ဘိုကလေးမှာ ရေချိုးနေသူတဦးကို မိကျောင်းဆွဲ (မိကျောင်းအန္တရာယ် အရေးပေါ်အခြေအနေရောက်ရှိ)

ဧရာဝတီတိုင်း၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ရေကျော်တိုးကျေးရွာအုပ်စု၊ ကျွန်းသစ်စုကျေးရွာတွင် ဇွန်လ ၁၆ ရက် ညနေပိုင်းက ရွာခံ ၁ ဦးရေဆင်းချိုးရာမှ မိကျောင်း ကိုက်ခံခဲ့ရကြောင်း ဒေသခံများထံမှ သိရပါတယ်။

မိကျောင်းကိုက်ခံရသူမှာ ကျွန်းသစ်စုရွာမှ ဦးဗိုလ်မြဆိုသူဖြစ်ပြီး ကျွန်းသစ်စုရွာချောင်းအတွင်း ရေဆင်း ချိုးနေစဉ် မိချောင်းကိုက်ခံခဲ့ရခြင်းဖြစ်ပြီး ညာလက်ချောင်းတခုလုံး ဆွဲခါကိုက်ခံရသဖြင့် အရိုးအကြောကြေမွဒဏ်ရာများရရှိခဲ့ကြောင်း သိရပါတယ်။

မိကျောင်းအကိုက်ခံရသူ ဗိုလ်မြအား ဖျာပုံဆေးရုံတွင်ကုသနေရာမှ စိုးရိမ်ရလာသဖြင့် ရန်ကုန်အရိုးအကြောအထူကုဆေးရုံ သို့ ဇွန်လ ၂၃ ရက် ယမန်နေ့ ပြောင်းရွှေ့ကုသလိုက်ရခြင်းဖြစ် ကြောင်း သိရပါတယ်။

“ရေတိမ်တိမ်လေးပဲ၊ နေတိုင်းရေချိုးနေကျဆိုတော့ ဗိုလ်မြကလဲ သတိမထားလိုက်တာနေမှာ၊ နောက်ပြီးတော့ကျွန်းသစ်စုလို နေရာမျိုးမှာ မိကျောင်းလာတာရှားတယ်။ ဘယ်လိုဖြစ်ပြီး ရောက်လာတယ် မပြောတတ်ဘူး။ အကိုက်ခံလိုက်ရတာ ညာလက်တချောင်းလုံး ခုဖျာပုံကနေ ရန်ကုန်ကို ပို့လိုက်ရတယ်”ဟု ဒေသခံတဦးက ပြောပါတယ်။

ဘိုကလေးမြို့နယ်အတွင်းရှိ မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၊ကဒုံကနိကြိုးဝိုင်း၊ ပျဉ်ဒရယ်ကြိုး ဝိုင်း စသောသဘာဝ ဒီရေတောများရှိ ရေချိုရေငန်စပ် မိကျောင်းများမှာ ဧပြီလမှ ဇွန်လ အထိ မိတ်လိုက်ရာသီ ဖြစ်ပြီး ဇူလိုင်နှင့်သြဂုတ်လများတွင်အသိုက်ပြုလုပ်ကာ စက်တင်ဘာလနှင့် နိုဝင်ဘာလများသည် သားပေါက်သည့်လများဖြစ် ကြောင်းသိရပါတယ်။

အဆိုပါကာလများတွင် မိကျောင်းများမှ လူများကို ရန် ပြုအန္တရာယ်ပေးတတ်သည့် ကာလများဖြစ်သောကြောင့် မိကျောင်းအန္တရာယ် သတိပြုပြီး လုပ်ကိုင်သွားလာကြရကြောင်း မြို့မိမြို့ဖဒေသခံများကလည်း သတိပေးပြော ဆိုထားကြောင်း သိရပါတယ်။

စစ်ကောင်စီလက်ထက်တွင် မိန်းမလှကျွန်း ဘေးမဲ့ဒီရေတောများအတွင်းကို ငါးရှာဖွေသူ ကွန်သမား ပိုက်သမားများအား ငွေ​ကြေး ယူပြီးခွင့်ပြုထားသဖြင့် မိကျောင်းများ နေထိုင်ကျက်စားစရာ နေရာ ရှားပါးခြင်း၊ အစာကွင်းဆက်ပြတ်ခြင်းများကြောင့် လူများနေထိုင်ရာသို့ ရောက်ရှိပြီး ယခုလို လူအား အန္တရာယ် ပေးသည်အထိ ဖြစ်ရခြင်း ကြောင်းစက်ဆန်ကျေးရွာဒေသခံတဦး ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ် အောက်တိုဘာလအတွင်းတွင်လည်း ဘိုကလေးမြို့နယ်၊ ပဒဲကောကျေးရွာ ချောင်းစပ်အနီးတွင် ရွာခံအမျိုးသားတဦး မိကျောင်းကိုက်ဆွဲခြင်းခံရသဖြင့် သေဆုံးခဲ့သေးကြောင်း ဒေသခံများထံက သိရပါတယ်။

သဘာဝဟန်ချက် ပျက်သွားတာကြောင့် သားရဲတိရစ္ဆာန်များအနေနဲ့ လူနေထိုင်တဲ့ နေရာတွေ နားအထိ ရောက်လာတာဖြစ်ကြောင်း၊ လူတွေရဲ့ ပရမ်းပတာ ငါးဖမ်းမှုကြောင့် အစာရေစာ ရှားပါးလာတာကြောင့် သဘာဝ မဟုတ်ဘဲ အစာအဖြစ် လွယ်ကူတဲ့ လူသားတွေကို ပစ်မှတ်ထားလာတာ ဖြစ်ကြောင်း ပညာရှင်တဦးက မှတ်ချက်ပေးပါတယ်။ လက်ရှိအချိန်မှာ ဘိုကလေးမြို့နယ်တဝိုက်မှာ မိကျောင်း အန္တရာယ်နဲ့ ပတ်သက်လို့ အရေးပေါ် သတိပေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page