လပြည့်နေ့မှာ နေပြည်တော်ရှိ ဘုရားစေတီများတွင် ဘုရားဖူး မရှိသလောက် နည်းပါးနေ
ယနေ့ သီတင်းကျွတ်လပြည့်နေ့မှာ ရန်ကုန်၊ မန္တလေးရှိ ဘုရားစေတီများ၌ လာရောက်ဖူးမြှော်သူများဖြင့် စည်ကားနေပေမယ့်လည်း စကစ ရုံးစိုက်ရာ နေပြည်တော်မှာတော့ ဘုရားဖူးသူ၊ အလည်အပတ်ထွက်သူများ နည်းပါးလျက် ရှိနေကြောင်း သိရပါတယ်။
ယခင်အခါကြီး ရက်ကြီးတွေမှာ လူစည်ကားတတ်တဲ့ နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မှာ ယနေ့ လာရောက် ဖူးမြှော်သူတချို့ ရှိပေမယ့်လည်း ယခင်လပြည့်နေ့တုန်းကလို လူသိပ်မရှိတာ တွေ့ရကြောင်း ဒေသခံများဆီက သိရပါတယ်။
ထို့ပြင် နေပြည်တော် ရပ်တော်မူ မဟာမြတ်မုနိစေတီ၊ ရန်အောင်မြင် စေတီ၊ ဓာတ်ပေါင်းစုစေတီများနှင့် ပျဉ်းမနားမြို့ပေါ်ရှိ ဘုရားကိုးဆူစေတီတို့မှာလည်း ဘုရားဖူးဧည့်သည်များ လာရောက်သော်လည်း နည်းပါးတယ်လို့ ဒေသခံ များထံမှ သိရှိရပါတယ်။
ရန်ကုန်မြို့မှာလည်း ရွှေတိဂုံစေတီနှင့် တခြားနာမည်ကြီး စေတီများမှာ ဘုရားဖူးများနဲ့ မနက်ပိုင်းမှာ စည်ကားပေမယ့်လည်း နေ့လယ်ပိုင်းမှာတော့ ဘုရားဖူးများ ကြဲပါးသွားတယ်လို့ သိရပါတယ်။
ရန်ကုန်မြို့ခံများအနေနဲ့ ဘုရားဖူး သိပ်မလာကြဘဲ ရန်ကုန်မြို့စွန်ရှိ စက်မှုဇုန်များနဲ့ အထည်ချုပ်စက်ရုံများမှ ပြည်သူများသာ လာရောက်ကြတယ်လို့ လူမှုကွန်ရက်မှာ ရေးသားမှုတွေ ရှိနေပါတယ်။