“ကိုဗစ်အခါ အော်ဒါရှာ ကြွက်စားမလား စိန်ရောင်းမလား” (ကိုဗစ်ဒုက္ခလှိုင်းလုံးတွေရဲ့ ဆင်းရဲမှုဒဏ်)

ကိုဗစ်အခါ အော်ဒါရှာ ကြွက်စားမလား စိန်ရောင်းမလား။

ကိုဗစ်ကာလ အကျပ်အတည်းမှာ အလုပ်တွေ ပြုတ်ကြတယ်။ ပညာသင်နှစ်တွေ ကိုယ်စီ ​နှောင့်နှေးကြရတယ်။ စီးပွားရေးအခြေအနေက အဘက်ဘက်မှာ မလူးသာ မလွန့်သာအောင် ခက်ခဲနေသလို ကြားထဲ ငတ်လို့ပြတ်လို့ သေကုန်တဲ့သူတွေလည်း တပုံကြီး ဒုနဲ့ဒေး။ အပေါ်ယံ ကြည့်ရင်တော့ လူတိုင်းခက်ခဲနေတာပါပေါ့။

မီဒီယာပေါ်က လူပိန်းကြိုက် တစ်ရာဖိုး သုံးပုဒ်တန် တကွက်စာ ကာတွန်းတချို့က ခင်ဗျားတို့ကို လိမ်ညာကြမယ်။ ကျွန်တော်တို့ အကုန်လုံး ဆိုးဝါးလှတဲ့ ဒီသမုဒ္ဒရာ ကိုဗစ်လှိုင်းထဲ အတူတူ ရောက်နေရတာပါဆိုပြီး လစ်ဘရယ် ချွေးသိပ်ကြမယ်။

တကယ့်အမှန်တရားကို တည့်တည့် ရင်ဆိုင်လိုက်စမ်းပါ။ သမုဒ္ဒရာတခုတည်းမှာလို့ ဆိုပေမယ့် သက်ရောက်လာတဲ့ ဒုက္ခလှိုင်းလုံးတွေရဲ့ ဆင်းရဲမှုဒဏ်ကိုတော့ ဘယ်နားမှာမှ အတူတူ ထပ်တူညီမျှခံနေရတာမျိုး ရှိမနေဘူးဆိုတာ။

တချို့က နှစ်ထပ်ဇိမ်ခံလှေကြီးပေါ်မှာ၊ တချို့လူတွေက တပတ်နွမ်း သဗ္ဗန်လှေပေါ်မှာ။ တချို့ကတော့ သစ်သားဖောင်ငယ်လေးပေါ်မှာ။ လက်တဆုပ်စာ လူတချို့ ဇိမ်ခံရွှက်လှေကြီးပေါ်မှာ ဝိုင်နီတခွက်နဲ့ ဇိမ်ကျနေတဲ့အချိန် အချို့အလွှာက လူတန်းစားတွေမှာတော့ ရေစိမ့်နေတဲ့ ဝါးဖောင်အစုတ် ကျိုးတိုးကျဲတဲပေါ် မသေရုံတမယ် အလူးအလဲ။

ဒါကို ယုံဖို့ရာ ခက်နေသလား။ တချို့တွေ Live လွှင့်ပြီး သိန်းရာချီတန် စိန်ထည်တွေ အလုအယက် ရောင်းဝယ်နေနိုင်တဲ့အချိန် အောက်ခြေမှာ ထမင်းဖြူလေး တလုပ်တောင် ဝယ်စားဖို့ မတတ်နိုင်လို့ ဘဝပျက်ပြီး မရှိရှိတာ ချနင်းချရင်းနေရတဲ့ လူတန်းစားတွေဆိုတာ တကယ်ရှိတယ်။

ရန်ကုန်လိုမျိုး မြန်မာ့စီးပွားရေးမြို့တော်ကြီးရဲ့ လူဦးရေ အထူထပ်ဆုံး မြို့နယ်တွေထဲက တခုဖြစ်တဲ့ လှိုင်သာယာလို နေရာမှာတောင် ပြည်သူအချို့ စားစရာမရှိလို့ ကြွက်တွေ၊ မြွေတွေ ဖမ်းစားကုန်ကြရပြီ။

ကိုဗစ်ရဲ့ အဖိအထောင်း၊ ကျပ်တည်းတဲ့ လော့ဒေါင်းအောက်မှာ ငတ်လာကြတော့ တောင့်မခံနိုင်တဲ့အဆုံး ဆာတဲ့ဝမ်းကိုဖြည့်ဖို့ ညဘက် ရေမြောင်းတွေမှာ မရှိရှိတာ ရှာစားလာကြရပြီ။ ဒါတွေ ဘယ်သူ့အပြစ်တင်ရမလဲ။

တခါ ပထမလှိုင်း ဒုတိယလှိုင်းမှာ အထည်ချုပ်စက်ရုံ တော်တော်များများ ပိတ်ချကုန်လို့ တချို့ အမျိုးသမီးငယ်လေးတွေ တနေ့ ငါးထောင်နဲ့ အော်ဒါလိုက်စားနေရတဲ့ ပြည့်တန်ဆာဘဝ ရောက်ကုန်ကြရပြန်ရော။ ရွေးချယ်ခွင့်မရှိ။ ရှင်သန်ဖို့ရာ အရှက်ကို အသက်နဲ့ လဲပစ်လိုက်ရတာမျိုး ဘယ်လောက် ရင်နာဖို့ကောင်းလိုက်သလဲ။

လိင်လုပ်သားတွေက တရားမဝင်သေးတဲ့ အခြေအနေတခုမှာ အရှက်တရားနဲ့ သိက္ခာကို မျိုချပြီး လမ်းမပေါ် ထွက်လာကြရတဲ့ မိန်းမသားတွေရဲ့ အဖြစ်တွေကို မြင်ယောင်ကြည့်ဖူးလား။

ဒီထဲမှာ အိမ်လခ ပေးစရာမရှိတော့လို့ နှင်ချခံရဆဲဆဲ သားနှစ်ယောက်မိခင်တွေ ပါတယ်။ ကလေးငယ် နို့မှုန့်ဖိုး မပြတ်အောင် ဆိုက်ကား လည်ဆွဲ ထဘီ ဘာဆိုဘာမှ ပေါင်နှံစရာ မရှိတဲ့အဆုံး အမှောင်ထဲ ဇွတ်မှိတ်ထွက်ချလာရတဲ့ သူတွေပါတယ်။ သူတို့က တချိန် ဒီမြန်မာပြည် ရန်ကုန်မြေမှာ အေးရာအေးကြောင်း လုပ်ကိုင်စားသောက်နေခဲ့တဲ့ အထည်ချုပ်သမလေးတွေ။

အိမ်သူအိမ်သားတွေ တရက်ဖြစ်ဖြစ် ထပ်အသက်ဆက်နိုင်ဖို့ ဆက်ဆံဖော်က ပါးတွေနားတွေရိုက်ပြီး အနိုင်ကျင့်စော်ကားနေတာကို အံကြိတ်သည်းခံရင်း ထမင်းတလုပ်အတွက်နဲ့ ပြည့်တန်ဆာ ဖြစ်လာရတဲ့ အမျိုးသမီးငယ်တွေကို ခင်ဗျားတို့ မြင်ပြီးတဲ့အခါ ကိုဗစ်က ညီတူညီမျှ ရိုက်ခတ်နေတာပါလို့ ဆိုဦးမလား။

ဒါလေးကတော့ တဆက်လုံးကိုမှ ၅၀ လောက်ပဲ ရှိတာပါ ဒီဟာလေးဆိုရင် တစုံလုံးယူမှ ၈၀ စွန်းပဲရှိတာ ဟော ဟိုဘက်ကဟာက ၇၀ တည်းနော် ကဲပါ ၆၅ အရောင်းထား။ ဒီလက်ကောက်လေး ၁၅၀ ပဲရှိတယ် လျော့ပေးမယ်လေ။ ဒါ မုန့်ရောင်းနေတာ မဟုတ်ဘူးနော်။ စိန်ရောင်းနေတာဗျ။ စျေးညှိလိုက် စျေးခေါ်လိုက်နဲ့ ကိုဗစ်ကာလအကျပ်အတည်းကို ညီတူညီမျှ ကျော်လွှားနေကြတာ။

ဟိုပေါင်ဒီချေးနဲ့အဆုံးမှာ အိုးထဲဆန်တစေ့တောင် မရှိတော့လို့ တွားသွားသတ္တဝါနဲ့ အင်းဆက် မြွေ၊ ဖား၊ ကြွက် ဘာရရဆိုပြီး နောက်ဖေးတွေထဲ မြောင်းတွေထဲမှာ ရှာဖွေစားနေကြရတဲ့လူတွေ၊ အိမ်က လူမမယ်ကလေးနဲ့ လူမမာ အဖေအိုကြီး ငတ်မသေအောင် အမေပေးတဲ့ ခန္ဓာကိုယ်ကို မသီတဲ့အရပ်မှာ ချရင်းပြီး မနှစ်မြို့ပဲ လိင်လုပ်သား ဖြစ်လာရတဲ့ လူတွေနည်းတူ ခက်ခဲတဲ့ ဒီကိုဗစ်ကာလမှာ စိန်ထည်တွေရောင်းဝယ်ရင်း ကျော်ဖြတ်နေကြရတဲ့ လူတွေလည်း ရှိသေးတာ သိရရင် ခင်ဗျား အံ့သြနိုင်တော့မှာ မဟုတ်ဘူး။

ငတ်သေနေရတဲ့ ပြည်သူတွေ၊ ပျက်ကြွေနေရတဲ့ ဘဝတွေ။

ဒါတွေအတွက် ခုချိန်မှာ ဘယ်သူတွေ တာဝန်ရှိကြသလဲ။ ဘယ်သူတွေကော တာဝန်ခံကြပြီးပြီလဲ။ အရင်လို အရင်းရှင်စနစ်နဲ့ လူတန်းစားကွာဟမှုကို လက်ညိုးထိုးရင်း ပြီးသွားဦးမှာပဲလား။ ဘယ်သူတွေ အလူးအလှိမ့်ခံနေရပြီး ဘယ်သူတွေက မသိသလို မျက်ကွယ်ပြုထားတာလဲ။

လဲ ပေါင်းများစွာသော မေးခွန်းတွေရဲ့ အဆုံးမှာ တကယ်လည်း ကျွန်တော်တို့ အတူတူ သမုဒ္ဒရာတခုထဲမှာပါ ​လှေတစီးတည်း အတူတူ စီးနေကြတာ မဟုတ်ခဲ့ရုံလေးပေါ့။ (Aaron Chen)

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page