ဈေးကွက်တွေ ပျက်နေချိန် ရွှေနဲ့ ဒေါ်လာ ကစားမယ်ဆိုတဲ့သူတွေ မဖြစ်မနေ သိထားသင့်တဲ့ အချက်များ

ဒီအချိန်မှာ အမေရိကန်ဒေါ်လာ ဒါမှမဟုတ် ရွှေဝယ်ရမလားလို့ စဉ်းစားနေ သူတွေအနေနဲ့ ကိုယ်ဘာလုပ်ချင်တာလဲ ဆိုတာ ကို သေချာ အရင် သိအောင် လုပ်ဖို့လိုတယ် မြင်တာပဲ။ ရင်းနှီးမြုပ်နှံမှုလို့ စဉ်းစားရင် အနည်းဆုံး ၂ မျိုး စဉ်းစားလို့ရတယ်။ အကြာကြီးဝယ်ပြီး ပစ်ထားချင်တာလား ဒါမှမဟုတ် ဝယ်လိုက်ရောင်းလိုက်နဲ့ လှိုင်းစီးချင်တာလား အဲဒါကို သေချာ သိဖို့လိုတယ်။ အကယ်လို့ ကိုယ် က ငွေပိုလို့ ရေရှည်မှာ Assets တိုးအောင်လုပ်မယ်ဆိုရင် စျေးကျရင် ကျစျေး တက်ရင် တက်စျေးနဲ့ ဝယ်ထားလိုက် ပြီးရင် ပစ်သာထားလိုက်တော့ တစ်ချိန်ကျရင် ဝယ်စျေးထက် တက်ကို တက်တယ်။

ဒါဘာ သတင်းအချက်အလက်၊ ဘာ သီအိုရီကို မှ အခြေခံပြီး ပြောနေတာ မဟုတ်ဘူး။ ဒီလိုပဲ ဖြစ်ရမယ့်ကိစ္စမို့ ဒီလိုပဲဖြစ်မှာ။ အဲဒီ တချိန်ဟာ ရေတိုလား ရေရှည်လားဆိုတာ ပဲကွာမယ်။ အိုကေ ရေတိုလှိုင်းစီးချင်တယ်။ ရောင်းလိုက်ဝယ်လိုက် လုပ်ချင်တယ်ဆိုရင်တော့ နောက်တမျိုးစဉ်းစားရမယ်။

အခုကျတယ်။ ကျရင် ဝယ်ရမယ်။ ပြီးရင် ဘယ်လောက်မြတ်ချင်တာလဲကိုကြည့် နောက်ဘာနဲ့ မြတ်ချင်တာလဲဆိုတာ ရှိတယ်။ ကျွန်တော် ဖောက်သည်တစ်ယောက်ဆိုရင် အမေရိကန် ဒေါ်လာမြတ်ချင်တာ။ အဲတော့ ၄၀၀၀ တုန်းက ရောင်းတယ်။ ရသမျှအကုန် ၃၇၀၀ မှာပြန်ဝယ်တယ်။ ပြီးတော့ ၃၆၀၀ မှာ ပြန်ရောင်းတယ် ၃၂၀၀ မှာ အကုန်ပြန်ဝယ်တယ်။ ၃၀၀၀ မှာ ပြန်ရောင်းတယ်။ ခု ၂၅၀၀ ပတ်လည်မှာ အကုန်ပြန်ဝယ်တယ်။ အရောင်းနဲ့ စတယ်။ အဝယ်နဲ့ ဆုံးတယ်။

အဲတော့ ကျွန်တော့် လက်ထဲ အမေရိကန်ဒေါ်လာ ပိုကျန်ခဲ့တယ်။ မြန်မာငွေနည်းသွားတယ်။ အချို့က မြန်မာငွေမြတ်ချင်တာ အဲလိုဆို ဒီအချိန်မဝယ်ရဘူးလေ။ တက်နေတဲ့အချိန်ဝယ် ပြီးရင် ပြန်ရောင်း ပြီးရင် ပြန်ဝယ် ပြီးရင် ပြန်ရောင်း။ အဝယ်နဲ့ စ အရောင်းနဲ့ဆုံး နောက်ဆုံးမြန်မာငွေကျန်ခဲ့လိမ့်မယ်။ အဲလောက်တော့ သိထားဖို့လိုတယ်။ ဒါက ပထမ အကြောင်း။

ဒုတိယအကြောင်း က ဒီလို ရင်းနှီးမြုပ်နှံမှု ဆိုတာ ဟာ ပိုက်ဆံ ရှိတိုင်းလုပ်လို့ရတာမဟုတ်ဘူး သတင်းအချက်အလက်လိုတယ်။ သတင်းအချက်အလက်ဆိုတာမျိုးက နေရာတိုင်းက ရနိုင်တယ်။ ဒါပေမယ့် ကာလတစ်ခု ထိပဲ မှန်နိုင်တယ်။ အဲဒါမျိုးကို အသေဆုတ်ကိုင်ထားလို့မရဘူး။ ဒေါ်လာ စျေးတက်တယ်။ ဘာလို့တက်လဲ ဆိုတဲ့အကြောင်းတွေအများကြီး ရှိတယ်။ ခုကျတယ်။ ဘာလို့ ကျတယ်ဆိုတဲ့ အကြောင်းတွေလဲ အများကြီးရှိတယ်။ အဲဒါတွေ ကို မြင်အောင်ကြည့်ဖို့လိုတယ်။

နောက်အရှိန် ကို သိဖို့လိုတယ်။ အခု ကျတယ်။ ပိုကျမှာ ကြောက် လို့ရောင်းကြတယ်။ ရောင်းလေ ကျလေဖြစ်မှာပဲ။ ဘယ်အချိန် ရပ်သွားမလဲဆိုတဲ့ အရှိန်ကို မှန်းတတ်ဖို့လိုတယ်။ အဲဒီအချိန်နားဝယ်ရင် အကျဆုံးစျေးနဲ့ ဝယ်နိုင်မယ်။ အဲလို ပဲ တက်တုန်းက လဲ ပိုတက်မှာ ကြောက် လို့ ဝယ်ကြတယ်။ ဘယ်အချိန်မှာ ရပ်မလဲ ဆိုတာ မှန်းနိုင်ရင် အတက်ဆုံးစျေးနဲ့ ရောင်းနိုင်မယ်။

နောက်တစ်ခုကတော့ စိတ်လှုပ်ရှားမှုနဲ့ လောဘကို ထိန်းနိုင်ဖို့လိုတယ်။ ပိုက်ဆံ နဲ့ ရင်းထားတာမို့ ဆုံးရှုံးမှာ တော့ ကြောက်ကြတာကြီးပဲ ဆိုပေမယ့် စျေးကွက်ပြောင်းတာ နဲ့ စွတ်ကြောက်နေလို့တော့ မရဘူး။ တက်ရင် ကြောက်လို့ဝယ် ကျရင် ကြောက်လို့ရောင်းဆိုရင် ဘယ်လိုမှအဆင်မပြေနိုင်ဘူး။ အဲလောက်သိရင် ကို တော်တော် ဟုတ်နေပြီ။ (Michael)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page