မြန်မာဘုရင်တွေရဲ့ သီဟာသနပလ္လင်တော်ကြီးရဲ့ ထူးခြားဆန်းပြားလှတဲ့ ဖြစ်ရပ်ဆန်းကြယ်များ

ပလ္လင်တော်ကြီးနှင့် ဖြစ်ရပ်ဆန်းများ၊ မြန်မာတို့ရဲ့ အချုပ်အခြာ အာဏာအဖြစ် သတ်မှတ်ထားရှိသော ရွှေနန်းတော်ကြီးများတွင် ပလ္လင်တော်ရှစ်ခန်းကိုထားရှိပါတယ်။ ပလ္လင်တော်ရှစ်ခန်းလို့ဆိုကြပေမယ့် သီဟာသနပလ္လင်တော်ကြီးကို ရွှေနန်းတော်ရှိ မြေနန်းပြဿဒ်တော်ကြီးတွင်တစ်ခု၊ နန်းတော်အပြင် သစ်တပ်ဝင်းအတွင်းမှာ ရှိနေတဲ့ နိုင်ငံတော်ရဲ့ အချုပ်အချာတစ်ခုဖြစ်သော လွှတ်တော်ကြီးတွင် သီဟာသနပလ္လင်တော် တစ်ခုဆိုပြီး ပလ္လင်တော်နှစ်ခုဖြစ်တဲ့အတွက် ကျန်ပလ္လင်တော်၇ခုနဲ့ပေါင်းလိုက်ရင် ပလ္လင်ဟာ ကိုးခုအတိဖြစ်ပါတယ်။

အဲ့ဒီပလ္လင်တော်တွေထဲက သီဟာသနပလ္လင်တော်ကြီးဟာ အခြားသော ပလ္လင်တော်ကြီးတို့ထက် ခမ်းနားစွာပြုလုပ်ရသည်သာမက အထူးထူးသော လောကီ အစီအရင်တို့ဖြင့် စီမံပြုဆောင်ထားပါတယ်။ ပလ္လင်တော်ကြီး၏ အောက်ဘက်ရှိ အခန်းငယ်အကွက်များအတွင်းတွင် ခြင်္သေ့ရုပ်ငယ်များထားရှိ၍ ခြင်င်္သေ့ရုပ်ခံသောပလ္လင်ဖြစ်သည့်အတွက် သီဟာသနပလ္လင်တော်ကြီးဟု ခေါ်ဆိုကြပါတယ်။

သီဟာသနပလ္လင်တော်ကြီးအတွင်းရှိ ပလ္လင်အပေါက်ငယ်များတွင် ခြင်္သေ့ရုပ် ၁၀၈ ခုအထိပါရှိနေပြီး အဲ့ဒီပလ္လင်တော်ကြီးရဲ့ရှေ့မှာ သူငယ်တော်ရုပ် ၈ရုပ် ကိုလဲ ပြုလုပ်ထားရှိပါတယ်။ သီဟာသနပလ္လင်တော်ရှိ ခြင်္သေ့ရုပ်တို့သည် တောသုံးတောင်ကိုအစိုးရတော်မူသော ကေသရာဇာ ခြင်္သေ့မင်း၏ ရင့်တည်ကြည်သော အသွင်ကိုကိုယ်စားပြု သကဲ့သို့ ပလ္လင်ပေါ်မှာ ထိုင်သော ပုဂ္ဂိုလ်ဟာလည်း ကေသရာဇာ ခြင်္သေ့မင်းကဲ့သို့ဖြစ်နေရမည်လို့ အယူရှိပြီး ထားရှိခဲ့ကြခြင်းဖြစ်ပါတယ်။

အလားတူ ထိုသီဟာသနပလ္လင်ရှေ့ရှိသူငယ်တော် ရုပ်များဟာလည်း တနေ့တခြား အသက်အရွယ်များကြီးလာကြမည်ကဲ့သို့ ပလ္လင်ပေါ်ရှိ ဘုရင်မင်းမြတ် ရဲ့ ဘုန်းတန်ခိုးကလည်း နေ့စဉ်နဲ့အမျှတိုးတက်နေရမည်လို့ယုံကြည်ထားကြပါတယ်။

မြေနန်းပြဿဒ်တော်ရှိ သီဟာသနပလ္လင်တော်သည် ဘုရင်မင်းမြတ် နှင့်မိဖုရားခေါင်ကြီး တို့အား မင်းညီမင်းသား၊ ဝန်ကြီး၊မှူးမတ်၊ ကလန်သံပျင်တို့မှ နှစ်သစ်ကူး၊ ဝါဝင်၊ ဝါကျွတ်ဟူသော တစ်နှစ်တာ၏ ကန်တော့ခြင်းသုံးရပ် ကို ပြုဆောင်ရာ၌ မင်းမိဖုရားနှစ်ပါးသည် ထိုသီဟာသနပလ္လင်တော်ကြီးပေါ်မှ အပူဇော် ခံယူခဲ့ကြသည်။

လွှတ်တော်ကြီးတွင် ထားရှိသော သီဟာသနပလ္လင်တော်ကြီးကိုမူ ဘုရင်မင်းမြတ် လွှတ်တော်သို့ သွားရောက် တရားစီရင်သည့် အခါတွင်သာ အသုံးပြုခဲ့သည်။ သို့ရာတွင် မင်းတုန်းမင်းကြီးလက်ထက်၌ ထိုလွှတ်တော်ရှိ ပလ္လင်ကြီးပေါ်သို့ အများအားဖြင့် တက်ရောက်၍ တရားစီရင်ခြင်း မပြုလုပ်ခဲ့ဘဲ အိမ်ရှေ့မင်းသား လွှဲအပ်ကာ မိမိကိုယ်စား စီရင်စေသည်။ အိမ်ရှေ့မင်းမှာမူ တရားစီရင်ရာ၌ သီဟာသနပလ္လင်တော်ပေါ်သို့ တက်ရောက်ခြင်း မပြုရဘဲ ထိုသီဟာသနပလ္လင်တော်အား လက်တော်နှင့် သုံးသပ်ရုံသာ သုံးသပ်ရပြီး ထိုပလ္လင်ရှေ့ရှိ မိမိနေရာ သလွန်ပေါ်တွင်သာ ဘုရင့်ကိုယ်စား တရားစီရင်ရသည်။

သို့သော် သီပေါမင်းလက်ထက်တွင်မူ သီပေါမင်းနှင့် မိဖုရားခေါင်ကြီးစုဖုရားလတ်တို့သည် လွှတ်တော်ရှိ သီဟာသနပလ္လင်တော်ကြီးပေါ်သို့ တက်ရောက်ကာ နှစ်ပါးစက်ယှဉ်၍ တရားစီရင်ခဲ့ကြဖူးသည်။ ထိုကဲ့သို့ ဆန်းပြားသော လောကီအစီအရင်တိုဖြင့် ပြုလုပ်အပ်သော ရှေးခေတ် ပဒေသရာဇ် နိုင်ငံတော်၏ အချုပ်အချာ ထိုပလ္လင်တော်ကြီးများသည် လူသာမန်တို့နှင့်မအပ်စပ်သည်သာမက သာမန်ဘုန်းကံရှိရုံမျှဖြင့်ပင် ထိုအပေါ်သို့တက်ရောက်ရန် မဖြစ်နိုင်ကြပေ။

မင်းတုန်းမင်းကြီးလက်ထက်တွင် အလယ်နန်းမိဖုရားကြီးဖြစ်သော ဆင်ဖြူမရှင်မိဖုရားကြီးသည် ထိုသီဟာသနရာဇာပလ္လင်တော်ပေါ်သို့တက်ရောက်ကာ မိဖုရားခေါင်ကြီးအဖြစ်ဖြင့် ဘိတ်သိတ်ခံယူပြီး လူအပေါင်း၏အပူဇော်ကို ခံယူလိုသော်လည်း သူ့ကျွန်ဘဝရောက်၍ မိဖုရားကြီး နန်းမှကျခဲ့ရသည့်အချိန်တိုင်အောင် ထိုပလ္လင်ကြီးပေါ်သို့မတက်ခဲ့ရပေ။

အကြောင်းမှာ ဆင်ဖြူမရှင် မိဖုရားကြီးငယ်ရွယ်စဉ် ကလေးဘဝက ထိုပလ္လင်ကြီးပေါ်သို့ ခမည်းတော်မယ်တော်တို့နဲ့အတူ တက်ရောက်ခဲ့ဖူးရာ ထိုအချိန်က ဘာမျှမသိနားမလည်ရှာသေးသော ကလေးငယ်၏ ဘုန်းကံသည် ထိုပလ္လင်ကြီး၏ အစီအရင်တို့နှင့်ခိုက်ကာ နောင်တချိန် အခြေအနေအခါအခွင့်တို့ အလီလီရခဲ့သော်ငြား မတက်ရောက်နိုင်ခဲ့ရခြင်းပင်ဖြစ် လေသလောဟု ယူဆမိပါသည်။(စာရေးသူ၏ထင်မြင်ချက်)

ထိုသို့ လောကီအစီအရင်တို့ဖြင်ပြုအပ်သော ပလ္လင်တော်ကြီးများကို မဆိုထားနှင့် ပလ္လင်တော်၏ ရှေ့ဘက်ရှိ သူငယ်တော်ရုပ်များကို ပင်လျှင် မထီမဲ့မြင် မလေးမစားမလုပ်ရပေ။ မင်းတုန်းမင်းကြီးလက်ထက် တွင် ကြေးမြင့်မိဖုရားကြီး၏ တစ်ဦးတည်းသော သားတော်ငယ်ပျဉ်းမနားမင်းသားသည် ငယ်ရွယ်စဉ်ကလေးဘဝ၌ မြေနန်းပြဿဒ်တော်ရှိ သီဟာသနပလ္လင်တော်၏ ရှေ့ဘက်တွင်ရှိသော သူငယ်တော်ရုပ်ကလေးများအား ခေါင်းကိုပုတ်ကာ ဗုံတီးသလို ဆော့ကစားခဲ့ပါတယ်။

အဲ့ဒီညမှာပဲ ပျဥ်းမနားမင်းသားငယ်ဟာ အပြင်းဖျားလို့ ဦးခေါင်းများကိုက်ခဲသော ဝေဒနာကို ခံစားခဲ့ရရာ မယ်တော်မိဖုရားကြီးမှ အကြောင်းအရင်းများကို သားတော်ငယ်အား မေးသောအခါ နေ့ခင်းဘက်၌ကစားခဲ့သော အကြောင်းအရင်းကိုသိရှိရသည်။ ထိုကြောင့် မယ်တော်မိဖုရားကြီးသည် ညတွင်းချင်းပင် သူငယ်တော်ရုပ်များအား ကန်တော့ပွဲနှင့်သွားရောက်ကာ တောင်းပန်ခဲ့မှ သားတော်ငယ်၏ ဝေဒနာမှာသက်သာခဲ့ရသည်။

မြန်မာ့ထီးနန်းပျက်သုဥ်းပြီးတဲ့နောက် ကိုလိုနီခေတ်ရောက်တဲ့အခါမှာ ထိုပလ္လင်တော်ကြီးများဟာ နိုင်ငံခြားသားတို့၏ မထီမဲ့မြင်ပြုမှုတွေကိုခံရလို့ ရွှေမှန်ကင်း အစစ်မှသည် ထင်း အမှိုက်ဘဝရောက်ခဲ့ရပါတယ်။ သို့သော်ငြားလည်း ထိုပလ္လင်တော်ကြီးများကို ပြုလုပ်စဉ်ကထားရှိခဲ့တဲ့ လောကီအစီအရင်တို့ဟာ တိုင်းတပါးသားတို့အပေါ် မထိရောက်နိုင်ခဲ့တော့ပေမယ့် ကိုယ့်လူမျိုးအပေါ်မှာတော့ ထိုအစီအရင်တို့ဟာ ထိရောက်ဆဲပဲရှိနေကြပါသေးတယ်။

တခါသော် ဆရာကြီးဇေယျ၏ အစ်ကိုတစ်ယောက်သည် အင်္ဂလိပ် သစ်ကုမ္ပဏီတစ်ခုတွင် အမှုထမ်းခဲ့ရာမှ မတ္တရာမြို့တွင်တာဝန်ကျခဲ့သည်။ ထိုမှ မန္တလေးမြို့ သို့ သွားရောက်လည်ပတ်နေထိုင်သည့်အခိုက် နေ့ခင်းဘက်အိပ်စက်ရာတွင် မန္တလေးမြို့ ၏အပူဒဏ်ကိုမခံနိုင်၍ နန်းတွင်းမြေနန်းပြဿဒ်တော်ရှိ သီဟာသနပလ္လင်ကြီးပေါ်သို့ နေ့စဉ်ရက်ဆက် ၃ရက်ခန့်မျှ သွားရောက်အိပ်စက်မိသည်။ ထိုသို့ ၃ရက်ခန့်မျှအိပ်စက်မိပြီး မကြာမြင့်မီမှာပင် ပြင်းထန်သော ဝမ်းလျှောရောဂါခံစားခဲ့ရပါတယ်။

ထိုဝေဒနာအား မည်သည့်ဆရာဝန်မျှ မကုသနိုင်ပဲ လက်လျှော့ရတော့မည့် အခြေတွင်ရှိရာ မြန်မာဆေးသမားတော်ကြီးတစ်ဦးနှင့် ခေါ်ယူကုသစေပြန်ရာ ထိုဆရာကြီးမှ ဤကိစ္စ ဝိသေသထူး၍ ပုံမှန်မဟုတ်သော အကြောင်းတို့အား ပြုလုပ်ခဲ့သလားဆိုတာကို လူမမာအားမေးမြန်းခဲ့သည်။ ထိုအခါ လူမမာမှ မိမိ နန်းတော်တွင်းရှိ ပလ္လင်တော်ပေါ်သို့ သွားရောက်အိပ်စက်မိသည့် အပြုအမှုတို့ကို စိတ်တွင်မသိုးမသန့်ခံစားမိကြောင်း ပြောကြားရာ ထိုပလ္လင်တော်ကြီးသို့သွားရောက်ကန်တော့တောင်းပန်ရန် အကြံပြု တိုက်တွန်း ခဲ့သည်။ စိတ်တွင်အယုံအကြည်မရှိသော်လည်း တိုက်တွန်းသူ ဆရာသမား၏ စကားကို မလေးစားမပြုချင်၍ သွားရောက်တောင်းပန်ခဲ့ရာ ထိုနေ့မှ ၃ရက်လွန်မြောက်သည့်နေ့တွင် ထိုခံစားနေရသော ဝေဒနာမှ ပကတိ သက်သာလွတ်ကင်းခဲ့ရဖူးသည်။

ထိုမြေနန်းပြဿဒ်တော်ရှိ ပလ္လင်တော်ကြီး၏ နိဂုံးကမ္ပတ်အဆုံးသတ်မှာ ဒုတိယကမ္ဘာစစ်အတွင်း မဟာမိတ်တို့၏ ဗုံးဒဏ်ကို မခံနိုင်ရှာ၍ အခြားသော နန်းတော်အစိတ်အပိုင်းများနည်းတူ ပြာပုံအတိပင်ဖြစ်ခဲ့ရသည်။ နန်းပြင်သစ်တပ်ဝင်းအတွင်းရှိ လွှတ်တော်ကြီးတွင်ထားရှိသော သီဟာသနပလ္လင်တော်မှာမူ အင်္ဂလိပ် တို့မှ အိန္ဒိယနိုင်ငံကာလကတ္တားမြို့သို့ ပို့ဆောင်ထားခဲ့၍ ထိုဒုတိယကမ္ဘာစစ်၏ ဗုံးဒဏ်မှ လွတ်ကင်းခဲ့ရပြီး မြန်မာနိုင်ငံလွတ်လပ်ရေးရရှိသော ၁၉၄၈ခုနှစ်တွင် အင်္ဂလိပ် တို့မှ မြန်မာနိုင်ငံသို့ပြန်လည်ပေးအပ်ခဲ့ရာ ယခုအခါ ရန်ကုန်အမျိုးသားပြတိုက်တွင်ပြသထားရှိသည်။ (ထည့်သွင်းထားသည့်ပုံမှာ ဗုံးဒဏ်ကြောင့် ပြာပုံဘဝရောက်သွားခဲ့ရသော မြေနန်းတော်ရှိ သီဟာသနပလ္လင်တော်ကြီးပင်ဖြစ်သည်)

ကိုးကား – ကုန်းဘောင်အလွန် မောင်သန်းဆွေ (ထားဝယ်)၊ လောကစာဥယျာဉ် ၂၊ ဇေယျ မင်းနန်သူ

Leave a Reply

Your email address will not be published.

x

You cannot copy content of this page