ချိုင်းနားကို တရုတ်လို့ ရွှေမြန်မာတွေ ခေါ်ဆိုရတဲ့ သမိုင်းကြောင်း (အများထင်သလို မဟုတ်ပါဘူး)

ချိုင်းနားကို ဘာဖြစ်လို့ တရုတ် လို့ ခေါ်ဝေါ်ကြတာလဲ။ ချိုင်းနားကို ကျွန်တော်တို့ မြန်မာတွေက တရုတ် လို့ ခေါ်ဝေါ်ကြတယ်​။ တရုတ်တွေက ကျွန်တော်တို့ မြန်မာ ကို မြန်တျန့် လို့ ခေါ်ဝေါ်တယ်။

မြန်မာကို မြန်တျန့် လို့ ခေါ်တာက ဘာသာစကား အသံထွက် ဖလှယ်မှုအရ နီးစပ်မှုရှိပြီး ချိုင်းနား (China) ကို မြန်မာတွေက တရုတ် လို့ ခေါ်တာကတော့ အသံဖလှယ်မှုအရ တခြားစီ ဖြစ်နေတဲ့အတွက် ကျွန်တော့အဖို့ ပဟေဋိတခု ဖြစ်ခဲ့ပါတယ်။

ချိုင်းနား – တရုတ် စကားလုံးရဲ့ ဇစ်မြစ်ကို သိချင်လွန်းလို့ လိုက်လံရှာဖွေ မေးမြန်း ဖတ်ရှုခဲ့ တာလည်း အတော်ကြာခဲ့ပါပြီ။ သို့သော်လည်း သဲလွန်စတောင် မရခဲ့ပါဘူး။ ဒါပေမဲ့ ဇွဲမလျော့ပါဘူး။ ဒီလိုနဲ့ တနေ့သောအခါ ၂၃.၁၁.၂၀၁၉ ညနေခင်းအခါသမယတွင် ဂူဂဲမှာ တရုတ်ပြေးမင်းလို့ ရိုက်ထည့်ပြီး ရှာကြည့်တယ်။

ပုဂံမင်း နရပတိစည်သူ အကြောင်း တွေ့ရတယ်။ ငဆောင်ချမ်း တိုက်ပွဲ အကြောင်း တွေ့ရတယ်။ ဖတ်ကြည့်လိုက်တယ်။ မွန်ဂိုတာတာ တွေ မြန်မာနိုင်ငံထဲ ဝင်ရောက်လာတာကို ဖတ်ရတယ်။ ဒီနေရာမှာ တာတာ ဆိုတဲ့ စကားလုံးက တရုတ် နဲ့ ဆက်စပ်နေမလား လို့ စဉ်းစားမိတယ်။ မွန်ဂို လို့ မရေးဘဲ ဘာဖြစ်လို့ မွန်ဂိုတာတာ လို့ ရေးတာလဲ။

မွန်ဂို နဲ့ တာတာ ဟာ အတူတူပဲလား၊ ပေါင်းစပ်ထားတာလား။ ကမ္ဘာ့မြေပုံကို ပြန်ကြည့်ပြီး တရုတ် မွန်ဂိုလီးယား မန်ချူးရီးယား တိဗက် ရုရှား တူရကီ နိုင်ငံများရဲ့ နယ်နမိတ် ထိစပ်မှုကို လေ့လာဖြစ်သွားတယ်။ အာရှ ဥရောပ ပိုးလမ်းမအကြောင်း ပြန်လည် ဖတ်ရှုဖြစ်တယ်။ တူရကီ ဆိုတာလည်း တရုတ် နဲ့ အသံဖလှယ်မှုအရ ဆက်စပ်လို့ ရနိုင်တယ်။ ငါ့မှာ ဘာသမိုင်း စာအုပ် ရှိသလဲလို့ စဉ်းစားမိတယ်။

ရေးရေးလေး ပေါ်လာပြီ။ လွန်ခဲ့တဲ့ ၅နှစ်လောက်က ရန်ကုန် ကို ပြန်ရောက်တဲ့အခါမှာ ရူပဗေဒက သူငယ်ချင်း Sabe Lwin လက်ဆောင်ပေးခဲ့တဲ့ စာအုပ်တအုပ် မှာ ဖေါ်ပြထားတဲ့ အကြောင်းအရာ အချို့ကို အမှတ်ရမိတယ်။ စာအုပ်အမည်က – SELECTED WRITINGS OF U YI SEIN၊ ဦးရည်စိန် ၏ လက်ရွေးစင် စာတမ်းများ၊ အိမ်ရှေ့က စာအုပ်ဘီဒို မှာ အမှတ်ရမိတဲ့ စာအုပ်ကို သွားရှာကြည့်တယ်။ တွေ့ပါတယ်။ စာအုပ်ကို ယူပြီး ဖတ်ကြည့်တယ်။ စာအုပ်ဆိုသော်လည်း မဂ္ဂဇင်းမှာ ရေးထားတဲ့ အကြောင်းအရာများကို ပြန်လည်စုစည်းပြီး စာအုပ်အဖြစ် ထုတ်ဝေထားတာ ဖြစ်တယ်။

​ရေးထားတဲ့ အကြောင်းအရာတွေက ရှေးတရုတ်တို့ သိခဲ့သော ပျူနိုင်ငံများ၊ ပျူအကြောင်း၊ ဗိသာနိုး၊ သုဝဏဘူ၊ ရှေးဟောင်း ထိုင်း ရှမ်းများ၊ တိဗက်၊ ထိုင်း ရှမ်း၊ စိန့်တိုင်း တို့ ဖြစ်ပြီး ဒီထဲက စိန့်တိုင်း ခေါင်းစဉ်အောက်မှာ တရုတ် တရက် ဟူသော အမည်များ၏ ဇာစ်မြစ် ကို ဖတ်ရှု ကြည့်ပါတယ်။

ဒီစာအုပ်ရဲ့ စာမျက်နှာ ၄၃၁ ကနေ ၄၄၀ မှာ ဆရာကြီးရဲ့ ရေးသားမှုတွေဖြစ်တဲ့ တရုတ် တရက် ဟူသော အမည်များ၏ ဇာစ်မြစ် ခေါင်းစဉ်ခွဲ အောက်က အကြောင်းအရာတွေကို အကျဉ်းချုပ်ကြည့်ရင် “BC 403- 220 အချိန်အခါက ယခု တရုတ်နိုင်ငံ ၏ အနောက်ဖက်တွင် Chin အမည်ရှိသော ပဒေသရာဇ်နယ် ရှိခဲ့သည်။ ထိုနယ်တွင် Cheng အမည်ရသောမင်း လက်ထက်၌ အခြားသော ပဒေသရာဇ်နယ်များကို တိုက်ခိုက်အောင်မြင်ပြီး တရုတ်နိုင်ငံ တခုလုံးကို စုစည်း၍ ချင် မင်းဆက်ကို တည်ထောင်ခဲ့သည်။

မိမိကိုယ်ကိုလည်း Shi Huang Di ပထမ ဧကရာဇ် ဟူသော ဘွဲ့ကို ခံယူသည်။ တရုတ်တို့က Qin Shi Huang Di ဟု ခေါ်ကြသည်။ Shi Hung Di တက်လာပြီးသည့်နောက် တရုတ်နိုင်ငံ မြောက်ဖက်တွင် မကြာခဏ ချင်းနင်း လာရောက်တတ်သည့် တုရ်က် အနွယ်ဝင် အမျိုးစု (Turkie Tribes) ဖြစ်သော Hun တို့ကို ဟန့်တားနိုင်ခဲ့သည်။

Shi Hung Di သည် တရုတ်နိုင်ငံ အနောက်တောင်ဖက်တွင် ရှိသော Tien Kingdom ကိုလည်း သိမ်းပိုက်ရန် ကြံစည်လာသည်။ Chin မင်းဆက် ကို အိန္ဒိယတိုင်းသားတို့က စိန (Cina) ဟု ခေါ်ဝေါ်ပြီး Chin မင်းဆက် အုပ်စိုးသောဒေသကို စိနရဋ္ဌ ဟု ခေါ်တွင်လာသည်။ Shi Hung Di ကွယ်လွန်ကြီး ၃နှစ်အကြာတွင် Chin Dynastry ပျက်သုဉ်းပြီး Han Dynasty တက်လာသည်။

သို့သော်လည်း အိန္ဒိယတိုင်းသားတို့က စိနဒေသ (စိနရဋ္ဌ) ဟု ဆက်လက် ခေါ်တွင်သည်။ ယင်းအမည်သည် ဥရောပနိုင်ငံအထိ ပြန့်သွားပြီး ဥရောပတိုင်းသားတို့က စိန (Cina) ကို အသံဖလှယ်ထားသည့် ချိန (China) ဟု ခေါ်ဝေါ်ကြသည်။

မြန်မာတို့ကလည်း တရုတ်ဒေသကို စိန၊ စိန့် ၊ စိန့်တိုင်း (စိန့်ပြည်) ဟု ခေါ်ဝေါ် ခဲ့ကြသည်။ ခရစ်နစ် ၁၃ ရာစု နောက်ပိုင်းတွင် မြန်မာနိုင်ငံသို့ မွန်ဂိုတပ်များ ဝင်ရောက်လာသည်။ မွန်ဂိုတပ်တွင် တုရ်က် (Turk) စစ်သည်များစွာ ပါလာသည်။ Turk ကို တိဗက်သားတို့က ဒရုဂ် (Drug) ဟု ခေါ်ကြသည်။ (ရှင်ဒိသာပါမောက္ခ ၏ ကျောက်စာတွင် မွန်ဂို တို့ကို တရုတ် ဟု သုံးနှုံးရေးသားထားသည်)

မွန်ဂိုစစ်သည်တို့သည် စိန့်သားတို့နှင့် ဝတ်စားဆင်ယင်မှု အားဖြင့်သော်လည်းကောင်း၊ ဘာသာစကား အားဖြင့်သော်လည်းကောင်း မတူညီကြောင်းကို ပုဂံမြန်မာသားတို့က ကောင်းစွာ ခွဲခြားသိမြင်ခဲ့သည်။ ထို့ကြောင့် မြန်မာတို့သည် အရှေ့မြောက်ဖက်က ချင်းနင်းဝင်ရောက် လာသူများကို စိန့် ဟုမခေါ်ဘဲ တရုတ် ဟူသော အမည်ကို သီးခြားခေါ်ဝေါ်သည်။ သို့ရာတွင် မြန်မာတို့သည် မွန်ဂို ( Mongol) နှင့် တုရ်က် (Turk) ကို သတိမမူကြဘဲ အားလုံးကို တရုတ် ဟု ရောထွေးပြီး ခေါ်လိုက်သည်။

မွန်ဂိုတို့ ချင်းနင်းဝင်ရောက်မှုသည် ပုဂံပြည်ကြီးတခုလုံးကို စိုးမိုးခဲ့၍ မြန်မာတို့၏ မှတ်သားမှုတွင် မွန်ဂို တုရ်က် အခေါ်အဝေါ်မှာ အတော်ခိုင်မြဲစွာ စွဲရစ်ခဲ့သည်။ ပုဂံခေတ် ပျက်သုဉ်းသွားသည့်အခါ မြန်မာတို့က China ကို ယခင်က ခေါ်ခဲ့သောအမည် “စိန့် ” ဟု မခေါ်တော့ဘဲ မွန်ဂို တုရ်က် တို့အား ခေါ်ခဲ့သောအမည် “တရုတ်” ဟူသော အခေါ်အဝေါ်ကို အသုံးပြု ခေါ်ဝေါ် ခဲ့သည်။

မြန်မာတို့သည် စိန့်သားတို့ကို တရုတ် ဟု ပြောင်းလဲ ခေါ်ဝေါ်လာပြီးနောက် ညောင်ရမ်းခေတ် ရောက်လာသောအခါ စိနရဋ္ဌ (ယခု တရုတ်ပြည်) ကို မန်ချူးတို့က စိုးမိုးလာသောခါ မြန်မာတို့က စိန့်တို့ကို တရုတ်၊ မန်ချူးတို့ကို တရက် ဟု ခွဲခြား ခေါ်ခဲ့ကြသည်။ (မြန်မာဘာသာတွင် ဖြုတ်ဖျက်၊ ရုတ်တရက် ဟူ၍ သုံးလေ့ရှိသည်) နောက်ပိုင်းတွင် စိန့် ၊ တရုတ်၊ တရက် တို့ကို တိကျစွာ မခွဲခြားတော့ဘဲ အားလုံးကို “တရုတ်” ဟု ရောထွေးခေါ်လိုက်တော့သည်။”

ဒီအကြောင်းအရာတွေကို ရေးခဲ့တဲ့ သမိုင်းဆရာကတော့ ဦးရည်စိန် ဖြစ်ပါတယ်။ (၁၉၂၄ ခုနှစ်တွင် ဖျာပုံမြို့၌ ဦးရည်စိန် ကို မွေးဖွါးသည်။ မြန်မာ့သမိုင်း အဖွဲ့ စဖွဲ့စဉ်ကပင် ၁၉၅၅ မှ ၁၉၈၄ ခနှစ်အထိ အကြီးတန်းသုတေသန အရာရှိ၊ ထို့နောက် မြန်မာစာအဖွဲ့ဝင် (၁၉၈၈) နှင့် မြန်မာ့သမိုင်း အဖွဲ့ဝင် (၁၉၉၁) အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၁၅ခုနှစ်တွင် တိုင်ပေမြို့၌ ကွယ်လွန်သည်။ )

ဆရာရဲ့ ရေးသားဖေါ်ပြမှုများသည် အကြောင်းအကျိုး ခိုင်လုံမှု ရှိပြီး ယုံကြည်ရတဲ့ အနေအထား ဖြစ်ပါတယ်။ “တရုတ်” ဆိုတာ မြန်မာများက တုရ်က် (တူရကီ) ကို ရည်ညွန်းခဲ့တာ ဖြစ်ပြီး ယခင်က မြန်မာများ ခေါ်ဝေါ်ခဲ့သော စိန (Cina) အမည်သည် ခေတ်အဆက်ဆက် မြန်မာများက “တုရ်က်” နှင့် ရောထွေးစွာ မှတ်သားခေါ်ဝေါ်ခဲ့၍ “တရုတ်” ဖြစ်သွားခဲ့ရပုံကို ဖတ်ရှု သိမြင်ခဲ့ပြီးနောက် ကျွန်တော့်၏ ချိုင်းနား – တရုတ် စကားလုံး ဇစ်မြစ် ရှာဖွေမှုကို ယနေ့မှာ အဆုံးသတ်လိုက်ပါတော့တယ်။

(အသေးစိတ် သိလိုလျှင် ဆရာကြီးဦးသော်ကောင်း စုစည်းထားတဲ့ သမိုင်းဆရာကြီး ဦးရည်စိန် ၏ လက်ရွေးစင်စာတမ်းများ စာအုပ်ကို ဖတ်ကြည့်စေလိုပါတယ်။ စာအုပ်မျက်နှာဖုံး ကိုလည်း ဖေါ်ပြထားပါတယ်) ANL (24.11.2019) Aung Ngwe Latt

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page