၂၀၀၅ ခုနှစ် အခြေအနေကို ပြန်ရောက်တော့မယ့် မြန်မာပြည်နဲ့ ဒုက္ခဆင်းရဲတွင်း ပိုနက်သွားမယ့် ပြည်သူများ
မြန်မာနိုင်ငံသည် ၂၀ရာစုကိုဆုံးရှုံးသွားသည့်ရာစုနှစ်အဖြင့် ဖြတ်သန်းခဲ့ရသည်။ Lost Century ဟုဆိုနိုင်သည်။
အိမ်နီးချင်းနိုင်ငံတွေ ဖြစ်သည့် ထိုင်း၊မလေး၊စင်ကာပူတို့ ဖွံ့ဖြိုးတိုးတက်မှု လျင်မြန်စွာ ဖြစ်ထွန်းနေသည့် အချိန် မြန်မာနိုင်ငံသည် ဆင်းရဲမွဲတေမှုနှင့် ပြည်တွင်းစစ်ကြား ဗျာများခဲ့ရသည်။
သုံးသပ်ရလျှင်တော့ ဒုတိယကမ္ဘာစစ်အပြီး တောက်လောင်ခဲ့သည့် ပြည်တွင်းစစ်နှင့် အာဏာရအစိုးရ၏ မူဝါဒအမှားများကြောင့် (နိုင်ငံရေးသမားများ ကြောင့်လည်းပါ) လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာလည်း စစ်မဖြစ်မီအခြေအနေ ပြန်မရောက်နိုင်ခဲ့ချေ။
၁၉၆၂ခု နှစ်စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ နိုင်ငံသည်နာလန်မထူနိုင်ဖြစ်ခဲ့ရသည်။ ၂၁ ရာစုမှာတော့ ဆယ်စုနှစ်တစ်ခုအပြီး နိုင်ငံရေးစနစ်လေး အနည်းငယ်ပြောင်းလာလို့ ပြည်သူအားလုံး ဆင်းရဲ တွင်းကလွတ်မြောက်တော့မည်ဟု ယူဆခဲ့သည်။
ထိုမျှော်လင့်ချက်များသည် ဖေဖေါ်ဝါရီလ၁ရက်နေ့နောက်ပိုင်း ပျောက်ကွယ်သွားပြီး ယမန်နေ့ကထုတ်ပြန်သည့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (ယူအန်ဒီပီ)၏ “Impact of Twin Crises on Human Welfare in Myanmar” အစီရင်ခံစာအရ ဆင်းရဲမှုသည် ၂၀၁၇ခုနှစ်ကထက်၂ဆတိုးပြီး လူဦးရေ၏ ၄၆ % ကျော်သည် ၂၀၂၂ ခုနှစ်အစောပိုင်းမှာ ဆင်းရဲတွင်းထဲ ရောက်ရှိသွားတော့မည်ဟု ဆိုသည်။
ထိုအစီရင်ခံစာမှာ အဓိကထောက်ပြသွားသည့် အချက်များကတော့ အောက်ပါအတိုင်း ဖြစ်ပါသည်-
(၁) ဆင်းရဲမှုနှုန်းသည် ၂၀၀၅ ခုနှစ် အခြေအနေကို မကြာခင် ပြန်လည်ရောက်ရှိသွားမည် (၄၆%ကျော်)။ ကိုဗစ်-၁၉ ကပ်ဘေးမဖြစ်ခင် ရရှိခဲ့သည့် ဖွံ့ဖြိုးတိုးတက်မှုများ ဆုံးရှုံးသွားပြီ ဖြစ်သည်။ အဓိကအကြောင်းရင်းက စစ်အာ ဏာသိမ်းမှုကြောင့်လို့ တင်ပြထားသည်။
(၂) ဆင်းရဲမှုနှုန်း များလာရုံတင်မကဘဲ ပိုဆိုးဝါးသည့် ဆင်းရဲတွင်းနက်ထဲ ဆင်းသက်ရမည့်ရာခိုင်နှုန်း (extreme poverty) သည်လည်း များပြားလာမည်။
(၃) ကလေး ၅၀% သည် ဆင်းရဲမွဲတေမှုအောက် ကျဆင်းသွားမည်ဖြစ်ပြီး အကျိုးဆက်များကတော့ အဟာရချို့တဲ့မှု၊ ပညာရေး၊ ကျန်းမာရေးအခြေအနေများ နိမ့်ဆင်းသွားရခြင်းဖြစ်ပြီး ထိုမှတဆင့် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို များစွာ အဟန့်အတားဖြစ်သွားမည် ဖြစ်သည်။
(၄) ဆင်းရဲတွင်းထဲ ယခုမှကျဆင်းသွားသူများကို ပြန်လည်ကယ်ထုတ်ရန် ကိုဗစ်-၁၉ကပ်ဘေးမတိုင်ခင် ဂျီဒီပီ၏ ၄.၅%သုံးစွဲရန် လိုအပ်သည်ဟု ရေးသားထားသည်။ ငွေပမာဏအားဖြင့် အမေရိကန်ဒေါ်လာ၃.၅ဘီလီယံကုန်ကျ မည်ဟုတင်ပြထားသည်။
ကိုဗစ်-၁၉ ကပ်ဘေးတုန့်ပြန်မှု အစီအစဉ် (စီအီးအာပီ) က ဂျီဒီပီ၏ ၁% အမေရိကန်ဒေါ် လာ၁ဘီလီယံခန့် သုံးစွဲခဲ့သည်ဟု ကမ္ဘာ့ဘဏ်အစီရင်ခံစာမှာ ဆိုထားသည်။
(၅) ရန်ကုန်တိုင်းဒေသကြီး တစ်ခုတည်းအတွက် ဆင်းရဲမှုနှုန်းကို လျှော့ချနိုင်ရန် အနည်းဆုံး အမေရိကန်ဒေါ်လာ သန်း ၅၀၀ သုံးစွဲရမည်ဟု ဆိုထားသည်။
Khine Win