မိုးထိအောင် မြင့်ဦးမယ့် ကားဈေးနဲ့ စက်သုံးဆီ တလီတာ တသောင်း ဖြစ်လာမယ့် အခြေအနေ

ကားစျေးတွေ တက်လို့တဲ့ မြန်မာအာမခံကြီးက အာမခံအခွန်တွေ တိုးကောက်ဖို့ ပြင်ဆင်နေကြပြီတဲ့။ ထင်တဲ့အတိုင်း ကားစျေးတွေကို ဗိုလ်ချုပ်သားသမီး အပေါင်းအပါတွေက မတရား စျေးဆွဲတင်ရောင်းချပြီး အရင်ကလို ကားပါမစ်တစောင် သိန်း၁၅၀၀ ဆိုပြီး လုပ်စားဂွင်တွေနဲ့ ပြည်သူအပေါ် ဂုတ်သွေးစုပ်တော့မယ်ဆိုတာ ယုတ်လုံးပေါ်လာပြီ။

ကားစျေးတွေ တက်ရုံတင်မကဘူး။ ကားရှိသူတွေဟာ အခွန်တွေကိုလည်း ယာဉ်သက်တမ်းတိုးတဲ့အချိန်မှာ တိုးကောက်ဖို့ ပြင်နေပြီလို့လည်း သိရတယ်။ နောက်နှစ် ဇူလိုင်ကစပြီး ယာဉ်လိုင်စင် သက်တမ်းတိုးရင် ယာဉ်စစ်တွေပါ ပြန်လုပ်မယ်ဆိုတော့ စျေးကွက်ထဲမှာ ဂျင်းထည့် ရောင်းခံထားရတဲ့ ယာဉ်ပိုင်ရှင်တွေလည်း လိုင်စင်သက်တမ်းတိုးတဲ့အချိန်မှာ ငွေကုန်ကြေးကျ ပိုများတော့မည့်သဘောပဲ။

မအလနဲ့ အပေါင်းအပါတစုသာ လက်ဝါးကြီးအုပ်ထားတဲ့ စက်သုံးဆီ စျေးကွက်က စက်သုံးဆီစျေးတွေကလည်း အတက်ဘက်ကိုရောက်၊ အရည်အသွေးတွေကလည်း အရင်လို အရည်အသွေးမကောင်းတော့ စက်သုံးဆီစျေးက တလီတာ တသောင်း ထိ မကြာမီ တက်လာနိုင်မည့် အခြေအနေမျိုးတွေ။ ဘာလို့ စက်သုံးဆီစျေးတက်လာနိုင်လည်းဆိုတော့ စျေးကွက်မှာ ဒေါ်လာစျေးက ကြောက်စရာကောင်းလောက်အောင် အတက်ကြမ်းနေလို့ပဲ။

ဒါအပြင် ကားအပိုပစ္စည်းတွေကလည်း တက်တော့ စက်သုံးဆီမကောင်းလို့ ခဏခဏ ပိုပျက်လာတဲ့ ဒဏ်ကို ကားပိုင်ရှင်တွေ အလူးအလဲ ခံရဦးမယ်။ ငွေရှိလို့ ဒီပိုက်ဆံလောက်မမူဘူးဆိုပြီး ကားစီးတဲ့သူတွေအတွက်တော့ အရေးမကြီးပေမဲ့ လက်ရှိ လက်ထဲမှာ ကားပိုင်ထားသူ တချို့ကတော့ ကားပြုပြင်ထိန်းသိမ်း စောင့်ရှောက်ရတဲ့ စရိတ်တွေက အဆမတန်တိုးလာမည့် သဘောပဲ။

ဆေးစျေး၊ အခြေခံစားကုန်စျေး၊ စက်သုံးဆီစျေး၊ နိုင်ငံခြားပစ္စည်းစျေး၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းသုံး ပစ္စည်းတွေ ရှားပါး စျေးတက်နေပုံနဲ့ကတော့ နိုင်ငံခြားငွေတွေနဲ့ ရွှေစျေးကတော့ ပြန်ကျဖို့ အတော်ခက်မည့် အခြေအနေမျိုး။

ကားစျေးတွေကို ခန့်မှန်းရမယ်ဆိုရင် တဒေါ်လာ ကျပ်ငွေ တသောင်း ဖြစ်ရင်တော့ ကားစျေးက အခုလက်ရှိသိန်း ၄၀၀ တန် ကားကနေ သိန်း ၅၀၀နဲ့ ဆက်မတက်တော့ပဲ တန့်မည့်သဘော။ ဘာလို့လဲဆိုတော့ ကားအပိုပစ္စည်းနဲ့ နေ့စဉ်သုံးနေရတဲ့ စက်သုံးဆီစျေးတွေဟာ တလီတာကို တဒေါ်လာနီးနီးဖြစ်သွားရင် စက်သုံးဆီစျေးက တလီတာ တသောင်း ဖြစ်ဖို့ သေချာနေပြီ။ ဒီလို အခြေအနေမှာ ကားဘယ်လောက်ရှိရှိ၊ စက်သုံးဆီစျေးကြီးလို့ ကားစီးနေတဲ့သူ 50 % က ကားကို မစီးနိုင်တော့ပဲ ရပ်ထားကြတော့မှာ။

ဒီတော့ ကားစျေးတွေဟာ စျေးအမြင့်မှာ ရောက်ပြီး တန့်သွားမည့်သဘောပဲ။ ကားဆိုတဲ့အမျိုးက ရပ်ထားရင်လည်း ရပ်သလောက် ရပ်ဆွေးဖြစ်တတ်တော့ အချိန်ကြာလာတာနဲ့အမျှ စရိတ်တွေ ပွန်းလာမှာပဲ။ အခုလက်ရှိအချိန်ထိကတော့ သိန်း ၄၀၀ ထိ တက်ပြီးသား ကားတွေက သိန်း ၅၀၀ ကျော်အထိ အရှိန်ကောင်းကောင်းနဲ့ ဆက်တက်နေဦးမှာပဲ။

ဘယ်အချိန်မှာ တရှိန်ထိုး ပြန်ကျမလဲဆိုတာကတော့ စက်သုံးဆီစျေးတွေ အဆမတန်တက်လို့၊ ပြတ်လတ်လို့ ကားတွေ ရပ်ထားတဲ့အချိန်ကျရင် ကားစျေးက ထိုးကျဖို့ပဲ ရှိတယ်။ ဒီတော့ ကားကို မရှိမဖြစ် အသုံးပြုဖို့မဟုတ်ပဲ ရင်းနှီးမြုပ်နှံမှုတခုလို သုံးမယ်ဆိုရင်တော့ ကားစျေးက သိန်း ၄၀၀ ကနေ သိန်း ၅၀၀ ကျော်ထိ ဆက်တက်ဦးမှာပဲ။

ကားရှိနေသူတိုင်းက ကားစျေး ကျချင်စိတ်ကို မရှိကြတော့ စျေးက တရှိန်ထိုး တက်နေဦးမှာပဲ။ အမြင့်ကားတွေလည်း ဒေါ်လာတက်လာသလို ကားပါမစ်တွေ ပိတ်ထားတယ် အကြောင်းပြပြီး တက်မှာပဲ။ ကားစျေးတက်အောင် ကစားတဲ့ သူအများစုဟာ စကစနဲ့ မကင်းရာမကင်းကြောင်းတွေ ဆွေမျိုးတွေ ဖြစ်ကြပြီး ကားစျေးတွေကို အဆမတန် ဆွဲတင်ထားမှသာ အရင် သန်းရွှေခေတ်လို ကားပါမစ်တစောင် သိန်း ၁၀၀၀ ဆိုပြီး ပျော်ပျော်ကြီး ရိုက်စားလို့ရမှာ။ ဒီအတွက် ကားတစီးကို သိန်းတသောင်းတန်တယ်ဆိုပြီး လူသိများအောင် ဖွကြတာ။

ဒါမှလည်း သိပ်မကြာခင်မှာ ကားပါမစ်တစောင် သိန်း ၁၀၀၀ ဆိုပြီး မအလတွေက ပျော်ပျော်ကြီး လုပ်စားကြတော့မှာ။ ဒီတော့ အခု ရက်ပိုင်း ကားစျေးတွေ အဆမတန်တက်လာတာဟာ ရွှေ ဒေါ်လာစျေး ဆွဲတင်ကစားခဲ့သလိုမျိုး ရွှေ၊ ဒေါ်လာ ကစားနေတဲ့သူအများစုရဲ့ ငွေတွေကို ကား ဘက်ရောက်အောင် မက်လုံးပေးလိုက်တာပဲ။

ကားစျေးတွေက ရက်ပိုင်းအတွင်း သိန်း ၃၀၀ ကနေ သိန်း ၄၀၀ ဖြစ်ကုန်လို့ အမြတ်ကြမ်းတဲ့အပေါ် လူများစုက ငါးစာဖြစ်မှန်းမသိ ဝင်ဟပ်ကြတော့ အချိန်တခုရောက်ရင် အကုန်စားခံရမှာ။ အဓိကအားဖြင့် ဒေါ်လာနဲ့ ရွှေပေါ်မှာချည်း ဝင်ကစားနေကြသူတွေဟာ လောဘနဲ့ မြင်လာကြပြီး လုပ်ဇာတ်ခင်းထားတဲ့ ကားအမြတ်ကြမ်းမှုထဲ တစစ ဝင်လာရာကနေ ဒေါ်လာနဲ့ ရွှေတွေ စျေးကွက်ထဲ ပြန်ထွက်လာပြီး စကစရဲ့ မက်လုံးပေး လုပ်ရပ်တွေ အောင်မြင်တယ် ပြောရမယ်။ (Aung Kyaw Oo)

Leave a Reply

Your email address will not be published.

x

You cannot copy content of this page