ဈေးတွက် တွက်လာတဲ့ မြန်မာမင်္ဂလာဆောင်တွေနဲ့ ဗိုက်ဟောင်းလောင်း ဖြစ်နေတဲ့ ပွဲလာဧည့်သည်များ
အခုနောက်ပိုင်းကျင်းပတဲ့ မြို့က မြန်မာ မင်္ဂလာဆောင်တွေ သွားရတာ တော်တော်အဆင်မပြေတာတွေ့လို့ အကြံပေးပါရစေ။ အခုခေတ်မှာ မင်္ဂလာဆောင်တစ်ခုတက်ဖို့ ယောကျ်ားရော မိန်းမရော ဝတ်စုံတွေစီစဉ်ရပါတယ်။ ဖြစ်သလိုဝတ်သွားလို့မရပါဘူး ကုန်ကျစရိတ်ရှိပါတယ်။
အချိန်က နေ့တစ်ပိုင်းလောက်ပေးရပါတယ်။ အလုပ်တွေပစ်ပြီးလာကြရတာပါ။ နံနက်ခင်းပွဲတွေဆို အိမ်အလုပ်လုပ်ရတာနဲ့ ပွဲသွားဖို့ပြင်ရတာကြောင့် အိမ်ကနေ ဘာမှစားမလာကြတာများပါတယ်။
အဲ့ဒါဗျာ။ ကျွေးတာမွေးတာလေးကဗျာ။ ဗိုက်ဝအောင် ကျွေးလို့မရဘူးလား။ အိုရီရင်တယ်ဟောက်စ်မှာလုပ်တဲ့ပွဲတွေဆို ပိုဆိုးသေး။ ဒင်းဆမ်းလေး ၄/၅ ခုနဲ့ ရေခဲမုန့် ဒါပဲ။ ခန်းမကတော့ ပွဲရှင်ကျွေးစေချင်တာ တည်ခင်းရတာကိုး။
မင်္ဂလာဆောင်မှာကျွေးတဲ့ ဒင်းဆမ်းဆိုတာ ဆိုင်မှာ ပူပူနွေးနွေး စိတ်ကြိုက်ရွေးပြီး စားသလို မဟုတ်ဖူးလေ။ အေးတိအေးစက်နဲ့ ဘယ်လိုလုပ်စားကောင်းမလဲ။ ထမင်းကျွေးရမယ်ပြောတာမဟုတ်ပါဘူး။
ကျွန်တော်တို့ မိုးကုတ်မှာဆို ဆနွင်းမကင်း၊ ကျောက်ကျော၊ ပူတင်း၊ ပွဲထိုင်ကိတ်၊ ဝေဖာ၊ လက်ဖက်၊ ချဉ်စော်ခါးယို စတာတွေနဲ့ ရေခဲမုန့်မစားတဲ့သူ ကော်ဖီသောက်ချင်လား ရတယ်။ အဝစားပဲ။ ပန်းကန်ထဲ လျော့သွားတာနဲ့ အသစ်တစ်ပွဲထပ်ချပေးတာ။ စားချင်လို့ပြောတာမဟုတ်ပါဘူး။
ပွဲလာတက်တဲ့ ဧည့်သည်ကိုလေးစားတဲ့အနေနဲ့ ဘာကျွေးကျွေး စားတဲ့သူ တင်းတိမ်နိုင်အောင် စီစဉ်ပေးစေချင်တာပါ။ အခုခေတ်မင်္ဂလာဆောင်ဆိုလဲ လက်ဖွဲ့ငွေက ၅၀၀၀၀ / ၁၀၀၀၀၀ ကြားဖွဲ့ကြရတာပါ။ ဘာကျွေးကျွေး မြတ်ပါတယ်ဗျာ။
လူ ၁၀၀၀ ဖိတ်လို့ တစ်ယောက် ၁၀၀၀၀ ဖိုးကျွေးမှ သိန်း ၁၀၀ ကုန်တာပါဗျာ။ လူတစ်ယောက် ၁၀၀၀၀ ဖိုးဆို ရိုးရိုးမုန့်ကျွေးတာတော့ ရှယ်ကျွေးလို့ရပါတယ်။ ဧည့်သည်တွေကို ကောင်းမွန်စွာကျွေးမွေးတာ မင်္ဂလာဦး ကုသိုလ်မည်ပါတယ်ဗျာ။ (Pyi Soe Oo)