ကျောင်းသားလား၊ ဂိုဏ်းစတားလား (နေပြည်တော် စကစကျောင်းက ရင်နင့်ဖွယ် အဖြစ်အပျက်)

စကစ ရုံးစိုက်ရာ နေပြည်တော်ကောင်စီနယ်မြေ၊ ဒဏ္ခိဏသီရိမြို့နယ်၊ အထက – ၁၈ ကျောင်းတွင် ဇူလိုင် လ ၁ ရက်နေ့ နေ့လည်ပိုင်းက ကျောင်းသားများ အုပ်စုလိုက်ရန်ဖြစ်ရာမှ ၁ ဦးသေဆုံးခဲ့ကြောင်း ဒေသခံများထံက သိရပါတယ်။

အထက -၁၈ Grade-9 တွင်တက်ရောက်နေသည့် ကျောင်း သားများ ကျောင်းစာသင်ခန်းအတွင်း အုပ်စုလိုက်ရန်ဖြစ် ကြခြင်းဖြစ်ပြီး ကျောင်းသား ၁ ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။ အဆိုပါ အထက ၁၈ ကျောင်းတွင်တက်ရောက်နေသည့် လမ်းပျဉ်းမနားရွာမရပ်ကွက်မှ ကျောင်းသားများနှင့် ထန်းတပင်ရပ်ကွက်မှ ကျောင်းသားများ အုပ်စုလိုက်ရန်ဖြစ်ကြခြင်းဖြစ်ကြောင်းသိရပါတယ်။

“ဖြစ်တာက သောကြာနေ့ နေ့လည်ပိုင်းမှာ၊ ကျောင်းစာ သင်ခန်းထဲမှာဘဲ ဖြစ်တာ။ ရန်ငြိုးရှိတာလား၊ ဘာလားတော့ သေချာမသိဘူး၊ သေသွားတဲ့ ခလေးက လမ်းပျဉ်းမနားရွာမက၊ သေသွားတဲ့ခလေးကအရင် ချိန်းကြိုးနဲ့ဝင်ရိုက်တာလို့သိရတယ်။ အဖွဲ့လိုက်ချကြတာ နာမည်တွေတော့အတိကျမသိဘူး” လို့ အဆိုပါ ဒက္ခိဏမြို့ခံတဦးက ပြောပါတယ်။

အဆိုပါဖြစ်စဉ် ဖြစ်ပွားပြီးနောက် ဝက်အူလှည့်နှင့်ထိုးသည့် ကျောင်းသားများကို ကျောင်းအနီးနားရှိ ဒေသခံကျောင်းသားမိဘများမှ ကျောင်းကိုဝိုင်းထားသဖြင့် ကျောင်းမှ ထွက်ခွာ၍မရဘဲ ညဆယ်နာရီဝန်းကျင်မှသာ ကားများဖြင့် ခေါ်ဆောင်ခဲ့ရပြီး ဝိုင်းထားသည့် ကျောင်းသားမိဘများက ကားများကိုခဲများဖြင့်ပစ်ပေါက်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ဇွန်လနောက်ဆုံးအပတ်မှာလည်း တောင်ကြီးမြို့အထက်တန်းကျောင်းတခုမှာ ကျောင်းသားတဦးကို အ ခြား ကျောင်းသား ၄ ဦးခန့်က ဝိုင်းဝန်းထိုးကြိတ်ခဲ့သည့် ဗီဒီယိုဖိုင်လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့ခဲ့တာ ဖြစ်ပါတယ်။ စကစကျောင်းတွေမှာ စာသင်မယ့် ဆရာရော၊ အုပ်ထိန်းမယ့် ဆရာတွေပါ နည်းပါးတာကြောင့် ကျောင်းသားများကို ထိရောက်တဲ့ သင်ကြားမှု မပေးနိုင်ဘဲ လွှတ်ပေးထားတာကြောင့် ယခုလို မဖြစ်သင့်တာတွေ ဖြစ်လာတာလို့ ကျောင်းသားမိဘ တဦးက မှတ်ချက်ချပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page