လက်ထဲ ဒေါ်လာ မရှိတော့တဲ့ စကစ စက်သုံးဆီ အကြွေးပေးနိုင်မယ့် ကုမ္ပဏီကို အသည်းအသန် ရှာနေ

မြန်မာနိုင်ငံအတွင်း လိုအပ်နေသည့် စက်သုံးဆီ ဝယ်ယူတင်သွင်းရာတွင် ဆိုင်းငံ့ငွေပေးချေမှု စနစ်ဖြင့် တင်သွင်းနိုင်မည့် သွင်းကုန်လုပ်ငန်းရှင်များရှိပါက ဝန်ဆောင်မှုပေးရန် စကစ လက်အောက်ခံ စီးပွားကူးသန်း ဝန်ကြီးဌာနက ကြေညာလိုက်ပါတယ်။ စကစ လက်အောက်ခံ စီးပွားကူးသန်း ဝန်ကြီးဌာန စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ ဇွန်လ (၂၄) ရက် ရက်စွဲဖြင့် မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်းထံ အကြောင်း ကြားစာ‌ပေးပို့ခဲ့ခြင်း ဖြစ်ပါတယ်။

“တကယ်တော့ လတ်တလောကာလမှာ စက်သုံးဆီကို နိုင်ငံခြားသုံးငွေ ထုတ်ပေးနိုင်သလောက်ပဲ ဆီတင်သွင်းနေသူများမှ တင်သွင်းနေခြင်းဖြစ်ပါတယ်။ နိုင်ငံ ခြားသုံးငွေထုတ်ပေးနိုင်မှု အနည်းငယ် နှောင့်နှေးသွားတာနဲ့စျေးကွက်အတွင်း ဆီမလုံလောက်မှုများဖြစ်နိုင်တဲ့အလားအလာလည်းရှိပါတယ်။

ဒါ​ကြောင့်စက်သုံးဆီတင်သွင်းဖြန့်ဖြူးရေးကြီးကြပ်မှုကော်မတီမှ မလိုလားအပ်ပဲ ဆီပြတ်လတ်မှု ဖြစ်ပေါ်လာမယ့်အလားအလာလျှော့ချဖို့ရည်ရွယ်ပြီး Differ Payment နဲ့တင်သွင်းနိုင် သူ​တွေကို ဖိတ်ခေါ်တာဖြစ်မယ်” လို့ စက်သုံးဆီ တင်သွင်းသူတဦးက ပြောပါတယ်။

ဝန်ကြီးဌာနရဲ့ ယခုဖိတ်ခေါ်မှုအပေါ် ဆောင်ရွက်ပေးနိုင်မယ့် လုပ်ငန်းရှင်များအနေဖြင့် စကစ လက်အောက်ခံ စီးပွားကူးသန်းဝန်ကြီး ဌာန စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီထံ အမြန်ဆုံး တင်ပြကြရန်လည်း အဆိုပါ အကြောင်းကြားစာတွင် ဖော်ပြထားပါတယ်။

ယင်းသို့ တင်သွင်းရာတွင်လည်း ဝယ်ယူရရှိနိုင်မည့် Supplier ကုမ္မဏီ၊ ဆိုင်းငံ့ငွေပေးချေမှုစနစ်ဖြင့်ဝယ်ယူနိုင်မည့် စက်သုံးဆီအမျိုးအစား၊ Importer နှင့် Supplier ကြား သဘောတူညီထားသော အချက်များ၊ အများဆုံး ဆိုင်းငံ့ပေးထားနိုင်မည့် စက်သုံးဆီ ပမာဏနှင့် အချိန်ကာလကိုပါ တင်ပြပေးရမည်ဟုလည်း စီးပွားကူးသန်း ဝန်ကြီးဌာန ထံမှ သိရပါတယ်။

ယခုလို စက်သုံးဆီ အကြွေးပေးနိုင်မယ့် ကုမ္ပဏီကို ခေါ်ယူလိုက်ခြင်းကြောင့် စက်သုံးဆီ အတွက် လက်ငင်း ငွေပေးချေဖို့ ဒေါ်လာ ပမာဏ စကစ လက်ထဲမှာ မရှိတာက သေချာသွားပါပြီ။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းပြီးကတည်းက နိုင်ငံတကာ စက်သုံးဆီကုမ္ပဏီတွေက စကစကို စက်သုံးဆီ အကြွေး မရောင်းတော့ပါဘူး။

ဒေါ်လာ အရင်ပေးမှ စက်သုံးဆီတွေ ဆိပ်ကမ်းမှာ ချပေးမယ့် အနေအထားတွေ ဖြစ်လာတာကြောင့် စကစ အနေနဲ့ စက်သုံးဆီ အကြွေးပေးမယ့် ကုမ္ပဏီတွေကို အသည်းအသန် လိုက်ရှာနေရတာ ဖြစ်ပါတယ်။ ယခုလို အခြေအနေတွေကြောင့် စကစရဲ့ စက်သုံးဆီ ဈေးနှုန်း ထိန်းချုပ်နိုင်ရေး အိပ်မက် ပျက်ပြယ်သွားပြီး မြန်မာပြည် အနေနဲ့ စက်သုံးဆီ ပြတ်လမ်မှုကို ပိုမိုခံစားရဖွယ်ရှိပြီး ဈေးနှုန်း အဆမတန်ကြီးမြင့်လာမှာ ဖြစ်ကြောင်း ဈေးကွက်ပညာရှင်တဦးက သုံးသပ်ထားပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page