ကျိုက်ထီးရိုးဘုရားပေါ်တွင် ဒရုန်းကာစက် တပ်ဆင်၊ ဝိုင်ဖိုင်များ သုံးမရတော့ဟု သတင်းထွက်

ကျိုက်ထီးရိုးဘုရား တောင်ပေါ်၌ ဒရုန်းကာကွယ်ရေးစက် တပ်ဆင်နေတယ်လို့ သတင်းရရှိပါတယ်။ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက်ထီးရိုးဘုရားတောင်ပေါ်တွင် အောင်တိုဘာ ၁၈ ရက်နေ့၌ ဒရုန်းပစ္စည်းများနဲ့အတူ ဒရုန်းပညာရှင်များရောက်ရှိလာပြီး ကျိုက်ထီးရိုး ဂေါပကအဖွဲ့များနှင့် တွေ့ဆုံတိုင်ပင်ခဲ့ကြောင်း ဂေါပကအဖွဲ့ ခေါင်းဆောင်ထံမှ သိရပါတယ်။

အဆိုပါ ဒရုန်းကာကွယ်ရေးစက် စတင်တပ်ဆင်ပြီးလျှင် ရင်ပြင်တော်ပေါ်ရှိ ဝိုင်ဖိုင်စက်များမှ အင်တာနက် ထုတ်လွှင့်နိုင်မှာ မဟုတ်တော့ကြောင်း၊ ဝိုင်ဖိုင်စက်တပ်ထားသူတွေ အင်တာနက်လိုင်း ပြတ်တောက်လိမ့်မည် ဖြစ်ကြောင်း စတဲ့ သတင်းတွေ ထွက်လာမှုကြောင့် ပြည်သူတွေက စိုးရိမ်လျက် ရှိနေပါတယ်။

“ဘုရားမှာ တပ်စရာ လိုလို့လားဗျာ။ အဲ့စက်တပ်ပြီးရင် လိုင်းတွေ မမိတော့ဘူးလို့ ပြောတယ်။ သူတို့က ဘုရားကို ကာကွယ်ချင်နေတာလား။ သူတို့ကိုယ်သူတို့ ကာကွယ်ချင်နေတာလား။ အဲ့စက်က ရသေ့တောင်အထိ ထိန်းချုပ်နိုင်တယ်လို့တော့ ပြောတာပဲ။ ကျွန်တော်ကတော့ သဘောမကျဘူး။ ဘယ်တော်လှန်ရေးသမားမှ ဘုရားကို လာမဖျက်ဆီးဘူး” ဝိုင်ဖိုင်စက်ပိုင်ရှင်တစ်ဦးက ပြောပါတယ်။

ကျိုက်ထီးရိုးဘုရားကို ကာကွယ်ချင်တာထက် သူတို့ကိုယ် သူတို့ ကာကွယ်ချင်နေတာဖြစ်ကြောင်း၊ ကျိုက်ထီးရိုး ဖြစ်စဉ်ပြီးတဲ့နောက်မှာ ခရီးသွားများ မရှိသလောက် ဖြစ်နေကြောင်း၊ ပွင့်လင်းရာသီ ရောက်ပြီး ဘုရားပွဲ ပြန်စချိန်မှာ ဒီလို ဖြစ်ခဲ့တာကြောင့် ပွဲတော်ကို မှီခိုနေရတဲ့သူတွေ ဒုက္ခအလွန်ရောက်နေတယ်လို့ ဆိုင်ပိုင်ရှင် တဦးက ပြောပါတယ်။

ယခု ဒရုန်းကာကွယ်ရေးစက်သည် လှိုင်းလွှင့်ထားသည့် ဧရိယာအတွင်း ဒရုန်းဝင်ရောက်လာပါက အလိုအလျောက် ပျက်ကျစေရန် ပြုလုပ်ထားတယ်လို့ သိရပါတယ်။ အဆိုပါ လှိုင်းလွှင့်ထားတဲ့ ဧရိယာအတွင်းမှာ ဝိုင်ဖိုင်သုံးလို့ မရဘူးလို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page