ပျူမြို့ဟောင်း ဟံလင်းမြို့ဝင်ပေါက်နားမှာ တူးဖော်ရရှိခဲ့တဲ့ ထူးဆန်းတဲ့ အစောင့်နတ်ရုပ်ကြီးအကြောင်း

ဟံလင်းက အစောင့်သဲကျောက်ရုပ်တုကြီး။ ဒီရုပ်တုကြီး မြေကြီးထဲ ရှိနေတာကို မနေ့တစ်နေ့ကမှသိကြရတာပါ။ ဟံလင်းရဲ့ ကမ္ဘာ့အမွေအနှစ် ရရှိပြီး နောက်ပိုင်း ဟံလင်းဌာနစုရဲ့ သုတေသနပြုမှုတွေကြောင့် ဟံလင်းနန်းတော်ရာဟာ အရင်က မြေပုံထဲ စိတ်ကူးနဲ့ဆွဲခဲ့သလို တောင့်မှန်စတုဂံပုံ ရှည်မျောမျောမဟုတ်ပဲ စကွဲယားလေးတောင့်ကျကျ ရှိနေတယ်ဆိုတာကို သိလာရပါတယ်။

ဒါအပြင် ဟံလင်းဌာနစုရဲ့ စဉ်ဆက်မပြတ် သုတေသနပြုဖော်ထုတ်ခဲ့မှုကြောင့် ဟံလင်းရဲ့ နန်းတော်ရာ မြို့ရိုးဝင်ပေါက်ကိုပါ တွေ့ရှိလာရပါတယ်။ ဟံလင်းရဲ့နန်းတော်ရာ မြို့ရိုးဝင်ပေါက်ဟာ ဗိဿနိုးက နန်းတော်မြို့ရိုးဝင်ပေါက်နဲ့ ဆင်တူတယ်လို့ ဆိုရပါမယ်။

ဒါပေမယ့် ဟံလင်းရဲ့ နန်းမြို့ရိုးဝင်ပေါက်က ဗိဿနိုးလို ရှင်းရှင်းလင်းလင်းမရှိပါဘူး။ ဘာဖြစ်လို့လဲဆိုရင် ဝင်ပေါက်အတွင်းဘက်မှာ ပစ်လို့ခတ်လို့ရတဲ့ ကျောက်တုံးတွေ အရွယ်အမျိုးမျိုး ဟာ ဝင်ပေါက်ရဲ့ အတွင်းမှာ ပြန်နှံ့စွာ တည်ရှိနေကြပါသတဲ့။ နောက်ပြီး ဝင်ပေါက်မှာ မီးလောင်ထားသလို မြေလွှာတွေမှာ တွေ့ရပါသတဲ့။

ခြုံပြောရရင် ဟံလင်းရဲ့ နန်းမြို့ရိုးဝင်ပေါက်ဟာ စစ်ဘေးဒဏ်သင့်နေတဲ့ အနေအထားလို့ ဆိုလို့ ရနိုင်ပါတယ်။ တူးဖော်တွေ့ရှိရတဲ့ တွေ့ရှိချက်တွေကိုတော့ တကယ်တူးဖော်ခဲ့ကြတဲ့ ဟံလင်းဌာနစုက သုတေသနအဖွဲ့ကစာတမ်းဖတ်ကြားခဲ့ကြပါတယ်။

ဟံလင်းဟာ ဒီတစ်နေရာထဲမဟုတ် အခြားတူးဖော် သုတေသနပြုခဲ့ပြီးတဲ့ မြို့ရိုးဝင်ပေါက် City wall gate way တွေမှာလည်း ဒီလို စစ်ရိပ်စစ်ငွေ့လက္ခဏာရပ်တွေ မြေလွှာအထောက်အထားတွေအရ တွေ့ရပါတယ်၊ ပြာမြေလွှာတွေ၊ ကျောက်တုံးကျောက်ခဲတွေနဲ့ သုံးချောင်းထောက် သံစူးညှောင့်တွေဟာ ဟံလင်းရဲ့ နိုင်ငံရေးအခြေအနေကို ဖော်ပြနေပါတယ်။

ယခု ဟံလင်းဌာနစုက တူးဖော်တွေ့ရှိခဲ့တဲ့ ဟံလင်း နန်းတော်ရာဝင်ပေါက်ဟာ ဟံလင်းဒေသအတွက် အမြင့် ၁၁ ပေ ၆ လက်မ၊ ဗျက် ၅ ပေ၊ ကျောက်သားထု အထူဆုံး ၁ ပေ ၆ လက်မ ၊အပါးဆုံး ၁ ပေထုထည် ရှိတဲ့ သဲကျောက်ရုပ်ထုကြီးကိုပါ လက်ဆောင်ပေးခဲ့ ပြန်ပါတယ်။

နန်းမြို့ရိုးဝင်ပေါက်တူးဖော်စဉ်က ဒီအရုပ်ကြီး ဟာ ဝင်ပေါက်ရှေ့မြေထုအတွင်း မှောက်လျှက် အနေအထားပါ။ ကျောက်ပြားကြီးက ကြီးမားလွန်းတဲ့ အတွက် လှန်ဖို့ရာလည်း တစ်ဖက်မှာ အရုပ်တွေပါခဲ့ရင် ပျက်စီးကုန်မှာစိုးတဲ့အတွက် သူ့ကို ယာယီအဆောက်အုံမဆောက်နိုင်ခင် မြေထဲမှာ မူလတည်ရှိနေတဲ့အတိုင်းထားခဲ့ရတာ နှစ်အနည်းငယ် ကြာခဲ့ပါတယ်။

အစိတ်စိတ်အမွှာမွှာဖြစ်နေတဲ့ ဒီကျောက်တုံးကြီးဟာ အစောင့်ရုပ်ထုဖြစ်မယ်ဆိုတာလည်း ကျွန်တော်တို့ ဗိဿနိုးက တွေ့ရှိရတဲ့ အချက်အလက်တွေအပေါ် နှိုင်းယှဉ်သုံးသပ်ခဲ့ကြပါတယ်။ ဒါပေမယ့် ဗိဿနိုးက ရုပ်ထုအောက်ခြေက ခြေထောက်အပိုင်းအစလောက်သာရရှိခဲ့ပါတယ်။ ဒီဟံလင်းမှာတော့ အပြည့်အစုံရနိုင်ကောင်းတယ်။ ဒါပေမယ့် သေချာမလုပ်နိုင်ရင် ပိုမိုပျက်စီးသွားဖို့ များကြောင်း ကျွန်တော်တို့သုံးသပ်ခဲ့ကြပါတယ် ဒီလိုအရုပ်မျိုး သူနဲ့ခပ်လှမ်းလှမ်းမှာတောင် ရှိနိုင်ပါသေးတယ်။

ဟံလင်းဌာနစုအနေနဲ့လည်း ဒီရုပ်ထုကြီးပြန်လည်ဖော်ထုတ်ထိန်းသိမ်းဖို့ရာ စီမံချက်တွေ ညွှန်ကြားရေးမှူးချုပ်ထံတင်ပြပါတယ်။ အစည်းဝေးတွေမှာ ကျွန်တော်တို့အဖွဲ့တွေ ဒါနဲ့ပတ်သက်လို့ အကြိမ်အကြိမ်ဆွေးနွေးကြရပါတယ် ဟံလင်းကိုလည်း သွားရောက်ပြီး သူရဲ့မြေပြင်အနေအထားတွေကို လေ့လာကြပါတယ်။

ဟံလင်းဌာနက သုတေသနဝန်ထမ်းများရဲ့ ကြိုးစားအားထုတ်ခဲ့မှုနဲ့ အပျက်အစီးနည်းစွာနဲ့ ပြည်သူတွေကို ချပြနိုင်ခဲ့ခြင်းဖြစ်ပါတယ်။ ဒီနေရာမှာ အထူးကျေးဇူးတင်စရာ ကောင်းတာက ဟံလင်းဌာနစုရဲ့ သုတေသနအဖွဲ့ပါပဲ။ သူတို့နေ့စဉ်ပင်ပန်းကြပါတယ်။

ကိုဗစ်ကာလ သူများဌာနတွေ ၂ ပတ်နား၂ ပတ်ဆင်းနေကြပေမယ့် သူတို့က တောထဲမှာ ဒီအရုပ်ထုကြီး မူလပုံစံမပျက် ပြန်လည်ရရှိအောင် နိုင်ငံအတွက်ကြိုးစားပေးနေကြပါတယ်။ ဒါကြောင့် ဟံလင်းဌာနစုက တာဝန်ခံနှင့်တကွ သုတေသနအဖွဲ့အားလုံးကို ဒီစာစုလေးနဲ့ ဂုဏ်ပြု မှတ်တမ်းတင်အပ်ပါတယ်။ (kmw)

Leave a Reply

Your email address will not be published.

x

You cannot copy content of this page