ကမ္ဘာပေါ်က ဘယ်နိုင်ငံမှာမှ မရှိတဲ့ မြန်မာ့ဘဏ်စနစ်နဲ့ ပုဂ္ဂလိကဘဏ်တွေရဲ့ နေဝင်ချိန်

ချာချာလည်နေတဲ့ ဘဏ်စာရင်းအသစ်နဲ့စာရင်းဟောင်းများ၊ ၁.၁၀.၂၀၂၀ နေ့အထိ ဗဟိုဘဏ်က ထုတ်ဝေထားတဲ့ ငွေစက္ကူ (Cash) က (၁၉.၇၃) တြီလီယံ ကျော်ကျော်ရှိပြီး ဘဏ်တွေမှာ အပ်နှံငွေ (၅၆.၈၇) တြီလီယံနဲ့ ငွေကြေးစျေးကွက်အတွင်းမှာ ရှိတဲ့ငွေစုစုပေါင်း (Money supply M2) က ( ၇၂.၃၂ ) တြီလီယံ ခန့်ရှိပါတယ် (ငွေကြေးမြှောက်ဖော်ကိန်း Money multiple က (၃.၇) ဆရှိခဲ့ပါတယ်)။ ၃၀.၉.၂၀၂၁ ရောက်တော့ (တစ်နှစ်အတွင်း) ထုတ်ဝေထားတဲ့ငွေကြေးက ( ၃၁.၉၇) တြီလီယံ ဖြစ်သွားပြီး ဘဏ်တွေမှာစုစုပေါင်းအပ်နှံငွေက (၅၃.၈၉) တြီလီယံနဲ့ Money supply က (၈၀.၅၃) တြီလီယံ ဖြစ်သွားပါတယ်။

ဗဟိုဘဏ်က တစ်နှစ်အတွင်း ငွေစက္ကူကို (၁၂) တြီလီယံ ကျော်ကျော်တိုးပြီးရိုက်နှိပ်ထုတ်ဝေခဲ့ပေမယ့် အပ်နှံငွေပမာဏက (၃) တြီလီယံကျော်ကျော် လျော့သွားပြီး လှည့်လည်သုံးစွဲငွေ စုစုပေါင်း(Money supply M2) ပမာဏက (၅.၈) တြီလီယံကျော်သာလျှင် မြင့်တက်သွားခဲ့တာကိုတွေ့ရပါမယ်။ (ငွေကြေးမြှောက်ဖော်ကိန်းက ၂.၅ ဆသာ ရှိပါတော့တယ်)ဒါဟာ ငွေကြေးဖောင်းပွလာရခြင်း (Inflation) ရဲ့ အဓိကအကြောင်းရင်းတစ်ခုဘဲဖြစ်ပါတယ်။

စကစက မဲမသာမာမှု အကြောင်းပြချက်တွေနဲ့ နိုင်ငံတော်အာဏာကို သိမ်းခဲ့ချိန်မှာ ဆန့်ကျင်ဘက်အဖွဲ့အစည်းတွေရဲ့ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှုတစ်ခုအနေနဲ့ ဘဏ်အပ်နှံငွေတွေကိုပြန်ထုတ်ကြဘို့ လှုံ့ဆော်ခဲ့တယ်။ ပထမပိုင်းမှာ ပျက်စီးစေလိုတဲ့စိတ်နဲ့ တန်းစီပြီး ထုတ်ခဲ့ကြပေမယ့် ဘဏ်တွေက သူတို့ရဲ့အပ်နှံငွေတွေကို လိုသလောက်ထုတ်မပေးနိုင်ကြောင်း သိလာကြတဲ့ နောက်ပိုင်းမှာ ဘဏ်တွေအပေါ်ယုံကြည်မှု ပျက်ယွင်းလာကြပြီး ရှိသမျှအပ်ငွေတွေကို အကုန်န် ထုတ်ပစ်ဖို့ ကြိုးစားလာကြပါတယ်။

ဘဏ်ဆိုတာက အပ်နှံငွေတွေကိုလက်ခံပြီး ချေးငွေတွေ ထုတ်ချေးရတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ သူတို့ရဲ့လက်ထဲမှာ အပ်နှံငွေရဲ့ ၂၀% ခန့်ကိုသာ ငွေဖြစ်လွယ်ကူမှု (Liquidity) အတွက်ကိုင်ထားတာမို့လို့ ဒီငွေကိုသာထုတ်ပေးနိုင်ပါတယ်။

ဒီအချိန်မှာ ဗဟိုဘဏ်က ၂၀/၂၀၀ အမိန့်ကိုထုတ်ပါတယ်။ တဦးချင်းအကောင့်တွေဆိုရင် သိန်း၂၀၊ ကုမ္ပဏီအကောင့်ဆိုရင် သိန်း ၂၀၀ ထိသာထုတ်ပေးဖို့နဲ့ ဘဏ်အချင်းချင်း ငွေလွှဲပြောင်းခြင်းကို အကန့်အသတ်မရှိဆောင်ရွက်ပေးဘို့ဖြစ်တယ်။ ဒါ့အပြင်ထပ်ကွန့်လိုက်တာက မိမိငွေဖြစ်လွယ်ကူမှုကို မိမိဘာသာထိန်းသိမ်းဖို့ ဖြစ်ပါတယ်။

ဒီညွှန်ကြားချက်အရ ဘဏ်တွေဟာ နေ့စဉ်ငွေထုတ်ပေးမှုကို လူဦးရေဖြင့်ကန့်သတ်ခြင်း၊ ဘဏ်ဖွင့်/ပိတ်ချိန်ကို မိမိဘာသာကန့်သတ်လိုက်ခြင်း၊ ဘဏ်ခွဲအချို့ကို လုံခြုံရေးအကြောင်းပြချက်ဖြင့် ယာယီပိတ်လိုက်ခြင်း၊ တုံကင်စံနစ်ဖြင့်သာ လူဦးရေကန့်သတ်ထုတ်ပေးခြင်းတွေ အပြင် ထုတ်ပေးငွေကိုလည်း ဗဟိုဘဏ် ညွှန်ကြားချက် ၂၀/၂၀၀ အောက်သို့လျော့ချလိုက်ခြင်းတို့ကိုဆောင်ရွက်ခဲ့ကြပါတယ်။ အပ်နှံငွေတွေကိုယာယီအားဖြင့်ထိန်းသိမ်းနိုင်ပေမဲ့ ပြည်သူလူထုရဲ့ ဘဏ်တွေအပေါ် ယုံကြည်မှု (Trust)က အောက်ဆုံးသို့ ကျဆင်းခဲ့ရပါတယ်။

ဒီအချိန်မှာမှ အကောင့်သစ် စည်းမျဉ်းတွေကို ထုတ်ပြန်ခဲ့ပါတယ်။ ၁.၂.၂၁ ရက်နေ့နောက်ပိုင်း ထပ်မံအပ်နှံတဲ့ ငွေတွေရှိခဲ့ရင် ယခင်ကဲ့သို့ပင် ဘဏ်လုပ်ငန်းစည်းမျဉ်းအတိုင်း ကန့်သတ်ချက်မရှိဘဲထုတ်ပေးနိုင်ဖို့ ဖြစ်ပါတယ်။ ဆိုလိုတာက အပ်နှံငွေအသစ်အတွက် အကောင့်အသစ်တွေ ဖန်တီးပေးဖို့ ဖြစ်ပါတယ်။ ဘဏ်တွေကလည်း အမည်အမျိုးမျိုးနဲ့ စာရင်းအသစ်တွေ (Cash account, excellent account, special account အစရှိဖြင့် ) ဖန်တီးခဲ့ကြပါတယ်။ ဒီစာရင်းတွေကိုတော့ စိတ်ကြိုက်ငွေအထုတ်အသွင်းပြုနိုင် ကြပါတယ်။

စကစ ဗဟိုဘဏ်ရဲ့ ရည်ရွယ်ချက်ကတော့ စာရင်းအဟောင်းတွေရဲ့ ငွေသားထုတ်ယူမှုကို ထိန်းချုပ်ထားမယ်။ စာရင်းအသစ်တွေကို ဖွင့်ခွင့်ပေးပြီး ဘဏ်လုပ်ငန်းစံနစ်အသစ်ကို ပြန်စမယ်။ ဒီအချိန်မှာဘဲ နည်းမျိုးစုံနဲ့ စာရင်းအဟောင်းတွေကို စာရင်းသစ်ဖြစ်သွားအောင် ဘဏ်တွေက လုပ်ပေးကြမယ်။

စာရင်းအဟောင်းတွေ အားလုံး စာရင်းအသစ် ဖြစ်သွားဖို့ အချိန်တစ်ခုလိုမယ်။ ဒီကာလအတွင်း ဘဏ်တွေအပေါ်မှာ ပြည်သူတွေရဲ့ ယုံကြည်မှုကို ပြန်လည်တည်ဆောက်နိုင်လိမ့်မယ်။ အဲ့ဒီကာလနှစ်ခု (ယုံကြည်မှုတည်ဆောက်တဲ့ ကာလနဲ့ စာရင်းဟောင်းတွေ စာရင်းအသစ်ထဲကို ကူးပြောင်းတဲ့ကာလ) ဟာ အချိုးညီ (Harmony) ဖြစ်ဖို့ လိုပါတယ်။ ဆိုလိုတာက ကူးပြောင်းတဲ့ကာလ မတိုင်ခင်မှာ ယုံကြည်မှုတည်ဆောက်ခြင်း ကိစ္စ ပြီးစီးဖို့ ဖြစ်ပါတယ်။

စာရင်းဟောင်းမှ စာရင်းအသစ်ကို ပြောင်းတဲ့နေရာမှာ အရိုးရှင်းဆုံးနည်းကတော့ တိုကင်ယူ တန်းစီထုတ် တစ်ပါတ်တစ်ကြိမ် ကန့်သတ်ထားတဲ့ ငွေပမာဏကိုရမယ်။ နောက်တစ်နည်းက ရှိတဲ့စာရင်းဟောင်းကို ပြင်ပကငွေရှင်ဆီမှာ(၅% မှ ၁၀%) ထိပေးပြီး Cash နဲ့ လဲ တဲ့နည်းဖြစ်တယ်။

နောက်တစ်နည်းက မူလဘဏ်က စာရင်းဟောင်းမှာရှိတဲ့ငွေကိုအခြားဘဏ်ကို နဲ့လွှဲပေး အဲ့ဒီဘဏ်အသစ်မှာ ၂၀/၃၀% လောက် ငွေသား(Cash ) ကိုထုတ်ပြီး ကျန်တာကို ၃/၆ လလောက် (အချို့လည်းတစ်နှစ်လောက်အထိ) စာရင်းသေအပ်ငွေနဲ့ထား ပြီးရင် အခြားဘဏ်တစ်ခုကို ထပ်လွှဲ ဒီလိုနည်းတွေ ရှိတယ်။

နောက်တစ်နည်းက စာရင်းဟောင်း အပ်ငွေကို ပေါင်ပြီး အဲ့ဒီအပ်ငွေရဲ့ ၈၀% လောက်အထိကို ချေးငွေအနေနဲ့အတိုးကြီးကြီးရယူပြီး ငွေစက္ကူ ရယူတဲ့နည်းလဲရှိတယ်။ ဒါတွေအပြင် ဘဏ်ငွေလွှဲနဲ့ လက်ခံတဲ့ အိမ်ခြံမြေ၊ ကားတွေကို စျေးကြီးကြီးပေးဝယ်ပြီး ငွေဖော်တဲ့နည်းကိုလည်းသုံးကြတယ်။

ဒါတွေကိုဆန့်ကျင်ပြီး မိမိဘဏ်က အပ်နှံငွေတွေ မလျော့စေဖို့အတွက် ဘဏ်တွေက အတိုးကြီးကြီးပေးပြီးစွဲဆောင်တယ်။ ဒါ့အပြင် ဗဟိုဘဏ် ညွှန်ကြားချက်မှ သွေဖီပြီး ငွေလွှဲ နဲ့ငွေထုတ်တာတွေကိုလည်း ကန့်သတ်ချုပ်ချယ်မှုတွေ လုပ်လာတယ်။

ဘဏ်ချင်း မတူရင် တဘဏ်နဲ့တဘဏ်ငွေလွှဲ (Remittance) လုပ်လို့မရတော့ဘူး (Clearing/ CCT) နဲ့ဘဲလွှဲလို့ရတော့တယ်။ ဒါတွေကို ဗဟိုဘဏ်က ကြီးကြပ်ထိန်းသိမ်းခြင်း မလုပ်သလို ဘဏ်အချင်းချင်းလည်း ညိှနိူင်းဆောင်ရွက်လို့ မရခဲ့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဘဏ်တွေအနေနဲ့ ကိုယ့်ငွေဖြစ်လွယ်မှုကို ထိန်းပါလို့ ပြောထားတဲ့ ဗဟိုဘဏ် အမိန့်ကြောင့်ပဲ ဖြစ်ပါတယ်။ ငွေအပ်နှံသူများအနေနဲ့ မိမိတို့ရဲ့အပ်နှံငွေတွေကို ပြန်ထုတ်လို့မရတဲ့အတွက် စိတ်ပူသလို ဘဏ်တွေအပေါ် စိတ်လည်းဆိုးခဲ့ကြပါတယ်။ ဘယ်သူ့အပြစ်လို့ လက်ညိုးထိုးခဲ့ကြပေမယ့် ဘဏ်တွေအပေါ်မှာပဲ အဓိက သက်ရောက်ခဲ့ပါတယ်။

ဘဏ်တွေအနေနဲ့လဲ တစ်ချိန်က ( အပ်နှံငွေတွေလိုချင်တဲ့အချိန်) က ကာစတန်မာတွေထံကို မျက်နှာချိုသွေး အလွန်အကျွံ ဝန်ဆောင်မှုတွေပေးပြီး အောက်ကျို့ခံခဲ့ကြပေမဲ့ အပ်ငွေတွေပြန်ထုတ်ကြတဲ့အချိန်ကြတော့ ငါပေးမှရမှာပါဆိုတဲ့ အစိုးရဘဏ်တွေက ရှေးရိုးစွဲ အဖွားကြီးတွေ အိုက်တင်မျိုးနဲ့ အချိုးမပြေဆောင်ရွက်ခဲ့ကြပါတယ်။ အထူးသဖြင့်တော့ ဘဏ်ခွဲတာဝန်ခံ တော်တော်များများပါဘဲ။ ဖုန်းဆက်လည်း မကိုင်ကြတော့ပါဘူး။ မဖြစ်မနေ ဥပဒေနဲ့အညီ ငွေထုတ်ပေးရမယ်ဆိုရင်တောင် ရနိုင်သမျှနည်းလမ်းရှာပြီး နည်းအမျိုးမျိုးနဲ့ တားစီးဖို့ကြိုးစား တော့တာပါဘဲ။

ဒီလိုဝန်ဆောင်မူပိုင်းဆိုင်ရာ အားနည်းချက်တွေကြောင့် ပြည်သူတွေအမြင်မှာ ဘဏ်တွေဟာ ရွံရှာစရာ အဖွဲ့အစည်းတစ်ခုလိုအမြင်ခံနေရပါတယ်။ ဒါတွေကို အချိန်မီ ပြင်ဆင်နိုင်ခြင်းမရှိရင်တော့ အထက်က တင်ပြခဲ့သလို စာရင်းဟောင်းတွေအကုန် စာရင်းအသစ်တွေအဖြစ်ပြောင်းပြီးလို့ ငွေသားကိုစိတ်ကြိုက်ထုတ်လို့ရ ရမယ့် အချိန်ရောက်ရင်တောင် ပြည်သူတွေရဲ့ ယုံကြည်မှုကို ပြန်လည်တည်ဆောက်နိုင်ခြင်းမရှိသေးလို့ ထပ်ပြီး ငွေဖြစ်လွယ်မှု အကျပ်အတည်း (Liquidity crisis) ဖြစ်နေဦးမှာပဲ ဖြစ်ကြောင်း မြင်နေရပါတယ်။

ဒါကြောင့်မို့ ဘဏ်တွေအပေါ် ပြည်သူတွေရဲ့ ယုံကြည်မှုကို ပြန်လည်တည်ဆောက်ကြဘို့ ဗဟိုဘဏ် အနေနဲ့ ကာစတန်မာတွေ ရွေးချယ်မှုအတိုင်း ဘဏ်အချင်းချင်း ငွေလွှဲ Transfer ( Clearing/ CCT) လုပ်တာကို ကန့်သတ်ချက်မထားဘဲ လွတ်လပ်စွာပြုလုပ်ခွင့်ကို ဗဟိုဘဏ် ၏ ညွှန်ကြားချက်အတိုင်းလိုက်နာဖို့ ထိန်းကျောင်း ပေးပါ။

ဘဏ်က တာဝန်ရှိသူများကလည်း ဘဏ်ဝန်ထမ်းတွေ အထူးသဖြင့် ဘဏ်ခွဲတာဝန်ခံတွေရဲ့ (မရှိဘူး ၊မသိဘူး ၊ကုန်ပြီဆိုတဲ့) သမဝါယမစာရေးမကဲ့သို့သော ဆက်ဆံရေးကို အချိန်မီပြုပြင်ပေးပါ။ ဒီလိုမှ မဟုတ်ရင်တော့ စာရင်းသစ်တွေ စာရင်းဟောင်းတွေကြားမှာပဲ လုံးလည်ခြာလည်လိုက်ရင်း မိုးကြီးချုပ်နေဦးမှာပါဘဲ။ (ကျော်သူရ (ဘဏ်)) (စာရေးသူရဲ့ မူရင်း အာဘော်ကို ပြန်လည် ဖော်ပြခြင်းသာ ဖြစ်ပါတယ်)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page