ရန်ကုန်မြို့ရှိ အိမ်ခြံများကို ကိုယ့်စရိတ်နဲ့ကိုယ် ခြံခတ်ဆေးသုတ်ချုံရှင်းရန် စကစ အမိန့်ထုတ်

ရန်ကုန်မြို့မှာရှိတဲ့ အိမ်၊ ခြံနှင့် တိုက်ခန်းများကို မိမိအစီအစဉ်ဖြင့် ခြံခတ်ဆေးသုတ်ချုံရှင်းရန် စကစက အမိန့်ထုတ်လိုက်တယ်လို့ သိရပါတယ်။ ထုတ်ပြန်လိုက်တဲ့ အမိန့်ကြေညာစာကို ဖော်ပြလိုက်ပါတယ်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေ (၂၀၁၈ ခုနှစ်) ပုဒ်မ ၆၅၊ ပုဒ်မခွဲ (ည) တွင် “မြို့တော် အင်္ဂါရပ်နှင့် ညီညွတ်စေရန် အဆောက်အအုံများနှင့် ဝင်းခြံများကို သစ်ပင်၊ ချုံပင်များ ရှင်းလင်းစေခြင်း၊ သန့်ရှင်းစေခြင်းနှင့် သတ်မှတ်သော ဆေးရောင်များ သုတ်စေခြင်း၊ ဝင်းမခတ်သည့် ခြံမြေကို ဝင်းခြံ ခတ်စေခြင်း၊ ဟောင်းနွယမ်းယိုယွင်းသည့် ဝင်းခြံကို ပြုပြင်စေခြင်း” ဟုလည်းကောင်း၊ ပုဒ်မခွဲ (ဋ) တွင် “ပုဒ်မခွဲ (ည) အရ ညွှန်ကြားထားသည်ကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ပါက ကော်မတီ၏ အစီအစဉ်ဖြင့် ဆောင်ရွက်နိုင်ပြီး ကုန်ကျစရိတ်ကို ပေးရန် ပိုင်ရှင် သို့မဟုတ် လက်ရှိနေထိုင်သူထံ တောင်းဆိုခြင်း” ဟုလည်းကောင်း ပြဌာန်း ထားရှိသည်။

ယခုအခါ ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေ (၂၀၁၈ ခုနှစ်) ပြဌာန်းချက်နှင့်အညီ မြို့တော်သူ မြို့တော်သားများ အနေဖြင့် လမ်းမများနှင့် မျက်နှာစာများရှိ မိမိတို့၏ ခြံစည်းရိုးများ၊ နေအိမ်များ၊ အဆောက်အအုံနံရံနှင့် ခြံဝင်းအတွင်းရှိ ချုံနွယ်ပိတ်ပေါင်းများအား သန့်ရှင်းသပ်ရပ်အောင် ရှင်းလင်း ဆောင်ရွက်ပေးကြရန်၊

အမြင်မတင့်တယ်သည့် ခြံစည်းရိုးများ ရှိပါက အမြင်တင့်တယ်အောင် သန့်ရှင်းဆောင်ရွက်ပေးရန်နှင့် လိုအပ်ပါက ဆေးသုတ်မွမ်းမံပေးကြရန် ခရိုင် စည်ပင်သာယာအုပ်ချုပ်ရေးမှူးများ၊ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးများက သက်ဆိုင်ရာ ခရိုင်/မြို့နယ်များအလိုက် နှိုးဆော် အကြောင်းကြားထားကြောင်း သိရသည်။

ကြေညာချက်အရ ကိုယ့်အိမ်အနီးပတ်ဝင်းကျင်ကို ကိုယ့်စရိတ်နဲ့ ကိုယ် ရှင်းရမယ့်သဘောမျိုး ဖြစ်နေကြောင်း၊ ယခင်တုန်းကလို ကိုယ့်အိမ်ရှေ့က လမ်းကောင်းဖို့ ကိုယ့်ပိုက်ဆံ ကိုယ်စိုက်ထုတ်ပြီး ပြင်ရသလို ဖြစ်နေကြောင်း၊ အဲဒါဆို လမ်းခွန်၊ မြေခွန်၊ စည်ပင်ခွန်၊ အမှိုက်ခွန်တွေ ကောက်ထားတာ ဘယ်ရောက်သွားလဲ သိချင်ကြောင်း ရန်ကုန်မြို့နေ ပြည်သူတဦးက မေးခွန်းထုတ်လိုက်ပါတယ်။ ယခင်စစ်အစိုးရခေတ်က ပြည်သူများ အနေနဲ့ အခွန်သာဆောင်ရပြီး ပြည်သူတွေအတွက် အခြေခံအဆောက်အဦးတွေ ပြန်လည် တည်ဆောက် မပေးခဲ့တဲ့ အခြေအနေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page