တရုတ်ပြည်က နာမည်ကြီး ဇိမ်ခံဟင်းလျာတစ်မျိုးဖြစ်သည့် “ဗုဒ္ဓနံရံပေါ် ခုန်ပျံကျော်ဟင်းချို”

“ဗုဒ္ဓနံရံပေါ် ခုန်ပျံကျော်ဟင်းချို”

ဒီဟင်းချိုနာမည်က နည်းနည်းတော့ ထူးဆန်းတယ်နော်။ ဟုတ်ပါတယ် ဒီဟင်းချိုဟာ ချင်းမင်းဆက်ခေတ် (၁၆၄၄ ခုနှစ် – ၁၉၁၂ ခုနှစ်) အတွင်း နာမည်ကြီး လူကြိုက်များခဲ့တဲ့ ရသာမွန် ဟင်းလျာတစ်မျို ဖြစ်ပါတယ်။ ဒါ့အပြင် ဟင်းချိုဟင်းရည်ဟာ ခေတ်အဆက်ဆက် ချမ်းသာသူများအတွက် ဇိမ်ခံဟင်းလျာတစ်မျိုး ဖြစ်ခဲ့ပြီး ဟင်းချိုထဲမှာ ငါးမန်းတောင်၊ ပြည်ကြီးမျှော့၊ ကြာယပ်ခုံးကောင်၊ ကျင်းဟွားဝက်ပေါင်ခြောက်၊ ဂျင်ဆင်းနဲ့ တန်ဖိုးကြီးမှိုပွင့်၊ မျှစ်၊ ငှက်သိုက် စသည်ဖြင့် တတ်နိုင်လျှင် တတ်နိုင်သလောက် ငွေကုန်ကြေးကျခံကာ သောက်သုံးကြတဲ့ ဟင်းချိုရည်တစ်မျိုးပေါ့။ ဒါ့ကြောင့် ဗုဒ္ဓနံရံပေါ်ခုန်ပျံကျော်ဟင်းချိုထဲမှာ ဟင်းလျာအမယ်ပေါင်း အနည်းဆုံး ၁၂ မျိုးလောက်ကနေ အမျိုအစား (အသီးအရွက်+အသား) ၃၀ ကျော်အထိ ပါဝင်ချက်ပြုတ်လေ့ ရှိကြပါတယ်။

ဒီဟင်းပွဲနဲ့ ပတ်သတ်တဲ့ ဇာတ်လမ်းတွေကတော့ အများကြီးရှိပါတယ်။ ထင်ရှားတဲ့ ဇာတ်လမ်းကတော့ ဖူကျန့်နယ်က စာပေသမားလေးနဲ့ ဘုန်းကြီးရဲ့ ဇာတ်လမ်းက ပိုပြီး လူသိများကြပါတယ်။ ချင်းမင်းဆက်ခေတ်က စာပေသမားတစ်ဦးဟာ စာမေးပွဲဖြေဆိုဖို့ သူငယ်ချင်းဖြစ်သူနဲ့ ခရီးထွက်လာခဲ့ပါတယ်။ ရှေးခေတ်က ခရီးထွက်တဲ့အခါ လမ်းမှာစားသောက်ဖို့အတွက် ဟင်းလျာတွေကို ချက်ပြုတ်ပြီးမှ သယ်ဆောင်ကြသလို တစ်မြို့နဲ့ တစ်မြို့ အင်မတန်ဝေးကွာပြီး ကြားကာလမှာ ဝယ်ယူစားသောက်ဖို့ မရှိတဲ့အခါမျိုးမှာတော့ ဟင်းသီးဟင်းရွက်၊ အသားငါး အစိမ်းတွေကိုပါ ကြာရှည်ခံအောင်ပြုလုပ်ပြီးမှ ခရီးထွက်ကြလေ့ ရှိပါတယ်။

ဒီတော့ သူတို့ဟာ အစားအသောက်တွေထည့်ဖို့ အရက်အိုးအခွံ့ တစ်လုံးကိုပါ ဟင်းချက်တဲ့အခါမှာ အသုံးပြုဖို့ အတွက်ရော၊ အသားစိမ်းတွေ ထည့်ထားဖို့အတွက်ပါ သယ်ဆောင်လာခဲ့ပါတယ်။ တစ်နေရာမှာ အသားဟင်းရလာရင် အဲ့ဒီ အိုးလေးနဲ့ ဟင်းချက်စားလိုက်၊ အသားစိမ်းကို မကျက်တကျက်လေး ချက်ပြီး သိမ်းထားလိုက်နဲ့ အဆင်ပြေနေတာပေါ့။

ဒီလိုနဲ့ သူတို့ဟာ ဖုကျန့်ပြည်နယ် မြို့တော် ဖူကျိုးကို ရောက်တဲ့အခါမှာတော့ ဘုန်းကြီးကျောင်းရဲ့ ဘေးနားက တည်းခိုဆောင်မှာ အနားယူကြရင်း ချက်ပြုတ်စားသောက်ဖို့ ပြင်ဆင်ကြတာပေါ့။ ဒါနဲ့ တရုတ်ပြည်က ဘုန်းတော်ကြီးအများစုဟာ သက်သက်လွတ်ဟင်းလျာကိုပဲ စားသုံးကြပါတယ်။ ဘုန်းကြီးတွေဟာ အသားငါးကို လုံးဝသုံးဆောင်ခြင်းမပြုသလို ကျောင်းတိုင်းမှာလဲ တားမြစ်ထားပါတယ်။

တရုတ်ပြည်မှာဆို ဘုန်းကြီးနဲ့ ဘီး အပြင် ဘုန်းကြီးနဲ့ အသားဟင်း ဆိုတဲ့ ပြောစမှတ်တစ်ခုပါ ထပ်တိုးလာတာပေါ့။ သူတို့က စာပေသမားသာ ပြောတာ ဟင်းချက်တာတော့ အရမ်းတော်ကြတယ်တဲ့။ ဈေးထဲက ဝယ်လို့ရသမျှ အသားတွေကို တစ်မျိုးနည်းနည်းထည့်ပြီး ဟင်းချိုဟင်းလျာတစ်မျိုးကို ချက်ပြုတ်ကြတာပေါ့။ အဲ့ဒီအချိန်မှာ ဘုန်းကြီးကျောင်းထဲက ကိုယ်တော်တွေ တရားထိုင်နေရချိန်နဲ့ သွားတိုးတော့တာပေါ့။

ဟင်းလျာရဲ့ ရနံ့က ဘုန်းကြီးကျောင်းထဲအထိ မွှေးကြိုင်နေတာပေါ့။ ကျန်တဲ့ ကိုယ်တော်တွေကတော့ သမာဓိအားကောင်းလို့ ဘာမှမဖြစ်ပေမယ့် ကိုယ်တော်တစ်ပါးကတော့ ဟင်းလျာအနံ့ရဲ့ စွဲဆောင်မှုအားကို မလွန်ဆန်နိုင်ပဲ ဘုန်းကြီးကျောင်းနံရံကို ကျော်ပြီး ဟင်းရည်ကို လာနှိုက်မြည်းတာပေါ့။ အဲ့ဒီမှာ စာပေသမားနဲ့ တခြားခရီးသွားတွေ ပြန်လာတာလဲ မြင်ရော ကိုယ်တော်က လွှားခနဲဆို နံရံပေါ်ကျော်တက်ပြီး ကျောင်းထဲ ပြန်ဝင်သွားပါလေရော၊ ဒါပေမယ့် ရုတ်တရတ်တွေ့တဲ့လူတွေကတော့ ဟင်းချိုရဲ့ ရနံ့အရသာက ထူးခြားလွန်းလို့ ဗုဒ္ဓတောင် နံရံကျော်ပြီး လာမြည်းရတယ်ဆိုပြီး တင်စားရာကနေ 佛跳牆 ဗုဒ္ဓနံရံပေါ်ခုန်ပျံကျော်ဟင်းချို လို့ ခေါ်ဆိုကြပါတော့တယ်။

ဒါပေမယ့် ဒီဟင်းလျာဟာ မြန်မာမှာဆို တော်တော်ပြဿနာတက်ပြီး တရားစွဲခံရမယ့် ဟင်ချိုဟင်းလျာတစ်မျိုး ဖြစ်လာနိုင်ပါတယ်။ ဘာလို့လဲဆို တောင်ကိုးရီးယားနိုင်ငံမှာတောင် ဟင်းချို အမည်နဲ့ပတ်သတ်ပြီး တရားစွဲခံရတာတွေ၊ အမည်ပြောင်းလဲပေးဖို့ တောင်းဆိုကြတာတွေ ရှိခဲ့ဖူးပါတယ်။

ထိုင်ဝမ်နိုင်ငံသား ကိုးရီးယားလူမျိုး စာဖိုမှူးကြီး တစ်ဦးဟာ ၁၉၈၇ ခုနှစ်မှာ ကိုးရီးယားနိုင်ငံ ဆိုးလ်မြို့တော်မှာ 팔선 ဆိုတဲ့ နာမည်တဲ့ တရုတ်ရိုးရာစားသောက်ဆိုင်လေးကို ဖွင့်လှစ်ခဲ့ပါတယ်။ ထိုစာဖိုမှူးကြီးရဲ့ မိတ်ဆက်ပေးမှုကြောင့် ဗုဒ္ဓနံရံပေါ်ခုန်ပျံကျော်ဟင်းချိုဟာ ကိုးရီးယားပြည်သူများ အကြား နာမည်ကြီးလာခဲ့ပါတော့တယ်။ ကိုးရီယားလိုတော့ Buldojang 불도장 လို့ ခေါ်ပါတယ်။

သို့ပေမယ့် ၁၉၈၉ ခုနှစ်မှာတော့ ကိုးရီးယားဘုန်းတော်ကြီးတွေ၊ ဗုဒ္ဓဘာသာဝင်တွေက ကိုးရီးယားလူမျိုးတို့ရဲ့ ရိုးရာယဉ်ကျေးမှုနဲ့ ဗုဒ္ဓဘုရားရှင်ရဲ့ ဂုဏ်တော်ကို ညှိုးနွမ်းစေတယ်လို့ ယူဆကြတာကြောင့် ထိုဟင်းလျာကို မရောင်းချဖို့ ဆန့်ကျင်ခဲ့ကြပါတယ်။ ဒီလိုနဲ့ပဲ Buldojang 불도장 ဟင်းချိုဟာ ကိုးရီးယားက စားသောက်ဆိုင်ကြီးတွေမှာ ပျောက်ကွယ်သွားခဲ့ရပါတယ်။ စားသောက်ဆိုင်ကြီးတွေမှာ မရနိုင်တော့ပေမယ့် လမ်းဘေးဆိုင်လေးတွေ၊ စားသောက်ဆိုင်ငယ်လေးတွေမှာ ရရှိနိုင်ပါသေးတယ်။

ဒီဟင်းချိုဟာ ကိုးရီးယားမှာ တစ်ဖန်နာမည်ကြီးလာတဲ့ ဖြစ်ရပ်ကတော့ ကိုးရီးယားသမ္မတ မွန်ဂျေအင်းဟာ တရုတ်ပြည်ကို အလည်အပတ် ရောက်ရှိနေစဉ်မှာ တရုတ်အစိုးရ ဧည့်ခံရေးတာဝန်ရှိသူများဟာ အဆိုပါဟင်းလျာကို နိုင်ငံတော်အဆင့် ဟင်းလျာအနေနဲ့ ကျွေးမွေးဧည့်ခံခဲ့ပါတယ်။ အဆိုပါ ဗုဒ္ဓနံရံပေါ်ခုန်ပျံကျော်ဟင်းချိုဟာ တရုတ်ပြည်မတွင်သာမက ထိုင်ဝမ်၊ ဟောင်ကောင်၊ ကိုးရီယား၊ စင်္ကာပူ၊ မလေးရှားနဲ့ နိုင်ငံအတော်များများမှာလဲ ရောင်းချလျက် ရှိပါတယ်။

၂၀၀၅ ခုနှစ်က အင်္ဂလန်နိုင်ငံ လန်ဒန်မြို့တော်မှာ ဗုဒ္ဓနံရံပေါ်ခုန်ပျံကျော်ဟင်းချိုတစ်ပန်းကန်ရဲ့ ရောင်းချဈေးနှုန်းဟာ £110 အထိ ရှိနေပြီဖြစ်ပါတယ်။ ကမ္ဘာ့ဈေးအကြီးဆုံးစွပ်ပြုတ်စာရင်းထဲမှာ ပါလာခဲ့တဲ့အထိကို အောင်မြင်ခဲ့တာပါ။ လန်ဒန်မြို့က ဗုဒ္ဓနံရံပေါ်ခုန်ပျံကျော်ဟင်းချိုထဲမှာ ပါဝင်တဲ့ အမယ်ပစ္စည်းများကတော့ ငါးမန်းတောင်၊ ဂျပန်ပန်းမှို၊ ပြည်ကြီးမျှော့၊ ကြာယပ်ခုံးကောင် (အခြောက်လှန်း)၊ ကြ က်သား၊ ဟူနန်ဝက်ပေါင်ခြောက်၊ ဝက်သားနဲ့ ဂျင်ဆင်းတို့ ပါဝင်ပါတယ်။

(天下第一)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page