ဒေဝါလီခံနိုင်တဲ့ ကမ္ဘာ့နိုင်ငံတွေနဲ့ မြန်မာနိုင်ငံရဲ့ ရှေ့အလားအလာ (တွေးကြည့်ရင် ရင်လေးစရာပါ)

1980s-2020s crisis များ။ ရေးသားသူ – Kyaw Swa Min။ 1980 ခုနှစ်တွေဟာ ကမ္ဘာမှာ မိုက်ကယ်ဂျက်ဆင်၊ ဘရိတ်ဒန့်၊ မက်ဒေါနား တို့ခေတ်ပေါ့၊ ကျွန်တော်တို့ငယ်ငယ် ဖက်ရှင်တခေတ်ပြောင်းတဲ့ခေတ်၊ တကမ္ဘာလုံး ဂီတအပြောင်း၊ ဖက်ရှင်အပြောင်းတွေနဲ့ ဒွန့်ကြတဲ့ခေတ်… ကက်ဆက်တွေ ပေါ်လာတဲ့ခေတ်။ ရေနံစျေးခေါင်ခိုက်တဲ့ခေတ်။

အဲ့ဒီခေတ်မှာ မပျော်နိုင်ခဲ့တဲ့နိုင်ငံတွေရှိခဲ့တယ်၊ ပထမ ကတော့ မက္ကဆီကို၊ သူ့နိုင်ငံရဲ့ အကြွေးတွေမဆပ်နိုင်တော့ပါဘူးတဲ့။ သူ့နောက်လိုက်တဲ့နိုင်ငံတွေက ဘရာဇီး၊ ချီလီ၊ အာဂျင်တီးနား…. တနိုင်ငံပြီးတနိုင်ငံ စီးပွါးရေးပြိုကျသွားလိုက်တာ… တောင်အမေရိကတတိုက်လုံးက နိုင်ငံတွေအကုန်မွဲကုန်တာပဲ။

ငွေကြေးဖေါင်းပွကုန်တယ်၊ အလုပ်လက်မဲ့များကုန်တယ်၊ စီးပွါးရေးနှေးသွားတယ်၊ အကြွေးတွေ အတိုးပေါ်အတိုးတက်ကုန်တယ်၊ နိုင်ငံတွေ စီးပွါးရေးဒုက္ခအကြီးကြီးခံစားခဲ့ရတယ်၊ တောင်အမေရိကတိုက်သားတွေ အမေရိကန်နိုင်ငံကို တိုးဝှေ့ ပြေးပြီးနိုင်ငံရေးခိုလှုံကြတယ်။ ၈၂ ကနေ ၉၀ ကျော်တဲ့အထိ အတော် ရုန်းကန်ခဲ့ကြရတယ်။

ကျွန်တော်တို့နိုင်ငံလည်း ငွေစက္ကူ နှစ်ကြိမ်အဖျက်ခံရတယ်၊ ဆန်တပြည်စျေးဟာ လေးငါးကျပ်က နေ ၁၆ ကျပ်အထိတက်ပြီး အထွေထွေသပိတ်ပေါ်လာခဲ့တယ်။ အစိုးရပြုတ်ကျသွားတယ်။ ဦးနေဝင်း အာဏာလက်လွတ်ပြီး ဆင်းသွားတယ်။ ဆိုရှယ်လစ်ခေတ် ပြီးဆုံးသွားခဲ့တယ်။

နှစ်သုံးဆယ်လွန်လေပြီးသကား သမိုင်းတပတ်ပြန်လည်ပြန်တယ်။ နိုင်ငံတွေ sovereign debt crisis ပြန်စလာပြီ။ ပထမဆုံးကတော့ သိရိလင်္ကာပေါ့။ နိုင်ငံဟာဝင်ငွေထက်ထွက်ငွေပိုများသွားခဲ့တယ်၊ ရေနံစျေးအဆမတန်တက်တယ်။ ကမ္ဘာ့ ဒိုမီနိုသီအိုရီအရ သိရိလင်္ကာတနိုင်ငံထဲ မဟုတ်နိုင်ဘူး၊ သိရိလင်္ကာက ငွေပြန်မဆပ်တဲ့ဘဏ်တွေလည်း သူတို့ချေးထားတဲ့ငွေပြန်မရလို့ ဒုက္ခရောက်မှာပဲ။

ကပ်ရောဂါ၊ ရေနံစျေး၊ ချေးငွေရဲ့အတိုး၊ စစ်ပွဲကြောင့် ကမ္ဘာ့စျေးကွက်ပျက်ပြားတာရယ်ပေါင်းလိုက်တော့ အစားအသောက်စျေးတွေ ထိုးတက်လာတယ်။ သိရိလင်္ကာဟာ ၈၀ ခုနှစ်က မက္ကစီကို ပါပဲ။ တနိုင်ငံထဲမဟုတ်နိုင်ဘူး၊ အခြွေအရံအသင်းအပင်းနဲ့ ကြွပါလိမ့်မယ်။ နိုင်ငံအများအပြားနောက်က လိုက်ပါလိမ့်မယ်။

၂၀၂၂ ဖေဖေါ်ဝါရီလ ၁၅ ရက်နေ့က ကမ္ဘာ့ဘဏ်ကကြေညာပါတယ်၊ ဖွင့်ဖြိုးဆဲနိုင်ငံတွေ အကြွေးကိုမဖြေရှင်းနိုင်တဲ့ ပြဿနာပေါ်နေတယ် တဲ့။ နိုင်ငံပေါင်း ၁၇ နိုင်ငံ အကြွေးပြန်မဆပ်နိုင်လောက်ဘူးတဲ့၊ နောက် ၉ ရက်ကြာတော့ ယူကရိန်းစစ် စဖြစ်တယ်။ ဆီစျေးခုန်တက်သွားတယ်။ global oil crisis ထဲဝင်သွားတယ်။ သေပြီပေါ့။ ၁၇ နိုင်ငံအကြွေးပိနေတာက ကပ်ကြောင့်ပိနေတာ၊ ရုရှက ယူကရိန်းဝင်တိုက်လိုက်တော့ ၁၇ နိုင်ငံကနေ ဒုက္ခရောက်လာတာ ၁၀၇ နိုင်ငံ ဖြစ်လာတယ်။

အဲ့ဒီ ၁၀၇ နိုင်ငံဟာ အစားအစာစျေးတက်ရှားပါးခြင်း၊ လောင်စာမလုံလောက်ခြင်း၊ ငွေကြေးအခက်အခဲ သုံးမျိုးထဲက တမျိုးမဟုတ် တမျိုး အခက်အခဲ ကြုံနေကြပြီတဲ့။ အေးတာပဲ။ နိုင်ငံ ၁၀၇ နိုင်ငံ၊ လူဦးရေ ၁.၇ ဘီလီယံ၊ ကမ္ဘာမှာ လူငါးယောက် မှာ အနည်းဆုံး တယောက် ကွိုင်နေပြီတဲ့။ ၁၀၇ နိုင်ငံထဲက ၆၉ နိုင်ငံ ကတော့ အခက်အခဲသုံးမျိုးလုံးကြုံနေတယ်တဲ့။ ပြောလိုတာက ဒေဝါလီ ခံနိုင်တာ ၆၉ နိုင်ငံတောင်ရှိတယ်ဆိုပဲ။ ၂၅ နိုင်ငံက အာဖရိက၊ ၂၅ နိုင်ငံက အာရှ ပစ္စိဖိတ်၊ ၁၉ နိုင်ငံက တောင်အမေရိက။

အီဂျစ်က ကမ္ဘာမှာ ပြင်ပကနေ ဂျုံ အဝယ်ဆုံးနိုင်ငံ။ ယူကရိန်း နဲ့ရုရှက ဂျုံအထုတ်ဆုံးနိုင်ငံ။ ရောင်းတဲ့နိုင်ငံတွေစစ်ဖြစ်နေတော့ အီဂျစ်မှာ နောင်သုံးလဆို ဂျုံပြတ်ပြီတဲ့။ တူနီးရှားက ဆပ်ရမဲ့အကြွေးနဲ့ ဝင်ငွေ ဇလုပ်တိုက် ပဲတဲ့၊ ၁၀၀ ဝင်တာ ၁၀၀ လုံးပြန်ဆပ်ရတော့မယ်တဲ့၊ စားဖို့မကျန်တော့ဘူး၊ သူလည်း တိုင်ပတ်ပြီ။ သိရိလင်္ကာလိုပဲ ဆန္ဒတွေစ ပြကုန်ကြပြီ။

လက်ဘနွန်ကလည်း ကုန်စျေးနှုံး ၁၁ ဆခုန်တက်တယ်၊ ငွေကြေးက ၉၀% လျောဆင်းတယ်။ ကမ္ဘာ့ဘဏ်က အစာရေစာမပြတ်အောင် သန်း ၁၅၀ ထုတ်ချေးပေးရတယ်။ အာဂျင်တီးနားကတော့ ဒေဝါလီခံတာ ၉ ကြိမ်ရှိပြီ။ အခုလည်း IMF ကို ၄၅ ဘီလီယံချေးပေးပါ၊ နောက်မို့ ဒေဝါလီခံရပါတော့မယ်တဲ့… စာရွက်စာတမ်းတွေပြင်နေပြီ။

ဆက်ပြောရင် အများကြီးပဲ။ အာဖရိက နိုင်ငံတွေဆို အတော်ဆိုးတယ်။ တူရကီ လည်းပါသွားနိုင်တယ်။ တူရကီရဲ့ စီးပွါးရေး graph တွေဟာ မြန်မာနဲ့ နင်လားငါလားဖြစ်နေတယ်။ သူတို့ကတော့ စီးပွါးရေးကြီးသလို မိက်ဖက်ကြီးတွေရှိတော့ ခံသာသေးတယ်။

ကမ္ဘာ့ဘဏ်က နောက် ၁၂ လအတွင်း ၁၂ နိုင်ငံ ဟာ အကြွေးတွေ ပြန်မဆပ်နိုင်တော့ဘူး လို့ ဖွင့်ပြောလိမ့်မယ်တဲ့။ အိန္ဒိယနိုင်ငံထဲက ပြည်နယ်ကြီးလေးခုဟာ သိရိလင်္ကာနဲ့တပုံစံထဲ အခြေအနေရင်ဆိုင်နေကြရတယ် တဲ့။ မြန်မာဟာလည်း ဒီအခြေအနေကနေ လွတ်မြောက်ဖို့ အတော်ရုန်းကန်ရပါမယ်။ ရေနံ၊ ပြည်တွင်းစစ်ပွဲ၊အကြွေး၊ ပြည်ပစစ်ပွဲ၊ အာဏာအပြောင်းအလဲ၊ အလုပ်လက်မဲ့၊ ပဋိပက္ခတွေကြောင့် အတော်ကြပ်သွားမယ်။

ပြည်သူက ဗဟုသုတ နည်းသလို ပညာပေးတာလည်းမရှိတော့ အတော်မချောင်ဘူး။ ဝင်ငွေနည်းတဲ့နိုင်ငံတွေဟာ သူများထက်အထိအခိုက်ပိုမယ်။ ဆေးခါးစမြိုကြရမယ်။ shock ရိုက်သလို အထိပ်တလန့် ဖြစ်စရာတွေ ကြုံမယ်။ ကမ္ဘာ့ဘဏ်၊ IMF ကိုစကားပြောနိုင်တဲ့ platform တခုလိုတယ်။ အဲ့ဒီ platform က legitimacy အပေါ်အတော်စကားပြောလိမ့်မယ်။

G 20 ရဲ့ အဆင်းရဲဆုံး ၇၃ နိုင်ငံအပေါ် အကြွေးကို လျော့ပေါ့စဉ်းစားတဲ့ frame work ထဲ ဝင်အောင်လုပ်ရပါမယ်။ IMF စကားကို နားထောင်ရမယ်။ ကြိုးတချောင်းကို ဝှေ့ယမ်းတဲ့အခါ အစွန်းမှာခိုနေတဲ့လူ လွင့်ကျသွားရင် အနာဆုံးပဲ။ မြင်တာတွေကို အကြိမ်ပေါင်းများစွာ ပြောနေပေမယ့် အဆိုးကိုလွတ်တဲ့လမ်းကို ရွေးချယ်နိုင်တဲ့ အာဏာရှိပုဂ္ဂိုလ်ထဲ ကိုယ်မပါဘူး။ ရွေးနိုင်တဲ့လူတွေရွေးကြပေါ့။ ခင်ဗျားတို့ဆုတ်ကိုင်ထားတာ ယမ်းနေတဲ့ ကြိုးတချောင်းရဲ့ အစွန်ဆုံးမှာပဲလို့ပဲ ပြောနိုင်တယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page