ဂြိုလ်ကြီး (၅) လုံးတန်းတဲ့ ဓာတ်ပုံဆိုပြီး ဂျင်းထည့်ခံလိုက်ရပြန်တဲ့ ရွှေမြန်မာတွေ
ဒီပိုစ့်မှာ ပါတဲ့ ပုံက ပုံအတုဖြစ်ပါတယ်။ စေတီပုံ မှာ ဂြိုဟ်ဆိုပြီး အစက်လေးတွေ အတန်းလိုက် လျှောက်ထည့်ထားတဲ့ပုံသာဖြစ်ပါတယ်။ ဓာတ်ပုံပညာ နားလည်သူတွေ ကောင်းကင် ဓာတ်ပုံ ရိုက်နေကျသူတွေ အများစုကတော့ မြင်ရုံနဲ့ သိနိုင်ပေမယ့် သာမန် ပြည်သူအများစု က တော့ အမှန်တကယ်လို့ ထင်သွားနိုင်တာမို့ fact check အနေ နဲ့ ထောက်ပြတာပါ။
မူရင်းပိုစ့် မှာ တွေ့တဲ့ အချက်အလက် အရ ဒီပုံကို ဖုန်း နဲ့ ရိုက်ထားတယ်ပြောပါတယ်။ ဖုန်း နဲ့ ဖြစ်ဖြစ် ကင်မရာ နဲ့ ဖြစ်ဖြစ် ရိုက်ရင် ဂြိုဟ်တွေကို ဒီလို အရွယ်အစားတူ မမြင်ရပါ။ ဂြိုဟ်တွေက အရွယ်အစား မတူကြပါဘူး။ မာကျူရီ ဂြိုဟ် ဟာ ယခုလောက် မိုးကုပ်စက်ဝိုင်း အထက်ကို မရောက်နေပါ။ အောက်နားမှာ အတော်ကပ်ပြီး မြင်ရတာပါ။
စေတန် ခေါ် စနေဂြိုဟ် က ဂျူပီတာခေါ် ကြာသပတေးဂြိုဟ် နဲ့ ယခုပုံထဲကလို အကွာအဝေး မဟုတ်ပဲ ၃ ဆ လောက် ပိုဝေးနေပါတယ်။ မနက် ၂ နာရီမှာ လဲ ယခု ပုံရိုက်ယူလို့ မရပါ။ မာကျူရီ ဂြိုဟ် ထွက်ပေါ်လာတာဟာ နေမထွက်ခင် ၄၅ မိနစ် လောက်မှသာဖြစ်ပါတယ်။
ရိုးရိုး စဉ်းစားလိုက်ရင်တော့ ဒီပုံ မှားနေတော့ ရော ဘာဖြစ်နိုင်လို့လဲ လို့တွေးမိနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ တွေဟာ ငယ်ငယ်ထဲ က အချက်အလက်အမှားတွေ ကြားထဲမှာ ကြီးပြင်းလာခဲ့ရတဲ့ မျိုးဆက် ဖြစ်နေတာပါ။
ယခုလို အင်တာနက် ပေါ်မှာ အချက်အလက် အမှန်တွေ အလွယ်တကူရှာလို့ ရနေချိန်မှာ အမှားကို အမှန်တရား လို့ အလွယ်တကူ လက်ခံလိုက်တာမျိုး မဖြစ်စေလိုတာပါ။ (MASES – Myanmar Astronomy & Science Enthusiasts Society)