နှစ်ပေါင်းရာနဲ့ချီ ကြာတဲ့ အထိ လောင်စာဆီလုံးဝမဖြည့်ဘဲ မောင်းနိုင်တဲ့ကား (လုံးဝ ဖြည့်စရာမလိုပါဘူးတဲ့)
နှစ်ပေါင်း ရာနဲ့ချီကြာတဲ့အထိ လောင်စာဖြည့်စရာမလိုပဲ မောင်းနိုင်တဲ့ ကားတစ်စီးကို သိပ္ပံပညာရှင်တွေက တီထွင်လိုက်နိုင်ပါတယ်။ ကားရဲ့ နာမည်ကတော့ Thorium powered car လို့ အမည်ပေးထားပြီး Laser Power System (LPS) ကုမ္ပဏီကနေ ဖန်တီးထားတာလည်း ဖြစ်ပါတယ်။
ဒီကားရဲ့ထူးခြားချက်ကတော့ နှစ်ပေါင်း (၁၀၀) ကြာတဲ့အထိ လောင်စာဖြည့်စရာမလိုပဲ မောင်းနှင်နိုင်တာဖြစ်ပါတယ်။ ဒါပေမယ့် အခုလိုမျိုး ကားကိုမောင်းနှင်နိုင်ဖို့အတွက် လောင်စာအနေနဲ့ Thorium ဆိုတဲ့ လောင်စာကို လိုအပ်ပါတယ်။
Thorium ဆိုတာ ကမ္ဘာပေါ်က အထူထပ်ဆုံး သတ္ထုတစ်မျိုးဖြစ်ပြီး ရေဒီယိုသတ္တိကြွ ဒြပ်စင်တစ်မျိုးလည်း ဖြစ်ပါတယ်။ Thorium ဆိုတဲ့အမည်ကို ဒဏ္ဍာရီထဲက မိုးကြိုးနတ်ဘုရား Thor ရဲ့နာမည်ကိုယူပြီး ပေးထားတာပါ။
သေးငယ်တဲ့ Thorium အစိတ်အပိုင်းလေးတစ်ခုဟာ သူနဲ့ အရွယ်အစားတူတဲ့ ကျောက်မီးသွေးထက် စွမ်းအင် အဆပေါင်း သိန်းနှစ်ဆယ်ကျော်လောက် ထုတ်လုပ်နိုင်တယ်လို့ သိရပါတယ်။
Laser Power Systems ရဲ့ CEO ဖြစ်တဲ့ Charles Stevens ရဲ့ပြောကြားချက်အရ Thorium ဒြပ်စင် တစ်ဂရမ်ဟာ ဓာတ်ဆီလီတာပေါင်း ၂၈၀၀၀ လီတာကထုတ်တဲ့ စွမ်းအားနဲ့ ညီမျှတယ်လို့ ပြောပြထားပါတယ်။
နောက်ပြီး Thorium ဒြပ်စင်ရဲ့ ၈ ဂရမ်လောက်ကို သုံးလိုက်မယ်ဆိုရင် ကားတစ်စီးကို တစ်သက်စာနီးပါးလောက် လောင်စာဖြည့်စရာမလိုပဲ မောင်းနှင်နိုင်မှာ ဖြစ်တယ်လို့ ဆိုထားပါသေးတယ်။ ဒါပေမယ့်လည်း စျေးကွက်အနေအထားအရ Thoruim ဒြပ်စင်ဟာ လိုအပ်ချက်များစွာ ရှိနေတဲ့အတွက်ကြောင့် ယနေ့အချိန်အထိတော့ လောင်စာအဖြစ် အသုံးမပြုနိုင်သေးပါဘူး။
Stevens နဲ့ သူ့အဖွဲ့တွေကတော့ Thorium စွမ်းအင်ဟာ တစ်နေ့နေ့မှာ ကမ္ဘာကြီးကို အထောက်အကူ ပြုလာနိုင်တယ်လို့ ယုံကြည်လျက် ရှိနေပါသေးတယ်။ အခုဖော်ပြပေးထားတာကတော့ နှစ်ပေါင်း (၁၀၀) ကြာတဲ့အထိ လောင်စာမဖြည့်ပဲနဲ့မောင်းနိုင်တဲ့ ကားအကြောင်းကို ဗဟုသုတအနေနဲ့ ဖော်ပြပေးထားတာပဲဖြစ်ပါတယ်။