ပြည်သူတွေ ဘဏ်စနစ်အပေါ် ယုံကြည်မှုတိုးလာပြီဟု ဗဟိုဘဏ် ဥက္ကဌ ကယောင်ကတမ်းပြော

ပြည်သူတွေ ဘဏ်အသုံးပြုမှု ပိုများလာကာ ဘဏ်စနစ်အပေါ်ယုံကြည်မှု တိုးလာပြီလို့ စကစ လက်အောက်ခံ ဗဟိုဘဏ် ဥက္ကဌ ဦးသန်းညိန်းက ကယောင်ကတမ်းနဲ့ ပြောကြားလိုက်ပါတယ်။

“စီးပွားရေးဖွံ့ဖြိုးရေး အတွက် အရေးကြီးသည့် ဘဏ်လုပ်ငန်းကဏ္ဍ တည်ငြိမ်စွာဖြင့် ဖွံ့ဖြိုးရေးအတွက် ဘဏ္ဍာရေး မူဝါဒနှင့် ငွေကြေးမူဝါဒများကို ဟန်ချက်ညီစွာ အကောင် အထည်ဖော်ဆောင်ရွက်နေပြီး ဘဏ်များအားလုံး ဝိုင်းဝန်းပူးပေါင်းကြိုးပမ်း၍ ဆောင်ရွက် ပေးခြင်းကြောင့် ပြည်သူများအကြား ဘဏ်အသုံးပြုမှုပိုမိုများလာပြီး ဘဏ်လုပ်ငန်း စနစ်အပေါ်ယုံကြည်မှုတိုးတက်တည်ဆောက်နိုင်ခဲ့ပြီ” လို့ စကစ လက်အောက်ခံ ဗဟိုဘဏ် ဥက္ကဌ ဦးသန်းညိန်း က ဇူလိုင် ၁၈ ရက်နေ့တုန်းက နိုင်ငံပိုင်ဘဏ်များနှင့် ပုဂ္ဂလိက ဘဏ်များမှ ဥက္ကဋ္ဌတွေနဲ့ တွေ့ဆုံပွဲမှာ ပြောတာပါ။

ယင်းကဲ့သို့ ဗဟိုဘဏ်ဥက္ကဌနဲ့ ပြည်တွင်းဘဏ်တွေက တာဝန်ရှိသူတွေ တွေ့ဆုံအပြီး ဇူလိုင် ၁၉ ရက်နေ့မှာတော့ ဈေးကွက်အတွင်း နိုင်ငံခြားငွေဈေး ထပ်မံ မြင့်တက်လာကာ အမေရိကန် တစ်ဒေါ်လာကို ကျပ် ၂၅၀၀ အထိ (အပိတ်ဈေး) မြင့်တက်လာပါတယ်။

ဘဏ်များအခက်အခဲ ကြုံတွေ့ရစဉ် Liquidity Support ဆောင်ရွက်ပေးခဲ့ခြင်း၊ လိုက်နာရမည့် သတ်မှတ်အချိုးများကို ဖြေလျှော့ပေးခဲ့ခြင်း၊ ဘဏ်တစ်ဘဏ်ချင်းအလိုက် လိုအပ်ချက်အပေါ်မူတည်ပြီး ပံ့ပိုးပေးတာတွေ လုပ်ခဲ့တယ်လို့လည်း ယင်းက ဆိုပါတယ်။

ဗဟိုဘဏ်ရဲ့ ပြောကြားမှုက မြေပြင်အခြေအနေနဲ့ ကင်းကွာနေပြီး ပြည်တွင်းမှာ အာဏာမသိမ်းခင်က ဘဏ်အပ်ငွေတွေတောင် အပြည့်အဝ ပြန်လည် မထုတ်ပေးနိုင်သေးဘဲ ဘဏ်တွေက သတ်မှတ်ပေးထားတဲ့နှုန်းအတိုင်းပဲ ထုတ်နေတာ ကြောင့် ဘဏ်တွေပေါ် ပြည်သူတွေရဲ့ ယုံကြည်မှုဆိုတာ နေ့ခင်းဘက် မီးခွက်ထွန်းရှာ ရမယ်လို့ ပြည်သူတွေက ပြောဆိုနေကြတာပါ။

အဆိုပါ ဆွေးနွေးပွဲမှာတော့ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဝင်းသော်က ဘဏ်များအတွက် လိုအပ်သည့် ငွေသားလွယ်ကူမှု ပံ့ပိုးပေးခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးနေသလို ဘဏ်တွေအနေနဲ့ နိုင်ငံခြားသုံးငွေဆိုင်ရာ သတ်မှတ်ချက်များ၊ ဆောင်ရွက်ရမည့် နည်းလမ်းများကို ဆက်လက်လိုက်နာ ဆောင်ရွက်ရမယ်လို့လည်း ပြောပါတယ်။

စကစ အနေနဲ့ ပုဂ္ဂလိက ဘဏ်များကို မည်သို့ပင် ချုပ်ကိုင်ထားပြီး မည်သည့် အမိန့်တွေ ထုတ်ပြန်နေပါစေ ပြည်သူတွေက စကစကို မယုံကြည်သကဲ့သို့ ပုဂ္ဂလိက ဘဏ်များကိုလည်း ယုံကြည်မှု မရှိတော့ပါဘူး။ လက်ရှိအချိန်မှာ စကစရဲ့ ဒေါ်လာတွေ သိမ်းယူထိန်းချုပ်ခြင်း မူဝါဒကြောင့် မြန်မာပြည်ရဲ့ စီးပွားရေး လုံးဝ ပြိုလဲကာနီး အထိ ဖြစ်သွားပြီး ပြည်သူတွေအနေနဲ့ ကုန်ဈေးနှုန်း ကြီးမြင့်မှု ဒဏ်ကို အပြင်းအထန် ခံစားနေရပြီ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page