြန်မာတို့က ထိုကျွန်းစုများကို ကပ္ပလီကျွန်းဟု ခေါ်သည်။ ထိုအမည်သည် အာရပ်စကားလုံး ကာဖီရာ-Kaffir မှ ဆင်းသက်လာပြီး မူလအဓိပ္ပာယ်မှာ မူဆလင် မဟုတ်သူဟု အဓိပ္ပာယ်ရသည်။ ထိုကပ္ပလီလူမျိုးများ နေထိုင်သောကြောင့် ကပ္ပလီကျွန်းနှင့် ကပ္ပလီပင်လယ်ဟု ယနေ့တိုင်ထိ မြန်မာလိုခေါ်ကြသည်။

အန်ဒမန်ကျွန်းစုများထဲမှ တစ်ခုဖြစ်သော မြောက်ပိုင်းရှိ ဆန်တီနယ်ကျွန်းတွင်ဆိုလျှင် ပြင်ပလောကနှင့် လုံးဝ အဆက်အသွယ် မရှိပေ။ ထိုကျွန်းတွင် နေထိုင်သူများအကြောင်း လုံး၀ မသိရှိသလောက်ပင် ဖြစ်သည်။

ဆန်တီနယ်ကျွန်းသားများနှင့် အဆက်အသွယ်ပြုရန် ကြိုးပမ်းသည့် အခါတိုင်းပင် (ပုံပါအတိုင်း) မြှားများဖြင့် ပစ်ခတ်တိုက်ခိုက်ကြသည်။ သူတို့ဘာသာ သီးခြား နေထိုင်လိုသည်မှာ ထင်ရှားသည်။ ထိုကျွန်းသည် ကမ္ဘာတစ်ဝှမ်းလုံးနှင့် အဆက်အသွယ် လုံးဝမရှိဘဲ ကျန်ရစ်သော နောက်ဆုံးနေရာတစ်ခု ဖြစ်သည်။ (Lost Footstep)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page