ခရစ်စမတ်နေ့ စတင် ပေါ်ပေါက်လာပုံ သမိုင်းကြောင်း (လူတွေ သိပ်မသိကြသေးပါဘူး)
စနေနေ့ဆို ခရစ်စမတ်နေ့ကို ရောက်ပြီ။ ခရစ်စမတ်ဟာ ခရစ်ယာန်ဘာသာရေးနဲ့ ဘယ်လောက်ပတ်သက်နေသလဲ။ ခရစ်စမတ်ဘယ်က စသလဲ။ သခင်ယေရှုက ခရစ်စမတ်နေ့မှာ မွေးသလား။
ခရစ်စမတ်နေ့နဲ့ သခင်ယေရှုမွေးနေ့နဲ့ ဘာမှမဆိုင်ပါ။ ခရစ်ယာန်သာသနာပေါ်ထွန်းလာကာစမှာ သခင်ယေရှုမွေးနေ့ကို မကျင်းပခဲ့ဘူး။ သမ္မာကျမ်းစာထဲမှာလဲ သခင်ယေရှုဘယ်နေ့မှာ ဖွားမြင်ခဲ့တယ်ဆိုတာ မဖော်ပြထားဘူး။ သမိုင်းကြောင်းအရ နီးနီးစပ်စပ်ဆိုရင် သခင်ယေရှုဖွားမြင်တာ နွေရာသီဖြစ်နိုင်တယ်။ ဆောင်းတွင်းနဲ့ ဘာမှမဆိုင်ဘူး။
ဘာသာရေးအထောက်အထားအရ သခင်ယေရှုဖွားမြင်တာကို လုံး၀မဖော်ပြထားတာကြောင့် တချို့ခရစ်ယာန်ဂိုဏ်းတွေက ခရစ်စမတ်ဆင်နွှဲတာကို ဆန့်ကျင်ကြတယ်။ ၁၇ရာစုမှာ အင်္ဂလန်ကို အိုလီဗာခရွန်းမ်ဝဲလ်သိမ်းပိုက်ထားတုန်းက ခရစ်စမတ်ကိုဆင်နွှဲခွင့်မရှိခဲ့ဘူး။ ပျုရီတန်လို့ခေါ်တဲ့ သမ္မာကျမ်းစာနောက်ကို ထပ်ချပ်မကွာလိုက်တဲ့ အယူအဆအရတော့ ခရစ်စမတ်ဆင်နွှဲတာဟာ ခရစ်ယာန်အယူအဆနဲ့ မသက်ဆိုင်ဘဲ လူလုပ်အယူအဆတခု ဖြစ်နေတယ်။
ဥရောပမှာ ခရစ်ယာန်သာသနာ မထွန်းကားခင်တုန်းက မိရိုးဖလာနတ်ကိုးကွယ်တဲ့ အယူအဆတွေရှိခဲ့တယ်။ ခရစ်ယာန်ဘာသာရေးရဲ့ အင်မတန်အရေးကြီးတဲ့မြို့ဖြစ်လာမယ့် ရောမမှာ ဆက်ထရွန် Saturn ဆိုတဲ့ စိုက်ပျိုးရေးနဲ့ဆိုင်တဲ့နတ်မင်းကြီးကို ဆောင်းတွင်းမှာ ပူဇော်ပွဲကျင်းပကြတယ်။ စားကြ၊ သောက်ကြ၊ အလုပ်တွေ နားကြ။ အဲသည့်အချိန်က winter solstice လို့ခေါ်တဲ့ ဖြစ်စဉ်နဲ့လဲ တိုက်ဆိုင်တယ်။ အ
ဖြစ်စဉ်ပြီးရင် နေ့တာပြန်ရှည်လာတယ်။ နေရောင်ပိုမြင်ရတယ်။ ညတာပိုတိုလာတယ်။ ဒါကို ဥရောပ တိုက်သားတွေက ဝမ်းသာအားရကြိုဆိုကြတယ်။ ရောမမှာရှိတဲ့ အထက်တန်းစားလူကုံထံတွေက ဒီဇင်ဘာလကုန်လောက်မှာ၊ ဒီဇင်ဘာ ၂၅ရက်လို့ ဂရီဂိုရီယာန်ပြက္ခဒိန်အရ ယူဆလို့ရတဲ့နေ့မှာ နေနတ်သား Mithra ကို ပူဇော်ကြတယ်။ သူတို့အယူအဆအရ နေနတ်သားဆိုတာ ကလေးနတ်။ ကျောက်တုံးကနေ ဖွားမြင်တဲ့နတ်။
ခရစ်ယာန်ဘာသာက ရောမမှာ တဖြည်းဖြည်း ထွန်းကားလာတယ်။ ရှေးဟောင်းအယူအဆတွေကလဲ မပျောက်ကွယ်သေးဘူး။ အဲသည့်အချိန်မှာ ခရစ်နှစ် ၃၃၀ ကျော်လောက်မှာ ပုပ်ရဟန်းမင်းကြီး ဖြစ်လာတဲ့ ပထမမြောက် ဂျူးလီးယပ်စ် Pope Julius I ဆိုတဲ့ ဘုန်းတော်ကြီးက ဒီဇင်ဘာလရဲ့ အရေးပါတဲ့ အနေအထားတွေကို ဆက်စပ်ယူပြီး သခင်ယေရှုရဲ့ မွေးနေ့အနေနဲ့ ခရစ်စမတ်နေ့ကို သတ်မှတ်ပြီး ကျင်းပမယ်လို့ ဆုံးဖြတ်ခဲ့တယ်။
အားကြီးတဲ့ ကိုယ့်ထက်ရှေးကျတဲ့ ထုံးတမ်းစဉ်လာ အယူအဆ တခုကို ကိုယ့်ဘာသာထဲ ထည့်ပေါင်းပစ်လိုက်တာ အင်မတန်အကင်းပါးတဲ့ ဆုံးဖြတ်ချက်ပါ။ ဗုဒ္ဓဘာသာမှာလဲ ဟိန္ဒူအယူအဆတွေ အတော်ပါတယ်။ သိကြားမင်းတို့၊ ရာမမင်းသားတို့ဆိုတာ ဟိန္ဒူအယူအဆရဲ့ နာမည်ကြီး နတ်ဘုရားတွေ။ အစ္စလာမ်မှာလဲ သူ့ရှေးက ဂျုးဘာသာရေးရဲ့ အယူအဆတွေကို ကိုယ့်ထဲထည့်ပြီး ပေါင်းစပ်ထားတယ်။ အစ္စလာမ်ရဲ့ ဟလာလ်နဲ့ ဂျုးတွေရဲ့ ခိုရှာဆိုတာ မကွာမရာဘဲ။
ခရစ်ယာန်ဘာသာ စတင်လာတဲ့အချိန်ကနေ နောက်အနှစ် ၃၀၀ လောက်အတွင်းမှာ ခရစ်စမတ်ဆိုတာ မရှိခဲ့ဘူး။ ခရစ်စမတ်ကို သခင်ယေရှုဖွားမြင်တဲ့နေ့လို့ သတ်မှတ်ပြီး ဆင်နွှဲရမယ်ဆိုတဲ့ ပုပ်ရဟန်းမင်းကြီး ပထမမြောက်ဂျုးလီယပ်စ်က သမိုင်းတွင်မယ့် လုပ်ရပ်တခုကိုလဲ ထပ်လုပ်ခဲ့သေးတယ်။
အရင်တုန်းက ခရစ်ယာန်ဘုန်းတော်ကြီးတွေက သူ့နေရာနဲ့ သူအုပ်စိုးခဲ့တယ်။ ဘယ်သူကမှ ဘယ်သူ့လက်အောက်မှာ မဟုတ်ဘူး။ ပထမမြောက်ဂျုးလီယပ်စ်က အာဖရိက၊ အရှေ့အလယ်ပိုင်းက ဂိုဏ်းချုပ်ဘုန်းတော်ကြီးတွေဟာ ရောမမှာ သတင်းသုံးတဲ့ ဘုန်းတော်ကြီးကို သစ္စာခံရမယ်ဆိုတာကို စတင်ခဲ့တယ်။
ဂိုဏ်းချုပ်အားလုံးရဲ့ အချုပ်တကာအချုပ်က ရောမက ဘုန်းတော်ကြီးဖြစ်တယ်ဆိုတာ စတင်ကြေငြာခဲ့တယ်။ ရောမနဲ့ ဝေးတဲ့နေရာတွေက ဂိုဏ်းချုပ်ဆရာတော်ကြီးတွေက သူ့ကို သစ္စာမခံပေမယ့် ရောမဩဇာမကင်းတဲ့ဒေသတွေက ဆရာတော်ကြီးတွေကတော့ သစ္စာခံလိုက်ကြရတယ်။ ခရစ်စမတ်သမိုင်းအတိုချုပ်ပါ။
ဆရာဇေယျအုန်း