ပြည်တွင်းဆန်ဈေးကို မထိန်းနိုင်တဲ့ စကစ သီရိလင်္ကာကို ဆန်တန်ချိန် ၁၀၀၀ လှူမည်ဟုဆို

ပြည်တွင်းဆန်အချောဈေးကွက်မှာ ဇူလိုင်လ ၁၁ ရက်ကစတင်ကာ တစ်အိတ်လျှင် ကျပ် ၁၅၀၀၊ ၂၀၀၀ ခန့်ပိုမိုမြင့်တက်လာပြီး လာမည့်ကာလများတွင် ဆန်ဈေးနှုန်းအတက်ဘက်သာ ဦးတည်နေကြောင်း ဝါးတန်းဆိပ်ကမ်း ဆန်၊ စပါးကုန်စည်ဒိုင်က ဆန်ရောင်းဝယ်သူများကပြောပါတယ်။

“အခုဈေးက တက်စပြုနေပြီလို့ ပြောလို့ပြောလို့ရတာပေါ့။ အခုက တက်စမို့လို့ တစ်အိတ်ကို ကျပ်၁၅၀၀၊ ၂၀၀၀ လောက်ပဲတက် သေးတာ။ နောက်ပိုင်းကျရင်တော့ ဒီထက်ပိုတက်လာမယ့်အခြေအနေရှိတယ်။ တစ်ခါတက်ရင် အရင်လို ၅၀၀ မဟုတ်တော့ဘူး။ အနည်းဆုံး ကျပ်၁၀၀၀ တက်တာ”ဟု ဝါးတန်းဆိပ်ကမ်းဆန်၊ စပါးကုန်စည်ဒိုင်က ဆန်ရောင်းဝယ်သူတစ်ဦးကဆိုပါတယ်။

မြန်မာနိုင်ငံတွင် အကောင်းဆုံးဆန်အမျိုးအစားဖြစ်သည့် ရွှေဘိုပေါ်ဆန်းစိုက်ပျိုးရာဒေသများတွင် တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် တောင်သူအများစုမှာ စပါးစတင် ထွက်ရှိသည့် ကာလကတည်းက လှောင်မထားရဲတော့ဘဲ ရသည့်ဈေးဖြင့်ထုတ်ရောင်းခဲ့ကြသဖြင့် ယခုအချိန်တွင် ပစ္စည်းလက်ကျန်ရှားပါးလာခြင်းကြောင့် ဈေးမြင့်တက်လာတာ ဖြစ်တယ်လို့ သိရပါတယ်။

ပြည်တွင်း ဆန်ဈေးနှုန်းများမှာ ရွှေဘိုပေါ် ဆန်းတစ်အိတ်လျှင် ကျပ် ၅၆၀၀၀ မှ ၆၈၀၀၀ အထိရှိပြီး ဧရာဝတီပေါ် ဆန်းတစ် အိတ်လျှင် အနိမ့်ဆုံး ကျပ် ၄၉၀၀၀ မှ ၅၀၀၀၀ ကျပ်၊ ပေါ်ကျွဲတစ်အိတ်လျှင်ကျပ် ၄၀၀၀၀ မှ ၄၁၀၀၀ ကျပ်ခန့်ရှိကာ ဆန်ကြမ်းတစ်အိတ် လျှင် အနိမ့်ဆုံးကျပ်၂၇၅၀၀ မှ ကျပ် ၃၂၀၀၀ အထိဈေးပေါက်နေပါတယ်။

အခုလို ပြည်တွင်းမှာ ဆန်ဈေးတွေ တက်နေချိန်မှာပဲ သမ္မတ ထွက်ပြေးသွားတဲ့ သီရိလင်္ကာနိုင်ငံကို မြန်မာနိုင်ငံက နိုင်ငံတော် ရန်ပုံငွေနဲ့ ဆန်တန်ချိန် ၁၀၀၀ လှူဒါန်းမယ်လို့ စကစ လက်အောက်ခံ စီးပွားကူးသန်း ဝန်ကြီးဌာနက ပြောပါတယ်။ မည်သည့်အချိန်လှူဒါန်းမယ်နဲ့ မည်သည့်ဆန်အမျိုးအစားလှူဒါန်းမယ်ဆိုတာကိုတော့ စကစက မထုတ်ပြန်ထားပါဘူး။

သီရိလင်္ကာနိုင်ငံမှာ အဆိုးရွားဆုံးကြုံတွေ့နေရတဲ့ စီးပွားရေးပြဿနာတွေကို အစိုးရက ဖြေရှင်း မပေးနိုင်တာကြောင့် လများစွာကြာ ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့ပြီးနောက် ပြီးခဲ့တဲ့ ဇူလိုင် ၉ရက်က မြို့တော် ကိုလမ်ဘိုရဲ့ လမ်းတွေပေါ်မှာ ဆန္ဒပြသူ ထောင်ပေါင်းများစွာက သမ္မတနဲ့ ဝန်ကြီးချုပ် နုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့ကြပြီး လက်ရှိမှာတော့ သမ္မတအိမ်တော်ကို ပြည်သူတွေက သိမ်းပိုက်ထားပြီး နိုင်ငံရဲ့ခေါင်းဆောင်နှစ်ဦးစလုံး နုတ်ထွက်ပေးဖို့တောင်းဆိုထားကြပါတယ်။

ဒုက္ခရောက်နေတဲ့ နိုင်ငံချင်းအတူတူ တမူးပိုရှူတဲ့ အနေနဲ့ ကိုယ့်တိုင်းပြည် ဘဏ္ဍကို သုံးပြီး အလှူအတန်း ရက်ရောတယ်ဆိုတဲ့ ပုံစံမျိုး ဖြစ်အောင် ဟန်ဆောင်နေတာဟာ ဆင်းရဲသားတွေ အများကြီး ရှိတဲ့ ရွာမှာ ၁၀၈ တောင် ရွှေစေတီကြီး ဆောက်သလို ဖြစ်နေတယ်လို့ ပြည်သူတဦးက မှတ်ချက်ချပါတယ်။

နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် လာမည့်နှစ်တွင် မြန်မာနိုင်ငံအတွင်းဆန်ပြတ်လပ်သွားမည့်အခြေအနေမရှိသော်လည်း စက်သုံးဆီဈေး၊ သယ်ယူစရိတ်ကြီးမြင့်မှု၊ ဓါတ်မြေဩဇာဈေးနှုန်းကြီးမြင့်နေမှု၊ လုပ်သားရှားပါးမှုပြသနာများအပြင်အခြားသွင်းအားစုအခက် အခဲများကြောင့် ပြည်တွင်းဆန်ဈေးကွက်မှာဈေးအမြင့်၌ သာဆက်လက်ရှိနေနိုင်ကြောင်း ဝါရင့်ဆန်လုပ်ငန်းလုပ်ကိုင်သူများကသုံးသပ်ကြပါတယ်။

လက်ဖက်ရည် တခွက် ၁၂၀၀ ဖြစ်နေတဲ့အချိန်မှာ ဝင်ငွေတိုးမလာတာကြောင့် အခြေခံလူတန်းစားတွေအနေနဲ့ အလွန် ကျပ်တည်းလျက် ရှိပြီး ခိုးဆိုးလုနှိုက်တွေလည်း ပေါများနေတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page