ရန်ကုန်မှာ လျှပ်စစ်ကားအတွက် အားသွင်းရုံတွေ ဆောက်မည်ဟုဆို (ထမင်းလွတ် ဟင်းလွတ်ပါလား)

လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဆိုင်ရာ အထူးသက်သာခွင့်များ ညိှနှိုင်းကြီးကြပ်ရေး လုပ်ငန်းကော်မတီအစည်းအဝေးအား ဇွန် ၂၉ ရက်(ယနေ့) မွန်းလွဲ ၂ နာရီက နေပြည်တော်၌ပြု လုပ်ခဲ့ပါတယ်။

“လျှပ်စစ်ယာဉ်တွေ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာရင် တချို့လုပ်ငန်းတွေကို သက်သာစေမှာဖြစ်ပါတယ် ရန်ကုန်မြို့တော်အနေနဲ့ လျှပ်စစ်ယာဉ်ပြေးဆွဲနိုင်ရင် လုပ်ငန်းကော်မတီရဲ့ တာဝန်တစ် ရပ်ဖြစ်တဲ့ သက်သာ ချောင်ချိရေးကို ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်”ဟု စကစ လက်အောက်ခံ ရန်ကုန်မြို့တော်ဝန်ဦးဗိုလ်ဌေးက ပြောပါတယ်။

ထို့ပြင် လျှပ်စစ်ယာဉ်များအတွက် ပန်းခြံ၊ အားကစားကွင်းနှင့် အဆင့်မြင့်အိမ်ရာများတွင် Charging Station များ တပ်ဆင်ရန်လိုအပ်ကာ အထူးသက် သာခွင့်အနေဖြင့် ရန်ကုန်မြို့တော်တွင် Charging Station များ၊ယာဉ်ရပ်နားရန် နေရာများ၊ယာဉ်လမ်းကြောင်းများအား မြို့တော်စည်ပင်မှပူး ပေါင်းဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

“လျှပ်စစ်ယာဉ်တွေကို ပြည်သူတွေ တွင်တွင်ကျယ်ကျယ် အသုံးပြုနိုင်ဖို့အတွက် နိုင်ငံတော်အဆင့်၊ တိုင်းနဲ့ပြည်နယ်အဆင့်တွေမှာ Road Safety Council အဆင့်ဆင့်ဖွဲ့စည်းထားမှာဖြစ်တာကြောင့် ယာဉ်အန္တရာယ်ကင်းရှင်းရေးကိုတွင်တွင်ကျယ်ကျယ် ဆောင်ရွက်သွားနိုင်မှာဖြစ်ပါတယ်”ဟု ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေးက ပြောပါတယ်။

အလားတူ အများပြည်သူနေရာများ၌ ယာဉ်ရပ်နားခ သက်သာခွင့်ပြုခြင်းဖြင့် ကော်မတီ၏ လုပ်ငန်းတာဝန်ဖြစ်သည့် သက်သာခွင့်အား ဆောင်ရွက်ပေးနိုင်မည် ဖြစ်ကာ အားလုံးပူးပေါင်း ဆောင်ရွက်သွားရမည့် အစီအမံများအား အစီရင်ခံစာပြုစု၍ ကြီးကြပ်ရေးကော်မတီမှတဆင့် ဦးဆောင်ကော်မတီသို့ တင်ပြသွားရမည်ဟုဆွေးနွေးပြောကြားခဲ့ပါတယ်။

လက်ရှိအချိန်တွင် ရန်ကုန်တမြို့လုံးကိုတောင် ၂၄ နာရီ လျှပ်စစ်မီး ရအောင် မလုပ်ပေးနိုင်ချိန်မှာ လျှပ်စစ်ကားတွေအတွက် အားသွင်းရုံတွေ ဆောက်မယ်ဆိုတာ “မုန့်ဆီကြော်က ဘယ်နေမှန်း မသိ၊ နှုတ်ခမ်းနာနဲ့ တည့်ပါ့မလား” ဆိုတဲ့ စကားပုံလို ဖြစ်နေကြောင်း လျှပ်စစ်ပညာရှင်တဦးက မှတ်ချက်ချပါတယ်။

ရန်ကုန်မှာ ၂၄ နာရီ မီးပေးနိုင်ပြီလို့ စကစက ကြေညာထားပေမယ့်လည်း တချို့နေရာတွေမှာ တနေ့ကို ၈ နာရီခန့် ပြတ်တောက်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။ စကစရဲ့ လျှပ်စစ်ကား အိပ်မက်ဟာ ဆောင်းတွင်းအိပ်မက်လို့ ကယောက်ကယက် ဖြစ်နေတဲ့ သဘောလို့ ပြည်သူတွေက မှတ်ချက်ချနေကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page