ဧရာဝတီဘဏ်ကို အများပိုင်အဖြစ် ပြောင်းလဲလိုက်လျှင် ဖြစ်ပေါ်လာမယ့် အကျိုးဆက်များ

ဧရာဝတီဘဏ်ကို အများပိုင်အဖြစ် ပြောင်းရင် (စီးပွားရှင်)၊ ဧရာဝတီဘဏ်ကို အများပိုင်ကုမ္ဗဏီအဖြစ်ကို ပြောင်းလဲဖို့ ကုမ္ဗဏီများဆိုင်ရာ မှတ်ပုံတင်အရာရှိထံကို တင်ပြထားကြောင်း ကြေညာချက် ထွက်ပေါ်လာတာကို စီးပွားရှင်မှာ ဖော်ပြခဲ့ပြီး သတင်းမီဒီယာတွေမှာလည်း သတင်းတွေ ရေးသားဖော်ပြကြအပြီးမှာ ဧရာဝတီဘဏ်ရဲ့ သတင်းကို စိတ်ဝင်စားသူတွေ များပြားလာတဲ့အတွက် ဧရာဝတီဘဏ်ရဲ့ အကြောင်းအရာအချို့နဲ့ ရှေ့ဆက်မယ့်အလားအလာချို့ကို စီးပွားရှင်က ဖော်ပြလိုက်ပါတယ်-

‘Max ကိုဇော်ဇော်’ လို့ စီးပွားရေးလုပ်ငန်းရှင်တွေကြား ပြောဆိုကြသလို မြန်မာဘောလုံးအသင်းဥက္ကဌအဖြစ်နဲ့လည်း လူသိများကျော်ကြားတဲ့ စီးပွားရေးလုပ်ငန်းရှင် ဦးဇော်ဇော်ဟာ ဧရာဝတီဘဏ်ရဲ့ ပိုင်ရှင်လို့ လူအများသိကြပါတယ်။

ဦးဇော်ဇော်ဟာ ဧရာဝတီဘဏ်ရဲ့ တည်ထောင်သူနဲ့ အမှုဆောင်မဟုတ်တဲ့ ဥက္ကဋ္ဌလည်း ဖြစ်တယ်။ ဧရာဝတီဘဏ်ရဲ့ ရှယ်ယာ လေးပုံသုံးပုံနီးနီး ၇၄ ရာခိုင်နှုန်းကို ဦးဇော်ဇော်က ပိုင်ဆိုင်ပြီး ဧရာဝတီဘဏ် ပူးတွဲတည်ထောင်သူနဲ့ အမှုဆောင်မဟုတ်တဲ့ ဒုဥက္ကဋ္ဌ ဒေါ်ဌေးဌေးခိုင်ကတော့ ဘဏ်ရဲ့ ရှယ်ယာကို ၁၂.၂၄ရာခိုင်နှုန်းနဲ့ ဒုတိယအများဆုံးပိုင်ဆိုင်ထားတာကို ဧရာဝတီဘဏ်ရဲ့ တရားဝင်သတင်းအချက်အလက်တွေအရ သိရပါတယ်။

ဧရာဝတီဘဏ်ကို အများပိုင်ကုမ္ဗဏီအဖြစ် ပြောင်းလဲရင် အများထံက ရင်းနှီးငွေရရှိနိုင်တယ်။ တဘက်မှာလည်း အများပိုင်ကုမ္ဗဏီဖြစ်ရင် အများမပိုင်ကုမ္ဗဏီထက် ပွင့်လင်းမြင်သာမှုရှိဖို့ လိုအပ်လာမယ်၊ ရှယ်ယာဝယ်ယူထားသူတွေနဲ့ မီဒီယာတွေရဲ့ မေးမြန်းစေ့ငုမှုတွေကို ဖြေဆိုဖို့ ပိုလာအပ်လာပါလိမ့်မယ်လို့ စီးပွားရှင်က မြင်ပါတယ်။

ဘဏ်ခွဲ ၂၆၅ ခုရှိပြီး ဘဏ်ဝန်ဆောင်မှုသုံးစွဲသူ ၃.၂သန်းကျော်ရှိတဲ့ ဧရာဝတီဘဏ်ဟာ မြန်မာနိုင်ငံမှာ ဒုတိယအကြီးဆုံး ပုဂ္ဂလိကဘဏ်ဖြစ်တယ်လို့ ဧရာဝတီဘဏ်ရဲ့ website မှာ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံမှာ အအောင်မြင်ဆုံးပုဂ္ဂလိကဘဏ်တွေထဲမှာ အပါအဝင်ဖြစ်တဲ့ ဧရာဝတီဘဏ်ဟာ ရန်ကုန်စတော့အိတ်ချိန်းမှာ ရှယ်ယာတွေ တင်ရောင်းတဲ့အထိ လုပ်မှာလားတော့ ပြောဖို့ စောပါသေးတယ်လို့ စီးပွားရှင်က မြင်ပါတယ်။

လောလောဆယ် ရန်ကုန်စတော့အိတ်ချိန်းမှာ မြန်မာနိုင်ငံသားများဘဏ်နဲ့ ပထမပုဂ္ဂလိကဘဏ် ဘဏ်နှစ်ဘဏ်က စတော့ရှယ်ယာတွေ ရောင်းချနေတာကို စီးပွားရှင်က တွေ့ရပါတယ်။

ဧရာဝတီဘဏ်သာ ရန်ကုန်စတော့အိတ်ချိန်းကို ဝင်ရောက်လာရင်တော့ ရန်ကုန်စတော့အိတ်ချိန်း ပိုမိုရှင်သန်ကြီးထွားလာမှာ ဖြစ်တယ်၊ ဧရာဝတီဘဏ်အတွက်လည်း စတော့အိတ်ချိန်းဝင်ကုမ္ဗဏီဆိုတဲ့ နာမည်နဲ့တကွ တပိုင်တနိုင် ရှယ်ယာဝင်တွေအပါအဝင် ပိုမိုကျယ်ပြန့်တဲ့ အများပြည်သူထံကနေ ရင်းနှီးငွေတွေ ရရှိနိုင်မှာ ဖြစ်ပါတယ်လို့ စီးပွားရှင်က မြင်ပါတယ်။ (မူရင်းရေးသားသူ စီးပွားရှင်အား လေးစားမှုဖြင့် – bkr)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page