ဝန်ထမ်းကားပါမစ်ကို လုံးဝ မလိုချင်တဲ့ ဝန်ထမ်းကောင်းတယောက်ရဲ့ ဖွင့်ဟဝန်ခံချက်
ဝန်ထမ်းကားပါမစ်ကို လုံးဝ မလိုချင်တဲ့ ဝန်ထမ်းကောင်းတယောက်ရဲ့ ဖွင့်ဟဝန်ခံချက်
ကျနော်က နိုင်ငံ့ဝန်ထမ်း အမှုထမ်းတစ်ဦးပါ။ အသက်(၄၅)နှစ်ရှိပါပြီ။ အသက်(၆၀)ပြည့်ရန် (၁၅)နှစ်သာ လိုပါတော့သည်။ အသက်(၇၉)နှစ်အရွယ် ဖခင်ဖြစ်သူ နှင့် အတူနေထိုင်ပါသည်။
ဖခင်မှာ အငြိမ်းစားစစ်မှုထမ်းဖြစ်ပါသည်။ အခြားအဆင့်မို့ ရရ စားစား ဘဝဖြင့် ယနေ့အထိ နေစရာအိမ်မရှိပါ။ ကျန်းမာရေးကလည်း အသက်အရွယ်အရမကောင်းတော့ပါ။ ဆွေမျိုးတော်စပ်သူ နေအိမ်တွင်နေရပါသည်။
ပြောချင်တာက ကျနော် အသက်(၆၀) ပြည့်ရင် အဖေ့လိုပဲ သူများ အိမ်မှာနေရမှာလား? နေစရာမရှိတဲ့သူကို လုပ်သက် (၂၅) နှစ်ပြည့်ပြီးသူ နိုင်ငံ့ဝန်ထမ်းကောင်း လက်မှတ်ရထားသူများကို ကားပါမစ်ပေးမယ်ဆိုတော့ ကျနော့် လစာ ၂ သိန်းလောက်နဲ့ ကျနော်ကားဝယ်စီးဖို့ ဖြစ်နိုင်ပါ့မလား။ အခု ကျနော်က သူများအိမ်မှာ ကပ်နေလို့ အိမ်ငှားခ မကုန်သေးဘူး။ ကျနော်လစာရယ် အဖေ့ပင်စင်ရယ် ပေါင်းလိုက်ရင် နေစရာ ကိုယ်ပိုင်အိမ်မရှိတာကလွဲရင် စားလို့လောက်ပါသေးတယ်။
ကျနော့်ထက်အခြေအနေဆိုးတဲ့ ဝန်ထမ်းတွေ အများကြီးပါ။ မိဘပြန်ကြည့်ဖို့မပြောနဲ့ သားကျွေးမှု မယားကျွေးမှုမပါ လစာက အိမ်ငှားခနဲ့တင် နိထ္တိတန်နေပြီ။ အဂတိတရား ကင်းသောဝန်ထမ်းများ ဖြစ်နိုင်ပါတော့မလား။ လစာတိုးပေးရန်မလိုပါ။ နေစရာမရှိသူကို နေစရာ၊ စားစရာမရှိသူကို စားစရာပေးစေချင်ပါသည်။
အခွင့်အရေးဆိုသည်မှာ အခွင့်ထူးခံ လူတန်းစားတစ်ရပ်အတွက်ပဲ ဖြစ်ခဲ့ဘူးပါသည်။ အခွင့်အလမ်း ၂ ခုတော့ ပေးစေချင်ပါတယ်။ ကားဝယ်စီးနိုင်သူတွေကို ကားပါမစ်ပေးပြီး ကျနော်တို့ လခစား နင်းပြားအမှုထမ်းများ အတွက် နေစရာအိမ်မရှိတဲ့သူတွေကို မြို့သစ်ရွာသစ် မြို့စွန် နယ်စွန်က နေလောက်တဲ့ မြေကွက်လေး အစိုးရစျေးနှုန်းနဲ့ ရောင်းပေးစေချင်ပါသည်။
ပင်စင်ယူချိန်အမှီ ပျဥ်ထောင် သွပ်မိုး နေအိမ်လေးတော့ နေရတန်ကောင်းပါရဲ့လို့ ထင်မိပါသည်။ လစာအပေါ်မှာ မှီခိုစားနေရတဲ့ နိုင်ငံ့ဝန်ထမ်း အမှုထမ်းတစ်ယောက်အနေနဲ့ ဟိုးအရင်ခေတ်က မပြောရဲ မတောင်းဆိုရဲခဲ့ရတာကို လိုချင် အိပ်မက် မက်ခဲ့ရတာလေး ပြောကြည့် တောင်းဆိုကြည့်တာပါ။
ကျနော်က နိုင်ငံ့ဝန်ထမ်း အမှုထမ်းတစ်ဦးပါ။ အသက်(၄၅)နှစ်ရှိပါပြီ။ အသက်(၆၀)ပြည့်ရန် (၁၅)နှစ်သာ လိုပါတော့သည်။ ကျေးဇူးတင်ပါတယ်။
စိုးထိုက်အောင်