ရေအားလျှပ်စစ် စီမံကိန်း (၆) ခုအတွက် ပြည်တွင်းကုမ္ပဏီများကိုသာ တင်ဒါခေါ် (ဝေစားမျှစား လာပါပြီ)

ရေအားလျှပ်စစ်စီမံကိန်းအသစ် (၆) ခုကို ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုနဲ့ အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်လို့ စကစ လက်အောက်ခံ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာနက အိတ်ဖွင့်တင်ဒါခေါ်ယူထားပါတယ်။

စီမံကိန်းဖော်ဆောင်လိုတဲ့ ကုမ္ပဏီတွေအနေနဲ့ ဖြစ်မြောက်နိုင်စွမ်း အစီရင်ခံစာပြုစုခြင်းလည်း ပြုလုပ်ရမယ်လို့ ထည့်သွင်းဖော်ပြထားပြီး ပြည်ပကုမ္ပဏီများ ပါဝင်လျှောက်ထားနိုင်ကြောင်းကို ထည့်သွင်းဖော်ပြထားခြင်းမရှိပေ။

ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုနဲ့ ဆောင်ရွက်မယ့် စီမံကိန်းတွေထဲမှာ ဖုန်အင်ခ၊ ကဆန်ရေ၊ နမ့်မယ်ဆိုင်၊ နမ့်ကန်၊ နမ့်တဘက်(ကယား)နဲ့ အထက်ဆည်တော်ကြီး ရေအားလျှပ်စစ်စီမံကိန်းတို့ ပါဝင်ပြီး စိတ်ဝင်စားတဲ့ လုပ်ငန်းရှင်ကုမ္ပဏီတွေကို အပ်နှံလိုတယ်လို့ ထုတ်ပြန်ပြောဆိုပါတယ်။

တင်ဒါပုံစံကို ဩဂုတ်လ ၈ ရက်နေ့အထိ ရောင်းချပေးမှာဖြစ်ပြီး နိုဝင်ဘာ ၁၈ ရက်နေ့ နောက်ဆုံးထား တင်ဒါအဆိုပြုလွှာ တင်သွင်းရမှာဖြစ်ကာ တင်ဒါကြေညာပုံစံအသေးစိတ်ကို စကစရဲ့ လျှပ်စစ်စွမ်းအင် ဝန်ကြီးဌာန ဝက်ဘ်ဆိုက်မှာ ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း ကြေညာထားပါတယ်။

LNG ဓာတ်ငွေ့များ အသုံးပြုပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုက ကုန်ကျစရိတ်ကြီးမြင့်တာကြောင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ရေအားလျှပ်စစ်သုံး ဓာတ်အားထုတ်လုပ်ခြင်းကို ဦးစားပေးမယ်လို့ စကစ ဥက္ကဌ မင်းအောင်လှိုင်က ဇန်နဝါရီလမှာ ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ၁၀ မဂ္ဂါဝပ်အထက် ထုတ်လုပ်နိုင်တဲ့ ရေအားလျှပ်စစ်ထုတ်စက်ရုံ ၂၇ ရုံနဲ့ ၁၀ မဂ္ဂါဝပ်အောက် စက်ရုံ ၃၅ ရုံ ရှိတယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ် ADB ရဲ့ စစ်တမ်းမှာ ဖော်ပြထားပြီး အဲ့ဒီရေအားလျှပ်စစ်စက်ရုံတွေကနေ စုစုပေါင်း ၃၀၀၀ မဂ္ဂါဝပ်ကျော် ထွက်ရှိတယ်လို့ ဆိုပါတယ်။

စီမံကိန်းအသစ်တွေနဲ့ ပတ်သက်လို့ စီမံကိန်းဒေသ မြေပြင်အနေအထား၊ ဘူမိဗေဒအခြေအနေ၊ မိုးရေချိန် ရေစီးဝင်မှုနှုန်း၊ ရေသိုလှောင်နိုင်မှု အလားအလာ၊ ထုတ်လုပ်နိုင်မယ့် လျှပ်စစ်ပမာဏ၊ ရေလွှမ်းဧရိယာကျရောက်သွားနိုင်မယ့် သစ်တော၊ ကျေးရွာ၊ စိုက်ပျိုးမြေ၊ သယံဇာတလုပ်ကွက်တို့ ပါဝင်တဲ့ လေ့လာတွက်ချက်မှုများကို အနည်းဆုံး ၃ နှစ်ခန့် အချိန်ယူ ဆောင်ရွက်ရတယ်လို့ သိရှိရပါတယ်။

မည်သည့် စီမံကိန်းကိုမှ အောင်မြင်အောင် မဆောင်ရွက်နိုင်ခဲ့တဲ့ ပြည်တွင်းက ရိုက်စား ကုမ္ပဏီတွေကို တင်ဒါခေါ်တယ် ဆိုကတည်းက ဝေစားမျှစား ခွင်ဖန်တော့မယ်ဆိုတာ သိသာထင်ရှားတယ်လို့ စီမံကိန်း အင်ဂျင်နီယာတဦးက မှတ်ချက်ချပါတယ်။

စကစ အာဏာသိမ်းပြီးတဲ့နောက် မြန်မာနိုင်ငံထဲမှာ လာရောက် ရင်းနှီးမြှုပ်နှံထားတဲ့ နိုင်ငံတကာ ကုမ္ပဏီ အားလုံးနီးပါး ထွက်ခွာသွားကြပြီး ထပ်မံလာရောက် ရင်းနှီးမြှုပ်နှံမယ့် ကုမ္ပဏီ မရှိတာကြောင့် ယခုလို ပြည်တွင်း ကုမ္ပဏီတွေကိုပဲ တင်ဒါခေါ်တာ ဖြစ်နိုင်တယ်လို့ စီးပွားရေး ပညာရှင်တဦးက ပြောပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page