ရန်ကုန်မှာ ယနေ့ည ရုတ်တရက်တိုက်ခတ်သွားတဲ့ လေပြင်းကြီး ဖြစ်ပေါ်လာတဲ့ အကြောင်းရင်း
မွန်ပြည်နယ်နဲ့ စစ်တောင်းမြစ်ဝပေါ်မှာ ရုတ်တရက်ဖြစ်လာတဲ့ တိမ်ထုကြီးကြောင့် “စိုက်ဆင်းလေပြင်း”တိုက်တာ ရန်ကုန်အရှေ့ပိုင်းခရိုင်နဲ့ တောင်ပိုင်းခရိုင်ဒေသတချို့ လေပြင်းတွေကျသွားတယ်လို့ ကြားရပါတယ်။
စိုက်ဆင်းလေပြင်းရဲ့သဘောကတော့ ခဏပါဘဲ မိုးနောက်ကလိုက်ရွာပြီး အပူအအေးနဲ့ ဖိအားတွေမျှသွားရင် ရပ်သွားတာပါဘဲ။ စိုက်ဆင်းလေပြင်းတိုက်လိုက်တဲ့ခဏမှာတော့ တခါတရံ တစ်နာရီ မိုင်၅၀ ၆၀ လောက်အထိ gust wind(ရုတ်တရက် ဆောင့်တိုက်တဲ့ လေပြင်း)တိုက်တတ်ပါတယ်။
မုန်တိုင်းတို့ လေပွေလှိုင်းတို့ လေဖိအားနည်းရပ်ဝန်းတို့က မဖြစ်သေးပါဘူး။ ဒီဇင်ဘာ ၄ ရက်နေ့မှ ကပ္ပလီပင်လယ်တောင်ပိုင်းမှာ စဖြစ်မယ်ဆိုတဲ့ ကြိုတင်ခန့်မှန်းချက်အတိုင်းပါဘဲ။ စိုက်ဆင်းလေပြင်းအကြောင်းကို ဆက်လက် ဖော်ပြ ပေးလိုက်ပါတယ်-
နွေရာသီမှာဖြစ်စေ၊ မိုးရာသီအစမှာဖြစ်စေ မိုးတိမ်တောင်ကြီးတွေ ဖြစ်လာတာက စ လို့ စိုက်ဆင်းလေပြင်း ဆိုတာ ဖြစ်လာပါတယ်၊ နွေရာသီမှာတော့ “ခြောက်သွေ့စိုက်ဆင်းလေပြင်း”ဆိုတာဖြစ်ပြီး၊ မိုးရာသီမှာ “စိုစွတ်စိုက်ဆင်းလေပြင်း”ဆိုတာ ဖြစ်တတ်ကြောင်းလဲ ရှင်းပြခဲ့ပြီးပါပြီ။
Dry Downburst ဖြစ်တဲ့အခါ တချို့နေရာတွေမှာ မိုင် အစိတ်လောက် တိုက်ပေမဲ့ တချို့နေရာတွေမှာ မိုင် ၅၀ ကျော်အထိ တိုက်တယ်၊ မိနစ်ပိုင်းတိုက်ပြီး ပြီးသွားရော။ Wet Downburst က ပိုကြောက်စရာကောင်းမယ်ထင်တယ်၊ လေအားရော ရေရဲ့ အလေးချိန် weight ရော ပါတော့ ပိုပြင်းနိုင်မယ်။
မိုးဦးကျ မိုးတိမ်တောင်ကြီးတွေက ဆင်းလာတဲ့ စိုက်ဆင်းလေပြင်းက ပိုကြောက်စရာကောင်းလိမ့်မယ်။ စိုက်ဆင်းလေပြင်းတွေကို Microburst လို့လဲ ခေါ်ကြတယ်။
လေယာဉ်တွေအတွက် အန္တရာယ်အရှိဆုံး စိုက်ဆင်းလေပြင်းပါ။ မုန်တိုင်းက ကြိုသိတယ် ကြိုရှောင်လို့ရတယ်၊ ဘယ်နေရာ ဘယ်လောက်တိုက်မယ်ဆိုတာ ခန့်မှန်းနိုင်တယ် စိုက်ဆင်းလေပြင်းကတော့ ရုတ်တရက် ဖြစ်လာတယ်၊ ခဏလေးနဲ့လဲ ပြီးသွားတယ်၊ အပျက်အစီးကတော့ တိုက်လိုက်တဲ့ လေတိုက်နှုန်းပေါ်မူတည်ပြီးတော့ ဖြစ်တာအနည်းနဲ့အများ ကွာသွားမှာပါ။ (U Win Naing)