မြန်မာပြည်မှာ ကိုယ်လုပ်မှ ကိုယ်စားရတာလို့ ထင်နေသူတဦး ရခဲ့တဲ့ နောင်တ

ငါတို့ ဘာကြောင့်ဆင်းရဲသွားတာလဲ။ ပရီမီယာ ၁ထုပ် ၂၀၀ ဖြစ်သွားပြီတဲ့။ ၁၀၀၀ ဖိုး အရင်က ၁၀ ထုပ်ရပေမယ့် အခု ၅ထုပ်ပဲရတော့တယ်။ အရင်က တနေ့ ၁ ထုပ်ဖျော်သောက်နေရတဲ့ကော်ဖီဟာ အခုတော့ အမှုန့်တဝက် နဲ့ ကော်ဖီ တခွက်လုပ်လိုက်ရပြီ။ ငါ့ကော်ဖီ တဝက် ဘယ်သူယူသွားတာလဲ။

ကြက်ဥတလုံး အရင်က ၁၀၀။ အခု ၂၀၀ ၊ ၂၂၀ ဖြစ်သွားပြီ။ မနက်တိုင်း ထမင်းနဲ့ ကြက်ဥကြော်စားနေရတဲ့ငါ။ အခုတော့ တရက်ခြားပဲ ကြက်ဥနဲ့ စားနိုင်တော့တယ်။ ငါ့ကြက်ဥတွေ ဘယ်သူယူသွားတာလဲ။ ဆိုင်ကယ်လေး နဲ့ အလုပ်သွားတော့ ဆီထည့်ရဦးမယ်။ အရင်က ၁၀၀၀ ပေးရင် ဆီ ရေသန့်၁ဘူးရတယ်။ ခု ၁၀၀၀ က ရေသန့်ဘူး ၃ပုံ ၁ပုံပဲရတော့တယ်။ ငါ့ဆီဘူးတဝက်ကျော် ဘယ်ရောက်သွားတာလဲ။

ဆန်ဆိုင်ရောက်တော့ စားနေကြ ပေါ်ဆန်းက ၄၀၀၀ နီးပါးဖြစ်သွားလို့ တဆင့်နိမ့်တဲ့ဆန်ပဲ ယူခဲ့ရတယ်။ ငါ့ပေါ်ဆန်းဆန်ကို တခြားဆန်နဲ့ ဘယ်သူယူလဲသွားတာလဲ။ ပဲဆီအရင်က ၈၀၀၀ ကို ၁ ပိသာရတယ်။ အခုတော့ ၅၀ သားပဲရတော့မယ်တဲ့။ ငါ့ဆီ ၅၀သားဘယ်ရောက်သွားတာလဲ။

ငါတို့က ဆင်းရဲတာကို။ ချမ်းသာတဲ့သူတွေ ကတော့ အေးဆေးပါတဲ့။ အံမယ် မထင်နဲ့ တော့။ ယူအက်စ် စကင်ကဲမှ သုံးတဲ့ ဟိုအမကြီးလဲ အခု စျေးချိုတဲ့ ကိုရီးယားဘရန်းတွေ မွှေနှောက်ရှာနေရပြီ။ ကားကို ဇီးရိုးမိုင်နဲ့ ဘရန်းနယူး စစ်စစ် စီးချင်ပါတယ်ဆိုတဲ့ ဟိုအကိုလဲ သူ့ရှိတဲ့ကားလေးမပွန်းမပဲ့အောင် ဥစ္စာခြောက်နေရပြီ။ ကလေးဖိနပ် ၊ လွယ်အိတ်ကို ဘီပီအေ ဖရီးတွေ၊ စင်ကာပူဘရန်းတွေမှ ဝယ်ပေးတဲ့ ဟိုမေမေလဲ တရုတ်ကလာတဲ့ ရေဘူးလေးတွေ၊ အိတ်လေးတွေ ရှာဝယ်ပေးနေပြီ။ ငါတို့ ဘာကြောင့်ဆင်းရဲသွားတာလဲ။

ငါတို့ပစ္စည်းတွေ ဘာလို့ တဆင့်နိမ့်တွေ ဖြစ်ကုန်တာလဲ။ ကိုယ်လုပ်မှ ကိုယ်စားရမှာလို့ ခံယူထားတဲ့ ငါတို့ အတွက် အလုပ် အစွမ်းကုန်နှုန်းအတိုင်း မပျင်းမရိ အလုပ်လုပ်တာတောင် ငါတို့ ဘာလို့တဖြည်းဖြည်းဆင်းရဲလာတာလဲ။ စဉ်းစားရင်း (Chaw Myint, U Zaw U Zaw)

Leave a Reply

Your email address will not be published.

x

You cannot copy content of this page