ကလေးအသားဝါလို့ မီးပြတာနဲ့ ပတ်သက်ပြီး လူတွေအမှတ်မှားနေတာကို ဆရာဝန်တဦး ဒဲ့ရှင်းလိုက်ပြီ
ဆေးသင်တန်းဆိုပြီး ဂရုထောင်၊ ကလေးအသားဝါတာ မီးပြလို့ အပူများပြီး ကလေးေ-သရတယ်ဆိုတဲ့ ကေစ့်အဟောင်းတစ်ခုကိုပြန်တင်ပြီး အတန်းရှင်းရှာတဲ့ ပို့စ်တခုကို friend တယောက် ရှဲထားတာတွေ့လို့၊ အောက်ကမန့်တွေမှာလည်း အတွေးမှားတွေနဲ့ ပြောနေကြလို့ မနေနိုင်မထိုင်နိုင် ပြောလိုက်ပါဦးမယ်။
မွေးကင်းစကလေးတွေ အသားဝါတာက အကြောင်းတွေအမျိုးမျိုးရှိတယ်၊ (၁) အမေနဲ့ကလေးသွေးမတည့်လို့ -ABO incompatibility လို့ခေါ်တယ်၊ Rh incompatibility လို့ခေါ်တဲ့ မိခင်က အနုတ်သွေး/မျောက်သွေးကြောင့်လည်း ရှိသေးတယ်၊ (၂) ကလေးက G6PD အင်ဇိုင်းဓာတ်ချို့တဲ့လို့၊ (၃) ကလေးမှာ အကြောင်းအမျိုးမျိုးကြောင့် (မွေးခါနီး၊ မွေးစဉ်၊ မွေးပြီးအချိန်တွင်း) ပိုးဝင်ပြီး ပိုးဆိပ်တက်လို့၊ (၄) မွေးကင်းစကလေးရဲ့ သွေးနီဥလေးတွေကွဲရာက ဖြစ်လာတဲ့ အဝါဓာတ်ကို ဖယ်ပေးဖို့ အသည်းကလုံလောက်တဲ့ စွမ်းဆောင်ရည်မရနိုင်သေးလို့(ဒါကတော့ သာမန် ဇီဝကမ္မဖြစ်စဉ်ကိုမှ အနည်းငယ်ပိုပြင်းထန်သွားတဲ့ မစိုးရိမ်ရတဲ့အခြေနေတစ်ခု) (၅) အသည်း၊ သည်းခြေပြွန်လမ်းကြောင်းတစ်လျှောက်မှာ ပြဿနာတစ်စုံတစ်ရာရှိလို့ စသည်ဖြင့်ပေါ့။( ဒါတွေက အဖြစ်များတာတွေကိုပြောတာ၊ တစ်ခြားအသေးစိတ်တွေရှိသေးတယ်)
အဲ့ဒီမှာ အရေးကြီးတာက အသားဝါရင်ဘာဖြစ်တတ်လဲဆိုတာပဲ။ မိဘတွေ အရပ်ကလူတွေက ဘာပဲစိုးရိမ်တာလဲဆို အသားဝါရင် မီးပြရလို့ ကလေးငိုမှာ၊ပူနေမှာ၊ (အရပ်စကားနဲ့အမှတိမှားပြီး) မီးပြရင် ေ-သတတ်တာဆိုပြီးပဲ ပူတတ်ကြတာ။ တကယ်စိတ်ပူရမယ့်ဟာကျတော့ မပူကြဘူး။
အဝါဓာတ်များလွန်းပြီး အချိန်မီမကုသထားရင် အဲ့ဒီအဝါဓာတ်တွေက ဦးနှောက်ထဲရောက်သွားလို့ကတော့ အသက်ေ-သရင်ေ-သ၊ မေ-သရင် ဘဝေ-သတတ်တာ။ (ကလေးက တစ်သက်လုံး ချည့်နဲ့ ဒုက္ခိတ သူငယ်နာဖြစ်သွားမှာကိုပြောတာ)
အဲဒါကြောင့်သာ ဆရာဝန်တွေက ကလေးဝါလာရင် အဝါဓာတ်ဖောက်စစ်၊ လိုရင် ချက်ချင်းမီးပြရတာ။ တချို့မှာ မီးပြရုံနဲ့အဝါမကျတာ၊ အစထဲက အဝါဓာတ်က ဦးနှောက်ထဲရောက်လောက်မယ့် အနေအထားဖြစ်နိုင်တာဆို သွေးလှယ်ကုသရတာမျိုးကို လုပ်ရတယ်။
ဒီမှာပြောချင်တာက အရပ်ပြောစကား မီးပြရင်(သူတို့အခေါ် မီးကင်/ဓာတ်ကင်ရင်) ေ-သတတ်တယ်၊ သူငယ်နာဖြစ်သွားတယ်ဆိုတာပဲ။ အရှေ့မှာပြောခဲ့သလို အဝါဓာတ်သိပ်များပြီး အချိန်မီမကုနိုင်ခဲ့ရင် ဦးနှောက်ထဲရောက်ပြီးသားဆို မီးပြလည်း ပြန်မကောင်းနိုင်တော့ပါဘူး။ မီးပြလို့ဖြစ်တာမဟုတ်ဘဲ အချိန်မီမကုလို့ အဝါဓာတ်ကြောင့် ကလေးအန္တရာယ်ဖြစ်ရတာပါ။
ဒီလိုအယူမှား အတွေးမှားတွေကို ဝိုင်းဝန်းရှင်းပြရမယ့်အစား ထပ်ခါထပ်ခါနဲ့ အယူမှားအောင် ဘေးတီးနေတဲ့ အတန်းရှင်း ရှာတတ်သူတွေရဲ့ ပို့စ်တစ်ခုကြောင့် ကျန်းမာရေးအသိအားနည်းကြတဲ့မိဘတွေ အယူလွဲမှာကို အလွန်စိတ်ပူရပါတယ်။
ဒီcaseမှာ မြင်ရတဲ့အချက်တွေအရ ကလေးက အဝါကတော်တော်များပုံရတယ်၊ များရတဲ့အကြောင်းကလည်း ပိုးဆိပ်တက်လို့ ဖြစ်နိုင်တယ်။ ဘာလို့ဆို ပထမရက်ကအကောင်းကနေ နောက်နေ့မှာ နို့ပါမစို့နိုင်တဲ့အထိဖြစ်တာဆိုတော့ ကလေးမှိန်းတာက အဝါဓာတ် ခေါင်းထဲရောက်ချင်နေလို့လည်းဖြစ်နိုင်သလို ပိုးဆိပ်တက်လို့လည်းဖြစ်နိုင်တယ်။
နောက်တစ်ခုက အရေပြားတွေကွာကျတာ။ မီးလောင်လို့ အပူများလို့ဆို အရည်ကြည်ဖုအရင်ထပြီးဖောင်းလာတာလေ။ ဒီပုံထဲကလို အရေပြားအပေါ်လွှာကွာကျတာမျိုး လန်ပြီးပြဲထွက်တာမျိုးက Staphylococcus ဆိုတဲ့ပိုးတစ်မျိုးဝင်တဲ့အခြေနေမှာတွေ့နိုင်တယ်။ Staphylococcus Scalded Skin Syndromeလို့ခေါ်တယ်။
နောက်တစ်ချက်က အညိုမဲစွဲတာ။ အပူလောင်တာဆို အညိုမဲစွဲနေစရာမရှိဘူး။ ပိုးဆိပ်တက်တဲ့အခြေအနေမှာ coagulopathyလို့ခေါ်တဲ့ သွေးတွင်းအခြေနေတွေ ကမောက်ကမဖြစ်ပြီး အတွင်းပိုင်းသွေးယိုတဲ့ အနေအထားမှာ တွေ့ရတတ်တယ်။
ဒါကြောင့်မို့ အဓိကပြောချင်တာက သတင်းမှား အယူဆမှားတွေကို သေချာမသိဘဲ ထင်တစ်လုံးနဲ့ ပြောမနေကြဖို့ပါ။ မိဘတွေအယူလွဲပြီး လုပ်သင့်တာကိုမလုပ်ရင် မလုပ်သင့်တာကိုလုပ်ရင် တကယ်နစ်နာမှာက ကလေးတွေပါ။ စကားမပြောတတ်သေးတဲ့ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်မရှိသေးတဲ့ကလေးလေးတွေက လူကြီးတွေပြုသမျှနုရတာပါ။
“ဖေဖေမေမေတို့ရေ အရပ်စကားတွေနဲ့ သမီးတို့ သားတို့ကို ကျန်းမာရေးအယူအဆတလွဲတွေမလုပ်ပေးကြပါနဲ့နော်”လို့ မပြောတတ်သေးတဲ့ကလေးလေးတွေကိုယ်စားပြောပါရစေ၊ ကလေးလေးတွေ ကျန်းမာပျော်ရွှင်ကြပါစေ။ ကျန်းမာရေးအယူလွဲများပပျောက်ပါစေ။ (Ama ZinMon)