ကားလိုင်စင်ဆော့ဝဲနဲ့ တိုက်စစ်ရင်တောင် မပေါ်တဲ့ အုံနာဘုတ်အတု ဝှီးတက်အတု ဂျင်းထည့်နည်းများ

(11.7.2022) အသိမိတ်တွေတစ်ယောက် ဖုန်းဆက်ပြီး အကူအညီတောင်းပါတယ်.. သူပြောပြတာကတော့ အွန်လိုင်းပေါ်ကနေ ဈေးသက်သာလို့ ဆိုပြီး.. ဆစ်တဲ့ဈေးနဲ့လည်းရလို့ ဝယ်လိုက်တာ ကားအုံနာစာအုပ် အတုကြီးဖြစ်နေတယ်..

ကျွန်တော့လည်း မေးတာပေါ့ မင်းဘယ်လို သိလဲ စာအုပ်အတုဆိုတာကို.. ကျွန်တော်လည်း ‌လိုင်းပေါ်တင်ပြီးပြန်ရောင်းလိုက်တာ ဝယ်သွားတဲ့သူက လိုင်စင် သွားဝင်တာ လိုင်စင်ရုံးက အကျိုးဆောင်ကပြောလို့ သိရတာ တော်သေးတာပေါ့.. အကျိုးဆောင်နဲ့ လုပ်ခိုင်းလို့ ကိုယ်တိုင်သာ သွားလုပ်ရင် မလွယ်ဘူးရယ်..

အေး.. ဒီတော့ ကိုဘာကူညီရမလဲ.. စာအုပ် တစ်ချက်ကြည်ပေးပါ.. ကားစစ်တဲ့ Software နဲ့စစ်ကြည့်တာတော့ အမှန်ပဲ.. ကျွန်တော့ပြောချင်တာလည်း အဲဒါပဲ. ကျွန်တော် ရန်ကုန် ကနေ ရှမ်းပြည်နယ်ကွတ်ခိုင်မြို့မှာ ကားတစ်စီးဝယ်လိုက်တယ်.. ဝယ်ပေးသူက ကွတ်ခိုင်မြို့မှာ ချမ်းသာပြီး လုပ်ငန်းကြီး လုပ်ကိုင်‌‌နေသူ အွန်လိုင်းပေါ်မှ သိရှိပြီး သူ့ဆီက ကားသုံးလေးစီဝယ်ဖူးပြီး စိတ်ချယုံကြည်ရသူပါ။

ကျွန်တော် ဝယ်လိုက်တဲ့ ကားက Wish /J တန်း ပါးဝိုက် xs grade ကားက လုပ်ချက်ပါတယ်.. ‌ဈေးတန်းက 235 သိန်း (၁၁ လပိုင်း ၂၀၂၁ လောက်ကပါ) ပြုပြင်ပြီး ပြန်ရောင်းရင် အဲအချိန်က 265 လောက်ရနိုင်တယ်.. ok ပေါ့.. ကျွန်တော့လဲ ငွေ 235 သိန်းထည့်ပြီး အပြန်မောင်းဖို့ သားတော်မောင်ကိုခေါ်ပြီး ရန်ကုန်မှ ကားတစ်စီးဖြင့် ကွတ်ခိုင်မြို့ကို သွားကြတာပေါ့.. ကျွန်တော့တို့ ကွတ်ခိုင်မြို့ကို ည 7 နာရီလောက်မှရောက်ကြတယ်.. ကွတ်ခိုင်က မိတ်ဆွေကို ဖုန်းဆက် ရောက်ပြီ မနက်မှတွေ့ကြမယ်ပြောပြီး တည်ခိုခန်းမှာ ညအိပ်လိုက်ကြတယ်..

အော်မေ့လို့ ငွေ 235 သိန်းကို မန္တလေးမှာ ဝင်ပေးခဲ့ပါ။ သူက မန္တလေးမှာ ကုန်ဖိုးပေးရမယ် ဆိုလို့ ကားမမြင်ရသေးဘူး ငွေကိုတော့ မန္တလေးမှာ ဝင်ပေးထားခဲ့ပြီးသား။ ဒီလိုနဲ့ မိုလင်းလို့ 8 နာရီလောက်မှထပြီး ကားဝယ်ပေးထားသော မိတ်ဆွေဆီ ဖုန်းဆက် ခေါ်တော့ မိတ်ဆွေလဲ တည်ခိုခန်းမှာ ကျွန်တော်တို့ သားအဖကိုလာခေါ်ပြီး ကားထားတဲ့နေရာကို ခေါ်သွားတယ်ပေါ့ဗျာ..

ကားက ဂိုထောင်ထဲမှာ ကား‌‌ခြောက်စီးလောက်ရှိမယ်။ ကား အကောင်းစားတွေကြီး.. ကျွန်တော့ဖို့ ဝယ်ပေးထားတယ်ဆိုတဲ့ Wish ပါးဝိုက်လေးကို သေသေချာချာ စစ်ဆေးကြည်လိုက်တော့ အနည်းငယ်သာ ပြုပြင်ရမည်ဖြစ်ပြီး ပြန်ရောင်းရင် ကြိမ်းသေ သိန်းနှစ်ဆယ် မြတ်နိုင်တယ် ဆိုတော့ ကျိတ်ပျော်နေတာပေါ့.. အုံနာဘုတ်ကောလို့ မေးတော့ ဆိုင်မှာ ဆိုလို့ ဆိုင်လိုက်ယူရသေးတယ်..

အယ်.. အဲ့မှာစတွေ့တာပဲ အုံနာဘုတ် ဝှီးတက်ကို ကြည်လိုက်တော့ အုံနာဘုတ် အတု ဝှီးတက် အတု ဖြစ်နေတယ်.. ဒီနေရာမှာ ပြောပြစရာတစ်ခုရှိတယ်.. အွန်လိုင်းကနေ ကားပုံကို Viber ကနေပို့လို့ ကားနံပတ်ကို car software နဲ့စစ်ကြည့်တာ အမည်မှန်တယ်.. အရောင်မှန်တယ်.. ကားအမျိုးအစားမှန်တယ်.. ယာဉ်ပိုင်ရှင်အမည်နှင့် လိပ်စာကို ဝှီးတက်ပုံပါ လိပ်စာနှင့် စစ်ဆေးကြည့်တာ မှန်တယ်.. ဆိုတဲ့ နေရာမှာ အတုလုပ်တဲ့ သူတွေကလည်း Car Software ကနေကြည့်ပြီးမှ အတုပြုလုပ်ကြတာပါ..

ကျွန်တော့် မိတ်ဆွေကို ဟာ ခင်ဗျား အုံနာစာအုပ်အတုကြီး အဲ့တော့ကားလဲ without ဖြစ်မယ်.. ဟာ မဟုတ်တာဗျာ ကားထောင်စားတဲ့ အုံနာတွေ အရမ်းချမ်းသာတာ အဲ့လိုမလုပ်တတ်ကြပါဘူး.. ဒါနဲ့ကျွန်တော့လဲ မိတ်ဆွေမှာ အိမ်စီးကား ကားအုံနာဘုတ်ရှိလားမေးတော့.. ရှိတယ် ဆိုလို့ သွားယူခဲ့ ရှင်းပြမယ်..

အုံနာစာအုပ် ထပ်ယူလာတော့မှ အတု အစစ် ခွဲနည်းကို သေသေချာချာရှင်းပြတယ်.. အဲ့ကျမှ ကျွန်တော့် မိတ်ဆွေက အကျိုးဆောင် ပွဲစားကိုခေါ်ပြီး လိုက်ကြတော့တာပဲ.. ကျွန်တော်တို့ သားအဖလည်းသူ့ဆိုင်မှာ ဟိုကြည့်ဒီကြည့် ထိုင်စောင့်နေရတာပေါ့.. သူတို့ ထွက်သွားတာ မနက်ဆယ်နာရီ ပြန်လာတာ ညနေ ၃ နာရီမှာ သူတို့ကို ကားရောင်းလိုက်တဲ့သူကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဆီကို ခေါ်ပြီးသွား ပြောပြမှ သူတို့ငွေ သူတို့ ပြန်ရတယ်လို့ ပြောတယ်..

အဲ့ကားရောင်းတဲ့သူက သူ့မိန်းမ မသိအောင် ငွေတွေသုံးထားလို့.. သူ့မိန်းမ မသိအောင် without ကားတစ်စီးကို ၆ သိန်းပေးဝယ်ပြီး နံပါတ်ပြား အတု ဝှီးတက်အတု အုံနာစာအုပ်အတု လုပ်ထားတာဆိုပဲ.. ကျွန်တော်တို့သားအဖလည်း ကိုယ့်ငွေကိုယ်ပြန်ယူ လမ်းခရီးစရိတ် ရှူံးပြီး ပြန်လာရတယ်ပေါ့ဗျာ.. ဖုန်းဆက်အကူအညီတောင်းသူကို ဒီအကြောင်းတွေပြောပြပေးရင်း ရန်ကုန်ကားချစ်သူများကိုလည်းပြောပြလိုက်ပါသည်။ Soe Than (ကန်တော်ရိပ်)

Leave a Reply

Your email address will not be published.

x

You cannot copy content of this page