ဆရာကြီး ဒဂုန်တာရာ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ “ဦးအောင်ဆန်းရဲ့ နောက်ဆုံးနေ့” အကြောင်း

“ဦးအောင်ဆန်း၏ နောက်ဆုံးနေ့” (ဒဂုန်တာရာ ရေးသားသည်) ဇူလိုင်လ ၁၉ ရက် စနေနေ့ ၁၀ နာရီခွဲ။ မိုးလင်းကတည်းကပင် ကောင်းကင်သည် အုံ့မှိုင်းညိုမှိုင်းလျက်ရှိသည်။ တိမ်တိုက်ဟူ၍ ဘာမျှကြည်လင်စွာမမြင်ရ။ မိုးကိုကြည့်ရသည်မှာ မြူသန်းနေသော ပင်လယ်ပြင်ကြီးလို ဝိုးဝိုးဝါးဝါးနေသည်။ မိုးသည် ကင်းကင်းလွတ်လွတ် စဲသည်ဟူ၍ မရှိဘဲ တဖွဲဖွဲနေလိုက်၊တဖြိုင်ဖြိုင်ရွာလိုက်နှင့်။ နောက် စွေ၍နေလေသည်။

ဒီကနေ့ အတွင်းဝန်များရုံးသို့ သွားစရာရှိသည်။ တိုင်းပြုပြည်ပြုလွှတ်တော် အထူးအရာရှိ ဦးသိန်းဟန် (ဇော်ဂျီ) က စနေနေ့ နေ့လည်တွင် ဆောင်းပါးလာယူရန်ချိန်းထားသည်။ ဗိုလ်ချုပ်အပါးတော်မြဲ ဗိုလ်ထွန်းလှ (တက္ကသိုလ် နေဝင်း) ထံမှလည်း ခရီးသွားခြင်းဆောင်းပါးကို လမ်းကြုံလျှင် ယူသွားပါဟု မှာထားချက်ရှိသည်။ သို့ဖြစ်၍ ဗိုလ်ထွန်းလှထံ ဆောင်းပါးဝင်ယူရင်း ခဏတဖြုတ် စကားစမြည် ပြောပြီးနောက် ဇော်ဂျီထံသို့ သွားမည်ဟု စိတ်ကူးထားသည်။

ဆယ်နာရီလောက်ကတည်းက အဝတ်အစားလဲပြီး မိုးအတိတ်ကို စောင့်လျှက်ရှိသည်။ မိုးကားမစဲနိုင်။ သို့နှင့် စားပွဲတွင်ထိုင်ကာ အပြီးမသတ်သေးသော ကဗျာတစ်ပုဒ်ကို စပ်ရင်း ၁၁ နာရီထိုးသွားလေပြီ။ မိုးကားမတိတ်သေးပေ။

နောက်ဆုံးတွင် မိုးစဲလိမ့်မည်မဟုတ်ဟု စိတ်ချလိုက်ပြီး အပေါ်အင်္ကျီထပ်ဝတ်ကာ လမ်းမကြီးသို့ ထွက်လာခဲ့သည်။ အဆင်သင့်တွေ့သော ဒေါင်းတံဆိပ်တာမွေဘတ်စ်ကားကို တက်စီးသည်။ ကားထဲတွင်ကြည့်မြင်တိုင်မှ လိုက်ပါလာသည် ထင်ရသော တောသားသုံးယောက်နှင့် တရုတ်မနှစ်ယောက်ကို တွေ့ရသည်။ ကားပြတင်းတံခါးများ ပိတ်ထားသည်။ ခရီးသည်တို့ကား တိတ်ဆိတ်စွာ လိုက်ပါလာကြသည်။ အပြင်ဘက်တွင်ကား မိုးသည် ရွာလျက်ပင်။ ရွှံ့ဗွက်ချိုင့်ဝှမ်းတို့ဖြင့် ပြွန်းသော ရန်ကုန်လမ်းကား စိုစွတ်လှသည်။

ကားသည် သိမ်ကြီးစျေးတွင် ခေတ္တရပ်ပြီး ဆက်လက်၍ တဟုန်တည်း မောင်းလာသည်။ ခရီးသည် အဆင်းအတက် သိပ်မရှိလှ။ သို့နှင့် စပတ် (ဗိုလ်အောင်ကျော်လမ်း) ရောက်လျှင် ကျွန်ုသည် ဆင်းလိုက်သည်။ ကျွန်ုပ်သည် ဒါလဟိုဇီ (မဟာဗန္ဓုလ) လမ်းဘက်မှ စပတ် (ဗိုလ်အောင်ကျော်) လမ်းကို ဖြတ်ကူးလိုက်သည်။ လမ်းဘေးတွင် မော်တော်ကားများသည် ဟိုတစ်စု၊ ဒီတစ်စု ရပ်လျက်ရှိသည်။ ကားတချို့ကား သွားလာလျက်။ မိုးကာဝတ်လျက်နှင့် လူများသည် သွားကြလာကြနှင့် ရှုပ်ယှက်ခတ်နေသည်။

သူရိယတိုက်ရှေ့ အဝင်တံခါးမပေါက်ကြီးတွင်ကား လူများသည် ရပ်ကာ အတွင်းသို့ မျှော်ကြည့်လိုက်၊ စကားပြောလိုက်နှင့် နေကြသည်ကို တွေ့မြင်ရသည်။ ကျွန်တော်ကား ရုံးဆင်းချိန်မို့ လူတွေရှုပ်နေတာ ထင်ပါရဲ့ဟုသာ သာမန်အောက်မေ့မိသည်။

ကျွန်တော်သည် အင်မတန် အရိပ်အခြည်ကို မသိတတ်၊ မမြင်တတ်သူ ဖြစ်ချေသည်။ ခါတိုင်းကဲ့သို့ပင် ရဲရဲတင်းတင်း တံခါးပေါက်မှ အတွင်းသို့ ဝင်သွားသည်။ လမ်းကူးတွင်ကား လက်နက်ကိုင်စစ်သားများ စောင့်ကြပ်လျက်ရှိသည်ကို တွေ့ရသည်။ ခါတိုင်းလည်း စောင့်နေကျပဲဟု ထင်လိုက်မိသည်။ ကျွန်တော်သည် အတွင်းဝန်ရုံးသို့ သွားခဲလှပေသည်။

ညှိုးလျော့သော မျက်နှာနှင့် လုံချည်အပြာ ဝတ်ထားသော ရုံးစာရေးမ ၂ ဦးသည် သုတ်သုတ် သုတ်သုတ်နှင့် ရုံးထဲမှ ထွက်လာသည်။ သို့နှင့် အလယ်ဆင်ဝင်အောက် ကားဆိုက်သည့်နေရာသို့ ရောက်လာသည်။ ခါတိုင်းလို ရုံးစေများ၊ ချာပရာစီများ ရပ်ပြုနေသည်ကို အလျှင်းမတွေ့ရ။ တိတ်ဆိတ်ငြိမ်သက်၍ နေသည်။

ဗိုလ်ထွန်းလှ အခန်းသို့တက်ရန် လှေကား တစ်ထစ်၊ နှစ်ထစ် တက်မိပြီးမှ တိတ်ဆိတ်ငြိမ်ချက်သား ကောင်းလှသည်ကို စိတ်ထင့်သွား၍ ဗိုလ်ထွန်းလှ ခေတ္တရုံးဆင်းချိန် လက်ဖက်ရည်သောက် သွားနေလိမ့်မည်ဟု တွေးကာ မတက်တော့ဘဲ ဆင်ဝင်အောက်ကို ဖြတ်သန်းကာ တစ်ဖက်ရှိ တိုင်းပြုပြည်ပြုလွှတ်တော်ရုံးခန်းသို့ လာခဲ့လေသည်။ ဇော်ဂျီထံမှ အပြန်မှပဲဝင်တော့မည်လေ။

လွှတ်တော်ရုံး ဝင်ဝင်ချင်း သခင်နု၏ရုံးခန်းတံခါးမှာ ပိတ်ထားသည်ကို တွေ့ရသည်။ သက္ကလပ်ခန်းဆီး အစိမ်းပုပ်ကြီးမှာလည်း ဆွဲပိတ်၍ ထားသည် ။သခင်နု၏ ရုံးခန်းကိုကျော်၍ ဇော်ဂျီ၏ အခန်းသို့ ရောက်လေပြီ။ သူ့အခန်းမှာလည်း တံခါးပိတ်ထားပြီး ခန်းဆီးအစိမ်းပုပ်ကြီးသည် ဆွဲ၍စေ့ထားသည်။ ရုံးစေ ၃ ယောက်မှာ နံရံကို မှီကာ ရပ်နေကြသည်။ ခါတိုင်းလို စကား ပြောမနေကြ။ သူတို့သည် ငေးမှိုင်တွေဝေ၍ တစ်မျိုးကြီး ဖြစ်နေသည်ဟု အောက်မေ့လိုက်သည်။ ကျွန်တော်က ငိုင်တိုင်တိုင်နေသော ရုံးစေတစ်ဦးအား “ဦးသိန်းဟန် ရှိပါသလား” ဟု မေးသည်။

“ရှိပါတယ် ခင်ဗျ”ဟု ခပ်တိုးတိုးသာ ခပ်အေးအေးဖြေသည်။ သည်တော့မှ မျက်နှာပျက်နေကြောင်း အသေအချာ သိလိုက်တော့သည်။ စိတ်ထဲတွင်ကား မရှင်း။ တံခါးစေ့ထားသဖြင့် အတွင်းသို့ ရုတ်တရက် မဝင်ဝံ့သေးဘဲ ရပ်ကာ ရုံးစေဘက်သို့ တဖန်လှည့်၍ “အထဲမှာ အစည်းအဝေးလုပ်နေသလား” ဟု မေးရသည်။

ရုံးစေသည် ဘာမျှမပြောဘဲ အသာအယာ စေ့ထားသော တံခါးကို ဖွင့်ပေးသည်။ လှမ်းကြည်လိုက်ရာ သူ၏စားပွဲတွင် ထိုင်နေသော ဇော်ဂျီကို တွေ့မှ ထီးကို ထောင်ပြီး အတွင်းသို့ ဝင်လိုက်သည်။ ရုံးခန်းကားတိတ်ဆိတ် ငြိမ်သက်လျက် ရှိသည်။ စေ့ထားသော ပြတင်းတံခါးမှ ပြာစိမ်းစိမ်းမှန်ရောင်သည် ရိုက်ဟပ်သဖြင့် အခန်းသည် စိမ်းပြာပြာဖြစ်နေသည်။အခန်းထိပ်ရှိ စားပွဲကြီးတွင်ကား တိုင်းပြုပြည်ပြုလွှတ်တော် အကြံပေးအရာရှိ ဝတ်လုံဦးချစ်ထွန်းသည် ခေါင်းငိုက်ကာ ငေးမှိုင်နေလျက်ရှိသည်။

ဇော်ဂျီသည် ကျွန်တော်ဝင်လာသည်ကို မြင်သောအခါ ဆိတ်ဆိတ်ပင်။ စကား မမြွက်ဟဘဲ ထိုင်ရန် ကုလားထိုင်ကိုသာ လက်ဖြင့် ညွှန်ပြသည်။ သူသည် ငေးငိုင်၍နေသည်။ အတန်ကြာ တိတ်ဆိတ်လျက်ရှိသည်။ ကျွန်တော်ကား ခါတိုင်း လှုပ်ရှားဆူညံ၍ နေတတ်သော အတွင်းဝန်များရုံးသည် ဘာကြောင့် အခုလို အုံ့မှိုင်းရီဝေ၍နေသည်၊ ဆိတ်ငြိမ်၍နေသည်ကို အံ့သြလျက် ရှိသည်။ အတန်ကြာ ဆိတ်နေရာမှ “အားလုံးတော့ ဒုက္ခဖြစ်ကုန်ပြီ” ဟု ဇော်ဂျီက တိုးတိုးညည်းလေသည်။ ကျွန်တော်ကား ဘာမှန်းမသိသေးသဖြင့် ကြောင်နေရာ သူကအကဲခတ်မိ၍ နေရာမှထကာ လက်ပြ၍ အပြင်သို့ ခေါ်ခဲ့သည်။ ကျွန်တော်သည် ထိတ်ခနဲ ဖြစ်သွားသည်။

“လက်ဖက်ရည်ဆိုင် သွားရအောင်” မိုးတဖွဲဖွဲတွင် ရုံးခန်းအပြင်ဘက် မြေနီလမ်းလေးပေါ်ရောက်မှ ကျွန်တော်မနေနိုင်၍ “ဘာဖြစ်လို့လဲ ဆရာ” ဟု မေးမိသည်။ “မင်း မကြားသေးဘူးလား” ဟု ဇော်ဂျီက အံ့သြနေသည်။ “ဟင့်အင်း.. ကျွန်တော် အခုပဲ ဘတ်စ်ကားပေါ်ကဆင်းပြီး ရုံးကိုတန်းလာတာ”.. ဒီတော့မှ ဇော်ဂျီက ဖြစ်ပုံကို ပြောပြသည်။

ခြင်္သေ့တပ်စစ်ယူနီဖောင်းကို ဝတ်ဆင်ထားသော လက်နက်ကိုင် လူ ၄ ယောက်သည် ကျွန်တော်ဖြတ်လာခဲ့သော အလယ်ဆင်ဝင်အောက်မှ တက်လာကာ ဦးအောင်ဆန်း၏ရုံးခန်း အတွင်းသို့ အတင်းတိုးဝင်၍ အစည်းအဝေးပြုလုပ်လျက်ရှိသော အမှုဆောင်ဝန်ကြီးများအား စတင်းဂန်းဖြင့် ပစ်ခတ်ကြပြီး မည်သူမျှ ဖမ်းဆီးခြင်း မခံရဘဲ ဂျစ်ကားဖြင့် ထွက်ပြေးလွတ်မြောက်သွားသည်။ ကျွန်တော် မရောက်မီ တစ်နာရီကျော်ကျော်ခန့်က ဖြစ်သည်။

ကျွန်တော်သည် သည်သတင်းကို ကြားသောအခါ ထိတ်လန့်တုန်လှုပ်၍ သွားသည်။ အသားများ တဆတ်ဆတ် တုန်၍လာသည်။ အတွင်းဝန်ရုံး လက်ဖက်ရည်ဆိုင်ထဲတွင်ကား စာရေးစာချီစသော ရုံးသားတို့သည် ညှိုးငယ်သော မျက်နှာဖြင့် ဆိတ်ငြိမ်စွာ စားသောက်၍ နေကြသည်ကို တွေ့မြင်ရသည်။ တစားပွဲခြားရှိ နိုင်ငံရေးရာအတွင်းဝန် ကိုကျော်မြင့်ကလေးက လှမ်း၍ နှုတ်ဆက်လိုက်သည်။ သူသည် ခပ်အေးအေး၊ ခပ်တွေတွေပင် လက်ဖက်ရည်ကိုသောက်နေသည်။

“အင်မတန် နှမြောဖို့ ကောင်းတယ်ဗျာ” “သိပ်ပြီး ရက်စက်ကြမ်းကြုတ်တဲ့ နိုင်ငံရေးလုပ်ကြံမှုပဲ” စသဖြင့် လူအချို့သည် ညည်းတွားလျက် ရှိကြသည်။ ဇော်ဂျီက “အမျိုးသား ပျက်စီးခြင်းတစ်ရပ်ပဲ” ဟု တသသ ပြောသည်။ “ကျွန်တော် ရုံးဝင်းထဲ ဝင်လာတော့ လက်နက်ကိုင် ပုလိပ်တွေကို တွေ့တယ်။ ဒါပေမဲ့ ကျွန်တော် ဝင်လာတာကို မတားကြပါဘူး။ ဆင်ဝင်အောက် အဝင်မှာတောင် အသိစာရေးတစယောက်နဲ့ အတွေ့သားပဲ၊သူကလည်း ဘာမှ မပြောဘူး”

“လူတွေက မပြောရက်ကြဘူး”ဟု ဇော်ဂျီက ဆိုလေသည်။ လက်ဖက်ရည် သောက်နေကြစဉ် ခုတင်ပဲ ဆေးရုံမှပြန်လာသော ရုံးသားတစ်ဦး အပါးကပ်လာ၍ “ဘယ့်နှယ်လဲ” ဟု ကျွန်တော်တို့က ဝိုင်း၍ မေးမြန်းသည်။ သူက မိုင်းပွန်စော်ဘွားကြီးမှတစ်ပါး အားလုံးဆုံးရှာပြီဟု ပြောသည်။ သူသည် အသံတုန်နေ၍ မျက်နှာမှာ ဖြူဖပ်ဖြူရော် ဖြစ်နေသည်။

“ဗိုလ်ချုပ်ကော..” ဟု တစ်ယောက်က တိုးတိုးမေးသည်။ “မျက်နှာကို အဝတ်နဲ့ ဖုံးထားတယ်” ကျွန်တော်လည်း ကြာကြာမနေနိုင်ဘဲ ဂျူဒါအီစကယ် (သိမ်ဖြူ) လမ်း တံခါးပေါက်မှ ကျော်၍ အပြင်ဘက်လမ်းသို့ ထွက်ခဲ့သည်။ မိုးသည် တစိမ့်စိမ့်ရွာလျက်ပင် ရှိသည်။

လူတစ်အုပ်သည် မိုးရွာထဲတွင် ထီးဆောင်း၍၊ တချို့က ထီးမပါဘဲ၊ တချို့ ပလက်ဖောင်းပေါ်တွင် ရပ်ကာ အတွင်းဝန်ရုံးဘက်သို့ မျှော်ကြည့်နေကြသည်။ လူတစ်ယောက်က ကျွန်တော့် လက်မောင်းကို ဆွဲကိုင်၍ “ဒီမယ်.. ခုနက ဝန်ကြီးတွေ သေနတ်ပစ်ခံရတယ်ကြားတယ် ဟုတ်သလားဗျာ” ဟုမေးသည်။ သူကား အကြောင်းမျိုးစုံကို သိချင်နေပေလိမ့်မည်။

“ဟုတ်ကဲ့..” ဟုသာ ဖြေကြားပြီး တစ်ဖက်သို့ ဖြတ်ကူး၍ အသင့်တွေ့ရသော ဒေါင်းတံဆိပ်ကားကို တက်စီးလိုက်သည်။ ကားသည် လမ်းမတော်သို့ ပြေးလျက်ရှိသည်။ ကားထဲတွင် လူမနည်းလှပေ။ ခရီးသည်အားလုံး မျက်စိမျက်နှာ မကောင်းကြ။ ခပ်ရွယ်ရွယ် မိန်းမပျိုတစ်ဦးက “ဖြစ်မှဖြစ်ရလေနော်၊ ဖြစ်မှ ဖြစ်ရလေနော်” ဟု မြည်တမ်းလျက် ရှိသည်။

စျေးသည်ဟု ထင်ရသော ခပ်အိုအိုမိန်းမကြီး နှစ်ယောက်ကား “ဗိုလ်ချုပ် အသက်ရှင်ပါစေတော်၊ ဗိုလ်ချုပ် အသက်ရှင်ပါစေတော်” ဟု ဆုတောင်း၍ နေကြသည်။ ယခုမှပင် သိရသော မိန်းမတစ်ယောက်က မေးမြန်းသည်ကို “မပြောကြနဲ့၊ မပြောကြနဲ့” ဟု အသာလက်ကုပ်ကာ တီးတိုးတားမြစ်သည်။ သူတို့သည် မပြောရက်ကြပေ။

သန့်ပြန့်စွာ ဝတ်စားထားသော တရုတ်တစ်ဦးက “အားကီးရက်စက်တာပဲ” ဟု ကျွန်တော့်ဘက်သို့ လှည့်၍ ရေရွတ်လျက်ရှိသည်။ မျက်နှာထားတင်းတင်းနှင့် ဘတ်စ်ကားဒရိုင်ဘာသည် တောက်ခေါက်လိုက်သည်။ သိမ်ကြီးစျေးသို့ ရောက်သောအခါ လူသွားလူလာ ကင်းရှင်းနေပြီး စျေးဆိုင်များမှာ ပိတ်ထားလေပြီ။ သတင်းသည် တမုဟုတ်ချင်း ပျံ့နှံ့၍ သွားလေပြီ။ မော်တော်ကား၊ လန်ချားတို့ကား ခပ်မြန်မြန် သွားလာကြသည်။

ကားပေါ်မှဆင်း၍ လမ်းထဲသို့ဝင်လာသောအခါ အိမ်ဝတွင် လူတို့သည် မှိုင်တိုင်တိုင်နှင့် ရပ်ကာကြည့်နေသည်ကို တွေ့မြင်ရသည်။ လူတို့သည် အငြိမ်မနေနိုင်ကြ။ မိုးသည် မစဲဘဲ ရွာလျက်ပင်။ လူတို့သည် “ဖြစ်မှဖြစ်ရလေ၊ ဖြစ်မှ ဖြစ်ရလေ” ဟု တတွတ်တွတ် မြည်တမ်းရင်းမှပင် ညနေစောင်းလာတော့သည်။ ဗိုလ်ချုပ်ဆုံးကြောင်းကား ညနေသတင်းစာများမှနေ ကြားရလေပြီ။ မည်သူ့မျက်နှာကြည့်ကြည့် မျက်နှာညှိုးငယ်နွမ်းလျစွာနှင့်။ လမ်းမပေါ်မှ စက်ပြင်ဆရာတစ်ဦး၏ မိန်းမတစ်ယောက် ပါးစပ်မှ “ကျုပ်တို့တော့ ထမင်းလည်း မချက်တော့ဘူး၊ စားချင်စိတ်လည်း မရှိတော့ပါဘူး ရှင်” ဟူသော အသံသည် သဲ့သဲ့မျှ ပေါ်ထွက်လာသည်။

နေဝင်မီးငြိမ်း အမိန့်ထုတ်ထားသဖြင့် ညဉ့်ဦးသည် တိတ်ဆိတ်ကာ မှောင်လှသည်။ အိမ်သားများဆုံတိုင်း ညနေခင်းက အကြောင်းအရာကိုသာ ပြောကြသည်။ ရှိုက်သံ၊ တမ်းတသံ၊ ညည်းညူသံ၊ တသသံ။ တိတ်ဆိတ်မှောင်မည်းသဖြင့် စောစောအိပ်ရာဝင်ကြသော်လည်း အိပ်မပျော်နိုင်ကြ။ နေ့ခင်းကဟာ အိပ်မက်ပဲ ဖြစ်ကြပါစေတော့ဟု မိန်းမများ ဆုတောင်းကြသည်။

ညဉ့်နက်သော်လည်း ချောင်းဟန့်သံ၊ လူးလွန့်သံတို့သည် ဆက်နေသည်။ ရှဲခနဲ မီးခြစ်၍ နောက်ဖေးထကြပြန်သည်။ တစ်ရေးနိုးဆုံလျှင် “ဘယ်တော့များမှ မေ့ပျောက်ပါ့မလဲနော်” ဟု အိပ်ချင်သံနှင့် ဆိုကြသည်။ တစ်ရေးနိုးတိုင်း သတိရလျက် ရှိသည်။မကြာခဏ အိပ်မက်ပြီးနိုးသည်။ သို့နှင့်ပင် တအောက်မေ့မေ့ တသသနှင့် ထိုညကို လွန်မြောက်ရလေသည်။ ဒဂုန်တာရာ (တာရာမဂ္ဂဇင်း၊ အတွဲ(၁)၊အမှတ် (၆)၊ သြဂုတ်လ၊ ၁၉၄၇။)

Leave a Reply

Your email address will not be published.

x

You cannot copy content of this page