ကြံ့ခိုင်ရေးပါတီကလည်း “ငြိမ်းချမ်းပါတော့ မြန်မာပြည်” ဆိုတဲ့ ဝါဒဖြန့် ဇာတ်လမ်းတို ရိုက်ကူး

စကစရဲ့ တဖက်လှည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ကြိုဆိုထောက်ခံကြောင်း ဝါဒဖြန့် ရိုက်ကူးထားတဲ့ “ငြိမ်းချမ်းပါတော့ မြန်မာပြည်” ဆိုတဲ့ ဗွီဒီယိုကို ကြံ့ခိုင်ရေးပါတီက ရိုက်ကူးထုတ်လွှင့်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီဇာတ်လမ်းတိုကို USDP ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က သူ့ရဲ့လူမှုကွန်ရက်ပေါ်ကတဆင့် ဖြန့်ဝေထားတာ ဖြစ်ပါတယ်။

ဒီဇာတ်လမ်းတိုထဲမှာ စကစ ဥက္ကဌ အာဏာသိမ်း ခေါင်းဆောင် မင်းအောင်လှိုင်ဖိတ်ခေါ်ထားတဲ့ တဖက်လှည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ထောက်ခံကြိုဆိုကြောင်း လူငယ်တွေက ဝိုင်းဝန်းဆွေးနွေးတဲ့ပုံစံ ရိုက်ကူးထားတာဖြစ်ပြီး ကြံ့ခိုင်ရေးပါတီ ရဲ့ လူငယ်ပါတီဝင်တွေက စုပေါင်းပြီး ရိုက်ကူးတင်ဆက်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ဒါရိုက်တာ ဏကြီး ရိုက်ကူးခဲ့ပြီး ထုတ်လွှင့်ခဲ့တဲ့ နိုင်ငံပျောက်သူ ဇာတ်လမ်းတိုဟာ ယူကျူပေါ်မှာ ကြည့်ရှုသူ နှစ်သန်းနီးပါးခန့်ရှိခဲ့တယ်လို့ သိရပြီး အခုအခါမှာတော့ ကြံ့ခိုင်ရေးပါတီကလည်း ဇာတ်လမ်းတို ရိုက်ကူးခဲ့တာဖြစ်ပါတယ်။

စကစရဲ့ အဓိက ဝါဒဖြန့် မီဒီယာများ လူရာမဝင်ဖြစ်နေတဲ့ အချိန်မှာ တဖက်လှည့်နဲ့ ပါတီနာမည်တပ်ပြီး ဝါဒဖြန့် ထုတ်လွှင့်နေတာ ဖြစ်ပါတယ်။ အဆိုပါ ဗီဒီယိုဖိုင်ကိုလည်း ပြည်သူများက ရီပို့ ဝိုင်းပေးလျက်ရှိပြီး မကြာမီ အချိန်အတွင်းမှာ ပြုတ်ကျသွားနိုင်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page