သုံးတဲ့သူတွေ နားမလည်နိုင်အောင် ဖြစ်ခဲ့ရတဲ့ အံ့ဩဘပေးရဲ့ ထူးခြားဆန်းကြယ်မှုများ အကြောင်း
အံ့ဩဘပေးကို သုံးလာတာ ၂၀၁၉ ခုနှစ်ကတည်းက သုံးနှစ်တိုင် ကြာရှည်ခဲ့ပြီ။ လွန်ခဲ့တဲ့ သုံးရက် (28.8.2022) က application ထဲ ဝင်လိုက်တော့ အလိုလို ပြန်ပြန်ထွက်သွားတယ်။ အပ်ဒိတ်တောင်းတာပဲ ဖြစ်မယ်လို့ တွေးမိပြီး ပလေးစတိုးမှာ အပ်ဒိတ် လုပ်လိုက်တယ်။
ပြန်လည်းဖွင့်ရော ကျနော် သုံးနှစ်တာ ကာလသုံးခဲ့တဲ့ နံပါတ်က ဖွင့်ထားခြင်းမရှိပါဆိုပြီး စာပေါ်လာတယ်။ 31.8.2022 မှာ အံ့ဩဘဘဏ်ကို သွားရောက်မေးမြန်းခဲ့တယ်။ ဘဏ်ဝန်ထမ်းက ပေးစင်တာကို ဆက်သွယ်ပေးတယ်။ ပေးစင်တာက ကျနော့်အကောင့်ကို စစ်ကြည့်တဲ့အခါမှာ ကျနော်တစ်ခါမှ မသုံးခဲ့ဖူးတဲ့ နံပါတ်နဲ့ ကျနော်က ဖွင့်ထားသတဲ့။ ကျနော် ဖွင့်ခဲ့တဲ့ အံ့ဩဘပေး နံပါတ် 09*****2354 ဟာ တစ်ကြိမ်တစ်ခါမျှ ဖွင့်ခဲ့ဖူးခြင်းမရှိပါတဲ့။
ကျနော် သူတို့ကို သေသေချာချာမေးခဲ့ပါတယ်။ ဖုန်းနံပါတ်က ပြောင်းသွားခဲ့တာလား။ history ကို စစ်ပေးပါဦးဆိုတော့ ဖွင့်ကို မဖွင့်ဖူးတာပါတဲ့။ အဲ့ဒီတော့ အံ့ဩဘပေးက ဘာလဲ။ ဒီလောက် ပြည်သူတွေ ဒုက္ခရောက်နေရချိန်မှာ ဘာလို့ အဲ့လိုလုပ်တာလဲ ဘဏ်ဝန်ထမ်းကလည်း ပြောပြတယ်။ သူ့အဒေါ်ကို သူကိုယ်တိုင် အံ့ဩဘပေး ဖွင့်ပေးခဲ့တာ သုံးလာတာလည်း တစ်နှစ်လောက်ရှိနေမှ မှတ်ပုံတင်မှားလို့ဆိုပြီး ဝင်မရတော့ဘူးတဲ့။
အံ့ဩဘပေးထဲမှာ ပိုက်ဆံအများကြီး ထည့်ထားမိသူတွေ သတိထားလို့ရအောင် ပြောပြတာပါ။ ကျနော်ကတော့ လက်ရှိ အံ့ဩဘပေး အကောင့်ကို ပြန်ရဖို့ လုပ်နေတယ်။ ရလာတာနဲ့တစ်ပြိုင်နက် ရှိတဲ့ပိုက်ဆံ တစ်ထောင်မကျန်စေရဘူး အကုန်ပြန်ထုတ်မယ်။
ဒီစာအတွက် ကျနော် အပြည့်အဝ တာဝန်ယူပါတယ်။ အံ့ဩဘပေးဟာ ယုံကြည်စရာ တစ်ကွက်မျှမရှိပါ။ အားလုံးပဲ သတိရှိကြပါစေ။ (Chan Myae)