စင်ကာပူကို ရှုံးရင် အိမ်ပြန်ရဖို့ သေချာသလောက် ဖြစ်သွားနိုင်တဲ့ အာရှဖွတ်ကြီးအသင်း
မြန်မာအသင်းနည်းပြချုပ် အန်တွမ်နီဟေးက အေအက်ဖ်အက်ဖ် ပြိုင်ပွဲအဖွင့်ပွဲတွင် မလေးရှားအသင်းကို အရေးနိမ့်ခဲ့သဖြင့် ဆီမီးဖိုင်နယ်တက်ရန်အတွက် ဖိအားရှိသွားပြီဖြစ်ပြီး လက်ကျန်ပွဲစဉ်များတွင် အမှားအယွင်းအဖြစ်ခံ၍မရတော့ဘူးလို့ ပြောကြားခဲ့ပါတယ်။
အန်တွမ်နီဟေးက “အုပ်စုပထမပွဲမှာ မလေးရှားအသင်းကို အရေးနိမ့်ခဲ့လို့ ဆီမီးဖိုင်နယ်တက်ရောက်ဖို့ ဖိအားတွေရှိသွားပြီဆိုတာ ဝန်ခံပါတယ်။ လက်ကျန်သုံးပွဲစလုံး အမှားလုပ်လို့ မရတော့ပါဘူး။ အထူးသဖြင့် စင်ကာပူအသင်းနဲ့ ကစားရမယ့် အုပ်စုဒုတိယပွဲဖြစ်ပါတယ်။ စင်ကာပူနဲ့ပွဲမှာ အနိုင် သို့မဟုတ် အမှတ်ရယူနိုင်မှ နောက်တစ်ဆင့်တက်ဖို့ ဆက်ပြီးမျှော်လင့်နိုင်မှာပါ။ ဒါကြောင့် စင်ကာပူအသင်းနဲ့ပွဲမှာ ရလဒ်ကောင်းရယူနိုင်ဖို့ ပြင်ဆင်သွားမှာပါ။ မလေးရှားနဲ့ပွဲက လိုအပ်ချက်၊ အားနည်းချက်တွေကို ပြန်ပြီးပြင်ဆင်သွားမှာပါ”ဟု ပြောကြားခဲ့ပါတယ်။
မြန်မာအသင်းသည် အုပ်စု (ခ) ဒုတိယနေ့အဖြစ် ယနေ့ မြန်မာစံတော်ချိန် ညနေ (၄)နာရီခွဲတွင် စင်ကာပူနိုင်ငံ ဂျလန်ဘီဆာကွင်း၌ စင်ကာပူအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ် အန်တွမ်နီဟေးသည် စင်ကာပူအသင်းနှင့် ကစားမည့်ပွဲအတွက် ဒဏ်ရာပြဿနာရှိနေသည့် အသင်းခေါင်းဆောင် မောင်မောင်လွင် အပါအဝင် ကစားသမား (၂၃)ဦးစလုံး ခေါ်ဆောင်သွားပြီး မလေးရှားနှင့်ကစားခဲ့သည့် ပွဲထွက်လူစာရင်းကို အပြောင်းအလဲအနည်းငယ်ပြုလုပ်ကာ ယှဉ်ပြိုင်ဖွယ်ရှိနေသည်။
မြန်မာအသင်းဟာ အဖွင့်ပွဲစဉ်အဖြစ် မလေးရှားအသင်းနဲ့ အိမ်ကွင်းကစားရသော်လည်း နည်းပြချုပ်အန်တိုနီဟေးပြောသလို ကစားအားမကျသော်လည်း နောက်ဆုံး မိနစ်မှာ ရတဲ့ ပင်နယ်တီကို ဝင်အောင် မကန်နိုင်လို့ မလေးရှားအသင်းကို ရှုံးနိမ့်ထားတာ ဖြစ်ပါတယ်။ မြန်မာအသင်းသည် အုပ်စုပထမပွဲတွင် အရေးနိမ့်ခဲ့သဖြင့် ဆီမီးဖိုင်နယ်တက်ရောက်ခွင့် မျှော်လင့်ချက်အတွက် စင်ကာပူအသင်းနှင့်ပွဲတွင် အမှတ်ရရန် လိုအပ်နေပါတယ်။ စင်ကာပူနဲ့ ပွဲမှာ ရှုံးနိမ့်ခဲ့ရင်တော့ အိမ်ပြန်ရဖို့ သေချာသလောက် ရှိသွားပါပြီ။
မြန်မာအသင်းဟာ ၂၀၂၂ ခုနှစ်အတွင်း ယှဉ်ပြိုင်ကစားပြီးခဲ့တဲ့ ပွဲစဉ် (၈) ပွဲမှာ တပွဲမှ အနိုင်မရရှိသေးဘဲ ရဂိုး (၂) ဂိုးသာ ရရှိသေးတာကို တွေ့ရပါတယ်။ လာမယ့်ပွဲစဉ်တွေဖြစ်တဲ့ စင်ကာပူ၊ လာအိုတို့နဲ့ ပွဲစဉ်တွေသာ အနိုင်မရခဲ့ပါက နိုင်ပွဲ တပွဲမှ မရှိတဲ့ နှစ်အဖြစ် မှတ်တမ်းဝင်သွားမှာ ဖြစ်ပါတယ်။