ဆီတန်းစီ၊ ဆေးတန်းစီနဲ့ အခု ဂတ်စ်ပါ တန်းစီရပါပြီ (ဘတ်စ်ကားအချို့ မထွက်နိုင်၊ ပြည်သူတွေ အခက်တွေ့)

ဂက်စ်ပိုက်လိုင်းပေါက်သည်ဟု သတင်းများထွက်ပေါ်နေပြီးနောက် ရန်ကုန်မြို့ရှိ CNG အသုံးပြု မော်တော်ယာဉ်များ CNG ဖြည့်ဆိုင်များတွင် အချိန်ကြာမြင့်စွာတန်းစီစောင့်ဆိုင်းနေရကြောင်း CNG ယာဉ်မောင်းနှင်သူများထံမှ သိရပါတယ်။

CNG မော်တော်ယာဉ်များ အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းနေရမှုမှာ ဇူလိုင် ၂၁ ရက် ညနေပိုင်းမှ စတင်ကာဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။ “ဆိုင်က ပြောတာတော့ ဇောတိက ဂက်စ်ပိုက်လိုင်းပေါက်တယ်ဆိုပြီး ပြောကြတယ်။ မနေ့က ညကတည်းက တန်းစီရတာ။ မနက်မိုးလင်းခါနီးမှ ရတယ်” ဟု ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် YBS ယာဉ်လိုင်းတစ်ခုမှ ယာဉ်မောင်းတစ်ဦးက ပြောပါတယ်။

ဇူလိုင် ၂၂ ရက် မွန်းလွဲပိုင်းအထိ သာကေတရှိ CNG ဖြည့်ဆိုင်များ၊ စက်ဆန်းရှိ CNG ဖြည့်ဆိုင်များတွင် မော်တော်ယာဉ်များ တန်းစီစောင့်ဆိုင်းကာ CNG ဖြည့်နိုင်ရန် စောင့်ဆိုင်းလျက်ရှိသည်ကို တွေ့ရပါတယ်။ တန်းစီတဲ့ကားတွေ များပြားတာကြောင့် အချိန်နှစ်နာရီလောက်အထိ စောင့်ဆိုင်းနေပေမယ့် အလှည့်မရောက်နိုင်သေးဘူးလို့ မော်တော်ယာဉ်မောင်းသူတွေက ပြောပါတယ်။

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် YBS မော်တော်ယာဉ်များ၊ အဌားယာဉ်အချို့မှာ CNG အသုံးပြုမောင်းနှင်လျက်ရှိသည့် မော်တော်ယာဉ်များဖြစ်ပြီး ယင်းသို့တန်းစီစောင့်ဆိုင်းနေရသဖြင့် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိနေတယ်လို့ သိရပါတယ်။

၂၀၂၁ ခုနှစ် နိုဝင်ဘာလတုန်းကလည်း ယခုလို CNG ဂတ်စ်များ ပြတ်တောက်မှု ဖြစ်ပေါ်ခဲ့ပြီး ယာဉ်များအနေနဲ့ တနေ့ကို ၅ နာရီခန့် တန်းစီခဲ့ရတယ်လို့ သိရပါတယ်။ စက်သုံးဆီဈေး ကြီးမြင့်မှုနဲ့ ကုန်ဈေးနှုန်းကြောင့် ခက်ခဲကျပ်တည်းနေကြတဲ့ ပြည်သူတွေအနေနဲ့ ယခုလို CNG ယာဉ်များ မထွက်မှုကြောင့် သွားလာရေး ခက်ခဲနေရတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page