ဈေးမထုတ်ပြန်သေးတဲ့ ရွှေ (၁၂) ပိဿာ၊ ရွှေ လုံးဝပြတ်သွားတဲ့ ရန်ကုန်မြို့နဲ့ မြန်မာ့ရွှေဈေးကွက် နိဂုံး

ရန်ကုန်ရွှေကုန်သည်များအသင်းက ယနေ့ ရောင်းချမယ့် ရွှေ (၁၂) ပိဿာကျော် ဈေးနှုန်းကို မထုတ်ပြန်သေးဘဲ ယခုအထိ လျှို့ဝှက်ထားနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

ရန်ကုန်ရွှေကုန်သည်များက ၁၂-၁၀-၂၀၂၂ ရက်နေ့မှာ မီးလင်းရွှေ (၁၂) ပိဿာကျော်ကို နေ့လည် ၁ နာရီမှာ စတင်ရောင်းချမယ်လို့ ကြေညာထားတာဖြစ်ပါတယ်။ ရွှေလုပ်ငန်းရှင်အသင်းသားများမှလွဲ၍ မည်သူမဆို ရွှေတစ်ကျပ်သားမှ တစ်ဆယ်ကျပ်သားအထိ ငွေလက်ငင်းစနစ်ဖြင့် ဝယ်ယူနိုင်ကြောင်း၊ လာရောက်ဝယ်ယူလိုသူများအနေဖြင့် မှတ်ပုံတင်၊ သန်းခေါင်စာရင်း မိတ္ထူတစ်စုံစီယူဆောင်လာ၍ လွတ်လပ်စွာဝယ်ယူနိုင်တယ်လို့ ကြေညာထားတာ ဖြစ်ပါတယ်။

ရွှေကုန်သည်များအသင်းက ၁၁-၁၀-၂၀၂၂ ရက်နေ့ နေ့လည် (၂) နာရီခွဲမှာ ရွှေတကျပ်သားဈေးနှုန်းကို ၁၉ သိန်း ၅ သောင်း ၈ ထောင်နှုန်းနဲ့ ဖော်ပြထားပြီး ထိုဈေးနဲ့ ရောင်းချပေးမှာလား ဆိုတာ ကွဲပြားစွာ မသိရသေးပါဘူး။ ယနေ့ ဈေးကွက်ပေါက်ဈေးမှာတော့ ရွှေတကျပ်သားကို ၂၅ သိန်း ၉ သောင်း ၅ ထောင်ဈေး ပေါက်နေတယ်လို့ သိရပါတယ်။

ရွှေကုန်သည်အသင်းရဲ့ အရှုံးခံရွှေရောင်းမယ်ဆိုတဲ့ သတင်းကြောင့် ရန်ကုန်မြို့ရဲ့ ရွှေဆိုင်တွေမှာ မီးလင်းရွှေ အရောင်းပိတ်ထားပြီး ဝယ်ယူလို့ မရတော့ဘူးလို့ သိရပါတယ်။ နာမည်ကြီး ရွှေဆိုင်တွေ ဖြစ်တဲ့ အောင်သမာဓိ၊ ဇွဲထက်နဲ့ ဝိန့်စိန်တို့လို့ ဆိုင်တွေမှာတောင် မီးလင်းရွှေကို ဝယ်ယူလို့ မရနိုင်ဘဲ ရန်ကုန်တမြို့လုံးမှာ ရွှေပြတ်သွားပြီဆိုတဲ့ သတင်းတွေ ထွက်နေတာလည်း ဖြစ်ပါတယ်။

ရွှေကို ပုံသေဈေးနှုန်းနဲ့ စားအုန်းဆီ ရောင်းသလို တန်းစီ မရောင်းချသင့်ကြောင်း၊ လုံခြုံရေးနဲ့ ပတ်သက်ပြီး မည်သည့် အာမခံချက်မှ မရှိကြောင်း၊ ရွှေအရည်အသွေးပေါ်လည်း သံသယဝင်တာတွေ ရှိနိုင်ကြောင်း၊ ပြဇာတ်က သလို ဇာတ်ညွှန်းအကွက်တွေနဲ့ ရွှေဈေးကို ထိန်းချုပ်လို့ မရကြောင်း၊ ဒီလို လျှောက်လုပ်တာဟာ မြန်မာ့ရွှေဈေးကွက် နိဂုံးချုပ်သွားနိုင်ကြောင်း ရွှေဈေးကွက်နဲ့ နီးစပ်သူတဦးက မှတ်ချက်ပေးထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page