၃၀၀၀ ကျော်သွားတဲ့ ဒီဇယ်ဆီ၊ ရပ်ဆိုင်းသွားတဲ့ သယ်ယူပို့ဆောင်ရေးနဲ့ ထိန်းမရတော့မယ့် ကုန်ဈေးနှုန်း
အခုရက်ပိုင်းအတွင်း ဆက်တိုက် အတက်ဖက်မှာသာရှိနေတဲ့ ဒီဇယ်နဲ့ ပရီမီယံဒီဇယ်ဈေးနှုန်းတွေဟာ ဩဂုတ်လ ၂၄ ရက်နေ့မှာ တစ်လီတာကို ကျပ် ၃၀၀၀ အထက်ကို ရောက်ရှိလာပါတယ်။ ဒီနေ့ ရန်ကုန်မြို့မှာ အောက်တိန်း 92 တစ်လီတာကို ၂၄၄၀ ကျပ်၊ 95 က ၂၅၂၅ ကျပ်၊ ဒီဇယ်က ကျပ် ၃၀၀၀ နဲ့ ပရီမီယံဒီဇယ်က ၃၀၈၀ ကျပ်သို့ ရောက်ရှိခဲ့ပါတယ်။
စက်သုံးဆီဈေး အနိမ့်ဆုံးရောက်ခဲ့တဲ့ ဩဂုတ် ၇ ရက်နေ့နဲ့ နှိုင်းယှဉ်ရင် လက်ရှိမှာ အောက်တိန်း 92 နဲ့ 95 တို့ဟာ ကျပ် ၈၀၀ ကျော် မြင့်တက်နေပြီး ဒီဇယ်နဲ့ ပရီမီယံဒီဇယ်ဈေးနှုန်းတွေက ကျပ် ၁၀၀၀ ကျော်အထိ မြင့်တက်လာတာ ဖြစ်ပါတယ်။
အခုလို စက်သုံးဆီဈေးနှုန်းတွေ မြင့်တက်နေတာကြောင့် တွက်ခြေမကိုက်တဲ့အတွက် အငှားယာဉ်တချို့ပြေးဆွဲမှု ခေတ္တရပ်နားထားကြသလို အဝေးပြေးကုန်စည် ပို့ဆောင်ရေးယာဉ်ပိုင်ရှင် တချို့ကလည်း ကုန်ကားစီးရေ လျှော့ချ ပြေးဆွဲလာတာမျိုးတွေ ရှိနေပါတယ်။
ပြည်တွင်းစက်သုံးဆီစျေးတွေ မြင့်တက်လာတဲ့အတွက်ကြောင့် ရန်ကုန်မြို့မှာ ကုန်သေတ္တာတင်ယာဉ် သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုတွေ တွက်ခြေမကိုက်တဲ့အတွက် ရပ်ဆိုင်းလုနီးပါးဖြစ်နေတယ်လို့ မြန်မာနိုင်ငံကုန်သေတ္တာတင် မော်တော်ယာဉ်များအသင်းက သိရပါတယ်။
အဆိုပါကိစ္စကို ဖြေရှင်းနိုင်ဖို့ ကုန်တင်ခနှုန်းထားတိုးမြှင့်ခြင်းမဟုတ်ဘဲ ခရီးစဉ်အလိုက် စက်သုံးဆီဖိုးကို တိုးမြှင့်ကောက်ခံသွားမှာဖြစ်ပြီး နယ်ဝေးနှုန်းထားတွေတော့ မပါဘူးလို့ ကုန်သေတ္တာယာဉ်များအသင်းကနေ သိရပါတယ်။ သယ်ယူပို့ဆောင်စရိတ်တွေတိုးမြှင့်လာတဲ့အတွက် အခြေခံကုန်စည်စျေးနှုန်းတွေကလည်း ထပ်တက်နိုင်တဲ့အခြေအနေမှာရှိတယ်လို့ သိရပါတယ်။