တာချီလိတ် ဖြစ်စဉ်မှာ နာမည်ကြီးခဲ့တဲ့ ထူးဆန်းတဲ့ကော်ဖီရဲ့ ဇစ်မြစ်နဲ့ သိထားသင့်တဲ့ အချက်များ

အရှေ့တောင်အာရှက လူငယ်တွေကြားမှာ အခုနှစ်ပိုင်း နာမည်ကြီးလာတဲ့ ဟက်ပီးဝါးတား အကြောင်းပြောပါမယ်။ အခုခေတ်လူငယ်တွေရဲ့ ညဘဝ ဆိုတာ ထုံးစံအတိုင်း မီးရောင်တွေ၊ ရောင်စုံအလင်းတွေ၊ အီလက်ထရောနစ် ဂီတတွေနဲ့ ပျော်ဖို့ကောင်းအောင်၊ ကလို့ကောင်းအောင် အမျိုးမျိုး ပံ့ပိုးကြတဲ့ထဲမှာ တားမြစ်ဆေးတွေကလဲ အဓိကနေရာ တနေရာကနေ ပါဝင်ပတ်သက်လာကြပါတယ်။ (ဒီနေရာမှာ ပျော်တယ်လို့ပဲ သုံးချင်ပါတယ်၊ အခြားစကားလုံးတွေက လူတိုင်းနဲ့ မသင့်တော်လို့ပါ။)

ဒီလိုတားမြစ်ဆေးတွေထဲမှာ အရောင်မရှိ၊ အနံ့မရှိ၊ အရည်ပုံစံ ဟက်ပီးဝါးတားလို့ခေါ်တဲ့ ပစ္စည်းတမျိုးကိုလဲ အသုံးပြုလာကြတာရှိပါတယ်။ ဓာတ်ခွဲစမ်းသပ်ချက်တွေအရ ဟက်ပီးဝါးတားမှာ ကဖိန်း၊ ဒိုင်ယာဇီပင်၊ ကီတာမင်း၊ အက်တက်စီ၊ မီသာဖီတမင်း၊ ထရာမာဒေါလ် စတဲ့ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲစေတဲ့ ဓာတ်ပစ္စည်း ၆ မျိုးလောက်ထိပါဝင်တတ်ပါတယ်။

ထို ဓာတ်ပစ္စည်းများကို ရေပူပူနဲ့ပျော်အောင်ဖျော်ပြီး အဝင်ကောင်းအောင် အချိုအရသာရှိတဲ့ အရည်တခုခုနဲ့ ပြန်လည် ပြုလုပ်ထားတဲ့ ဆေးမျိုးစုံကောက်တေး လို့သိရပါတယ်။ တစ်ညလုံး မပင်ပန်းပဲ ကခုန်ပျော်ရွှင်နိုင်ဖို့ (ကြည်နူးရွှင်ပျခြင်း အဆင့် (euphoria stage) ကို ဆက်တိုက်ရနေစေဖို့) အတွက် အဓိက အသုံးပြုကြပါတယ်။

ဘေးထွက်ဆိုးကျိုး သုံးစွဲရင် ကြုံတွေ့ရမှာတွေအနေနဲ့ကတော့ စွဲလမ်းစေတာကစလို့ စာနဲ့တခုချင်းချရေးရင် အများကြီးဖြစ်နေပါလိမ့်မယ်။ အဓိကအနေနဲ့ကတော့ သွေးပေါင်ချိန်တွေတက်မယ်၊ မျက်လုံး သူငယ်အိမ်တွေကျယ်မယ်၊ အမြင်/အကြားအာရုံတွေ ပြောင်းလဲလာမယ်၊ ပြင်းထန်တဲ့ ကိုယ်လက်လှုပ်ရှားမှုတွေ (Out of body experience) ရမယ်၊ ခေတ္တမှတ်ဉာဏ်ပျောက်ဆုံးမယ်၊ နာကျင်မှုတွေ ခံနိုင်ရည်ရှိလာမယ်၊ ဆေးရှိန်ပျယ်တဲ့အချိန်မှ ပင်ပန်းနွမ်းနယ်မယ်၊ ရေဓာတ်ခမ်းခြောက်မယ်၊ စိတ်မကြည်မလင်ဖြစ်မယ် စသဖြင့် ကြုံတွေ့ရပါမယ်။

ရေရှည်သုံးစွဲသူတွေအနေနဲ့ကတော့ ညအိပ်မပျော်တာ၊ အမြင်/အကြား ထင်ယောင်ထင်မှားတွေဖြစ်တာ၊ သံသယစိတ်တွေများလာတာ၊ အာရုံခံနိုင်စွမ်းတွေလျော့နည်းလာတာကစပြီး နောက်ဆက်တွဲ ဆီးနှင့် ကျောက်ကပ်ရောဂါများ၊ ဦးနှောက်နှင့် အာရုံကြောဆိုင်ရာရောဂါများ၊ ခွဲစိတ်ခန်းသုံးမေ့ဆေး ဆေးမတိုးတော့တဲ့အခြေအနေများ စသဖြင့် များစွာ ကြုံတွေ့နိုင်ပါတယ်။

ဟက်ပီးဝါးတားကို သုံးစွဲရတာကလဲ လွယ်ကူရှင်းလင်းပါတယ်။ အရောင်၊ အနံ့ မထင်ရှားတဲ့အတွက် အခုမှ တားမြစ်ဆေးတွေကို စမ်းသပ်ကြည့်ချင်တဲ့ လူငယ်များအတွက် အသုံးပြုရတာ လွယ်ကူစေပြီး သာမန်အစားအသောက်ထုတ်ပိုးမှု ပုံစံတွေနဲ့ ရောထွေးနေတတ်တာမျိုးတွေ့ရတတ်ပါသေးတယ်။

တရုတ်ကနေ အဓိက ထုတ်လုပ်ပြီး မြန်မာနဲ့ ထိုင်းမှာ သုံးစွဲမှု အရမ်းများတဲ့ ပစ္စည်းတမျိုးဖြစ်ပါတယ်။ ဟက်ပီးဝါးတားကနေ အစပြုပြီး နောက်ပိုင်း အခြား တားမြစ်ဆေးတွေကိုပါ ထပ်မံအသုံးပြုချင်အောင် ဆွဲဆောင်နိုင်ပါတယ်။ ဆေးလွန်မှု ကိစ္စမျိုးတွေလဲဖြစ်တတ်ပါတယ်။

ပျော်ရွှင်မှုကို ရှာဖွေတာ လူငယ်သဘာဝဖြစ်ပင်မဲ့ (Self-relaxation အတွက် အသုံးပြုရင်တောင်မှ) အချို့ကိစ္စတွေကို ကိုယ့်အသိဉာဏ်နဲ့ကိုယ်ဆုံးဖြတ်ရပါမယ်။ အထူးသဖြင့် အလွဲသုံးစားပြုလုပ်ဖို့ သီးသန့် ပြုလုပ်ထားတဲ့ ဓာတုဗေဒပစ္စည်းတွေက ပေးတဲ့ ပျော်ရွှင်မှုနဲ့ ပြန်ရတဲ့ ဘေးထွက်ဆိုးကျိုးတွေကို ကိုယ်တိုင်ပြန်လည်ချိန်စကြည့်ဖို့ အကြံပေးရင်း ဒီစာကို အဆုံးသတ်ပါရစေ။ (တားမြစ်ဆေးတွေ ခဏခဏ သုံးတာ ဘာနဲ့တူလဲဆိုတော့ ခွဲစိတ်ခန်းထဲ ခဏခဏဝင်ပြီး မေ့ဆေး သွားသွားထိုးနေတာနဲ့ တူပါတယ်)

စာကြွင်း။ အချို့ မှားပြီး လာမေးနေကြတာရော၊ အွန်လိုင်းမှာ ဆေးခြောက်ရေကို ဟက်ပီးဝါးတားဆိုပြီး ပြောရောင်းနေတာတွေရောရှိလို့ဖြည့်စွက်ထပ်ပြောပေးတာပါ။ ဆေးခြောက်ရေက Happy water မဟုတ်ပါဘူးခင်ဗျာ။ (Dr. Sai Aung Thant Zin)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page