တက်တော့ နှစ်ဆ ပြန်ကျတော့ ကြက်သောက်ရေ ဖြစ်နေတဲ့ ဓာတ်ဆီနဲ့ မိုးထိတော့မယ့် ကုန်ဈေးနှုန်းများ
ပြီးခဲ့တဲ့ လလည်ပိုင်းကစလို့ ကမ္ဘာ့ရေနံဈေးနှုန်းတွေ တစစ ကျဆင်းလာတာကြောင့် ပြည်တွင်းက စက်သုံးဆီဈေးနှုန်းလည်း အနည်းငယ်ပြန်လည်ကျဆင်းလာတယ်လို့ ဆိုပါတယ်။
ယခင်က တစ်လီတာကို (၁၄၀၀)နီးပါးအထိ ရှိခဲ့တဲ့ စက်သုံးဆီဈေးနှုန်းက အခုလဆန်းမှာတော့ တစ်လီတာကို ကျပ် (၁၀၀) နီးပါး ပြန်လည်ကျဆင်းသွားတယ်လို့ သိရပါတယ်။
စက်သုံးဆီဈေးနှုန်းမြင့်တက်မှုကြောင့် အခြေခံ ကုန်ဈေးနှုန်းတွေလည်း မြင့်တက်ခဲ့ပါသေးတယ်။
စက်သုံးဆီတင်သွင်းသူတွေကတော့ ပြည်တွင်းစက်သုံးဆီဈေးနှုန်းက အခုလထဲမှာ ဆက်လက်ကျဆင်းလာဖို့ရှိနေပြီး တစ်လီတာကို ကျပ်(၁၁၀၀)နီးပါးအထိ ဖြစ်လာနိုင်ချေရှိတယ်လို့ သုံးသပ်ထားပါတယ်။
လက်ရှိမှာတော့ ပြည်တွင်းစက်သုံးဆီ ဈေးကွက်အတွင်းမှာ အောက်တိန်းတစ်လီတာကို (၁၂၅၀)ကျပ်နဲ့ ဒီဇယ်တစ်လီတာကို (၁၂၃၀)ကျပ်နဲ့ ရောင်းချနေတာကိုတွေ့ရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၃ ရက်တွင် ပြည်တွင်းစက်သုံးဆီစျေးနှုန်းမှာ ဒီဇယ်တလီတာလျှင် ၆၆၀ ကျပ်၊ ပရီမီယံဒီဇယ် တလီတာ ၆၇၀ ကျပ်၊ အောက်တိန်း 92 Ron တစ်လီတာ ၆၂၀ ကျပ်၊ အောက်တိန်း 95 Ron တစ်လီတာ ၇၅၀ ကျပ်သာရှိကြောင်း မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်း (MPTA) က ထုတ်ပြန်ထားသည့် စာရင်းများအရ သိရပါတယ်။
အဲဒါကြောင့် အာဏာသိမ်းခဲ့တဲ့ ၁၀ လအတွင်း ဓာတ်ဆီဈေးနှုန်း ၂ ဆ ကျော်တက်ခဲ့ပြီး ယခုမှ ကျပ် ၁၀၀ ကျော် ပြန်ကျခဲ့တာကြောင့် ဓာတ်ဆီ ဈေးနှုန်း အနည်းငယ်ကျဆင်းလာမှုဟာ ကုန်ဈေးနှုန်း ကျဆင်းမှုကို အကျိုးသက်ရောက်မှု ရှိမှာ မဟုတ်ဘူးလို့ ကျွမ်းကျင်ပညာရှင်များက သုံးသပ်နေကြပါတယ်။