နေချင်စဖွယ် ရွှေပြည်ကြီးရဲ့ ဘတ်စ်ကား မှတ်တိုင်တွေမှာ မတ်တပ်ဒုက္ခရောက်နေကြတဲ့ ပြည်သူများ
ဂတ်စ်ပိုက်လိုင်း ပေါက်ကွဲလို့ ဂတ်စ် မရရှိဘူးဆိုကာ YBS ယာဉ်လိုင်းများ မထွက်ကြတာကြောင့် ဒီနေ့ ရုံးဆင်းချိန်မှာ ခရီးသွားပြည်သူတွေအနေနဲ့ မှတ်တိုင်များမှာ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရပြီး ဒုက္ခရောက်ခဲ့တယ်လို့ သိရပါတယ်။
ရုံးဆင်းချိန်မှာ ဘတ်စ်ကားများ မထွက်နိုင်တာကြောင့် မှတ်တိုင်များတွင် လူအများအပြား စုပုံနေပြီး ရောက်လာတဲ့ ဘတ်စ်ကားများပေါ်ကိုလည်း စုပြုံတက်ခဲ့ရတယ်လို့ သိရပါတယ်။ YBS လမ်းညွှန် ဖေ့ဘုတ်ပေ့က ထုတ်ပြန်တဲ့ ကြေညာချက် အပြည့်အစုံကို ဖော်ပြ ပေးလိုက်ပါတယ်-
YBS ခရီးသည်များခင်ဗျာ။ ၂၂.၇.၂၀၂၂ တွင် YBS ယာဉ်လိုင်းတချို့မှာ CNG GAS မရှိတဲ့ ယာဉ်လိုင်းများပြားနေသောကြောင့် ယနေ့ညနေပိုင်း YBS စီးနင်းသူများ အခက်ခဲများကြုံတွေ့ရနိုင်ပါသည်။ ခရီးဝေးပြန်မည့်ခရီးသည်များအနေဖြင့် YBS ယာဉ်လိုင်းများကို အချိန်ကြာမြင့်စွာစောင့်ဆိုင်းစီးနင်းခြင်းမပြုဘဲ မှတ်တိုင်ရှိလမ်းကြောင်းတူ ခရီးသည်များစု၍ တက်စီငှားခြင်းဖြင့် အိမ်ပြန်ကြပါရန် အကြံပြုအပ်ပါသည်။
လက်ရှိအချိန်ထိ အိမ်ပြန်ဖို့ မှတ်တိုင်တွေမှာ ထိုင်စောင့်နေတဲ့ ပြည်သူတွေ အများအပြား ရှိနေသေးပြီး ညနက် လာတာနဲ့အမျှ လုံခြုံရေး စိတ်မချရတဲ့ အခြေအနေ ဖြစ်လာနေတယ်လို့ သိရပါတယ်။
စကစက အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူတွေမှာ တနေ့တမျိုး မရိုးနိုင်တဲ့ ဒုက္ခတွေ ကြုံတွေ့နေရပြီး ကုန်ဈေးနှုန်း မြင့်တက်ခြင်းသာမက ယခုလို နေ့စဉ်ဘဝမှာ သွားရေးလာရေး ခက်ခဲမှုတွေပါ နေ့တိုင်းနီးပါး ကြုံတွေ့နေရတယ်လို့ သိရပါတယ်။