ရန်ကုန်မြို့မှာ တနေ့တည်း ငွေစက္ကူအတု သိန်း (၉၀) ကျော်ဖိုး ဖမ်းမိ (အတုတွေ လာပြန်ပြီ)

ရန်ကုန်မြို့မှာ တရက်တည်း ငွေစက္ကူအတု သိန်း (၉၀) ကျော်ဖိုး ဖမ်းမိခဲ့တဲ့ ဖြစ်စဉ်တွေကို ဖော်ပြပေးလိုက်ပါတယ်။

ဒဂုံဆိပ်ကမ်းမြို့နယ်မှာ မနေ့ မေလ ၂၄ရက် ညနေပိုင်းက အမျိုးသားတဦးဆီကနေ ၁သောင်းတန်နဲ့၅ထောင်တန် ငွေစက္ကူအတုတွေ ဖမ်းဆီးရမိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ ၆၇ ရပ်ကွက်၊ ဒုဌဝတီလမ်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီးမှာ မေလ ၂၄ရက် ညနေ ၅နာရီခွဲက စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေက ဆိုက်ကားတစ်စီးကို ရှာဖွေစစ်ဆေးရာကနေ ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ ရပ်ကွက်နေသူတဦးကပြောပါတယ်။

“ဆိုက်ကားစီးလာတဲ့ လူသုံးဦးကို စစ်ဆေးတာ နှစ်ဦးက ထွက်ပြေးသွားတယ်၊ တစ်ဦးကို ငွေစက္ကူတွေနဲ့မိတယ်”လို့ သူကပြောပါတယ်။ ဖမ်းဆီးရမိသူဟာ လှိုင်သာယာအရှေ့ပိုင်းမြို့နယ်မှာနေထိုင်တဲ့ မင်းမင်း (ခေါ်) မင်းခန့်ဖြစ်ပြီး သူကိုင်ဆောင်ထားတဲ့ ကြွပ်ကြွပ်အိတ်အတွင်းက ၁သောင်းတန်စက္ကူအတု ၁၈၇ရွက်၊ ၅ထောင်တန်ငွေစက္ကူအတု ၆၃၉ ရွက်သိမ်းဆည်းရမိခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ပြောပါတယ်။

“သူနဲ့နောက်ထပ်ကွင်းဆက်တွေမိဖို့ ရဲတပ်ဖွဲ့ကလိုက်နေပါတယ်၊ သူကိုတော့ အမှုဖွင့်ပြီး စစ်ဆေးနေပါတယ်”လို့ သူပြောပါတယ်။

နောက်ထပ် ဖြစ်စဉ်တခုကတော့ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ (၁၂) ရပ်ကွက်၊ စက်မှုဒေသလမ်းရှိမင်းသမီးတည်းခိုခန်းတွင် ငွေစက္ကူအတုပြုလုပ်သူလေးဦးကို မေလ ၂၅ရက်နေ့ မွန်းတည့်ချိန်ကဖမ်းဆီးရမိခဲ့ ကြောင်းသိရပါတယ်။

မသင်္ကာဖွယ်လူများ မင်းသမီးတည်းခိုခန်းတွင်တည်းခိုနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ စစ်ဆေးခဲ့ရာ အခန်းအမှတ် (၂၀၆) နှင့် (၂၀၇) တွင်တည်းခိုနေသော ခန့်ဇော်၊ သန့်ဇင်လင်း၊ရဲရင့် နှင့် စိုးမိုးကျော်တို့ကို ငွေစက္ကူတစ်သောင်းတန်အတု (၁၄၀) ရွက်၊ ငါးထောင်တန်ငွေစက္ကူအတု (၁၀) ရွက်၊ တစ်ရွက်လျှင် တစ်သောင်းကျပ်တန် ငွေစက္ကူအတုသုံးရွက်ရိုက်ထားသည့် A4 စာရွက် (၈၀)၊တစ်ရွက်လျှင် ကျပ်တစ်ထောင်တန်သုံးရွက်ရိုက်ထားသည့် A4 စာရွက် (၅၂) ရွက်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်းသိရပါတယ်။

ရန်ကုန်မှာ မေလအတွင်း ငွေစက္ကူ အတု ဖမ်းမိမှု (၄) ကြိမ်ရှိပြီး ရွှေပြည်သာမြို့နယ်မှာ မေလ ၆ ရက်က ဝေ့မန်းနီး ဆိုင်ကို ငွေကျပ်တစ်သောင်းတန်အတုအရွက် ၃၀နဲ့ ငွေလာဖြည့်တဲ့ ကိုနိူင်ထက်ဦး ဆိုသူကို ဖမ်းဆီးရမိခဲ့တာလည်း ရှိပါတယ်။

အလားတူ မေလ ၅ ရက်က မရမ်းကုန်းမြို့နယ်၊ ၂ရပ်ကွက်၊ ဗဟိုလမ်းက ဆေးဆိုင်တဆိုင်မှာ ဝေ့မန်းနီးကို ၅ထောင်ငွေစက္ကူအတု ၁၀၂ ရွက်နဲ့ ငွေလာလွဲတဲ့ ထွန်းနိူင်ဆွေ ဆိုသူကို ဖမ်းဆီးရမိတဲ့ဖြစ်စဉ်လည်း ရှိခဲ့ပါတယ်။

လက်ရှိအချိန်မှာ ငွေစက္ကူအတုဂိုဏ်းတွေအနေနဲ့ ပြန်လည် ခေါင်းထောင်လာတာကို တွေ့ရပါတယ်။ အွန်လိုင်းပေါ်မှာတင် ငွေစက္ကူ အတုအစစ် အရောင်းအဝယ်ဖြစ်နေကြတယ်လို့ သိရပါတယ်။ စကစအနေနဲ့ ငွေတုတွေကို ထိန်းချုပ်နိုင်တယ်လို့ ပြောပေမယ့်လည်း ပြင်ပမှာတော့ အလုံးအရင်းနဲ့ အများအပြား တွေ့နေရပါတယ်။ ပြည်သူတွေ လက်ထဲမှာ အတုတွေ ဘယ်လောက်ထိတောင် ပျံ့နှံ့နေပြီလည်းဆိုတာ မခန့်မှန်းနိုင်လောက်တဲ့ အနေအထား ရောက်နေပြီလို့ ဆိုနိုင်ပါတယ်။ လက်ရှိဖမ်းမိတဲ့ ပမာဏကလည်း ငွေတုဂိုဏ်းတွေရဲ့ အစွန်အဖျားလောက် ဖြစ်နိုင်ပြီး နောက်ကွယ်မှာ အကြီးအကျယ်လုပ်နေတဲ့သူတွေကတော့ လွတ်မြောက်နေဆဲ့ပါပဲ။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page