ဖုန်းဘေလ်ပါ မချန် အကုန်သိမ်းတော့မယ့် စကစ (မှတ်ပုံတင်လွဲရင် ဆင်းကတ်ပိတ်၊ ဘေလ်တွေ သိမ်းမည်)

စကစ လက်အောက်ခံ ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာနက ဆင်းကတ်မှတ်ပုံတင်နဲ့ မူရင်း မှတ်ပုံတင်များကို တိုက်ဆိုင်စစ်ဆေးပြီး မတူညီပါက ဆင်းကတ်များကို ပိတ်သိမ်းပြီး ဖုန်းငွေလက်ကျန်များကို သိမ်းဆည်းသွားမယ်လို့ ကြေညာလိုက်ပါတယ်။

ဆင်းကတ် မှတ်ပုံတင်ရာမှာ ဖြည့်စွက်ထားတဲ့ အမည်၊ နိုင်ငံသား စိစစ်ရေးကတ်ပြား အမှတ်တို့ကို လဝကဌာနမှ ကွန်ပျူတာ အချက်အလက်များနဲ့ တိုက်ဆိုင် စစ်ဆေးသွားမယ်လို့ သိရပါတယ်။

ဆက်သွယ်ရေး အော်ပရေတာများနဲ့ ဆင်းကတ် ရောင်းချသူတွေအနေနဲ့လည်း ဆင်းကတ်ရောင်းချရာမှာ စကစရဲ့ ညွှန်ကြားချက်များအတိုင်း ဆောင်ရွက်သွားဖို့နဲ့ မဆောင်ရွက်ပါက အရေးယူမယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ စကစအနေနဲ့ မိုဘိုင်းငွေပေးချေမှု အက်ပလီကေးရှင်းများကို level မမြှင့်ပါက ပိတ်ပစ်မည်ဟု ကြေညာပြီးနောက် ဆင်းကတ်များကိုပါ ပိတ်ပစ်မယ်လို့ ထပ်မံကြေညာလိုက်တာ ဖြစ်ပါတယ်။

ဆင်းကတ် မှတ်ပုံတင်ခြင်း ကိစ္စဟာ အန်နယ်ဒီ အစိုးရလက်ထက်ကတည်းက မအောင်မြင်ခဲ့တဲ့ လုပ်ငန်းတခု ဖြစ်ကြောင်း၊ သုံးစွဲသူတွေအနေနဲ့ အာဏာသိမ်းပြီးကတည်းက ဆင်းကတ်တွေကို နောက်တခေါက် မှတ်ပုံတင်ပြီး ဖြစ်ပေမယ့် အော်ပရေတာတွေ ကိုယ်တိုင် ထုတ်ရောင်းနေတာကို မတားဆီးနိုင်ကြောင်း၊ ဆင်းကတ်တွေ ပိတ်ပစ်ပြီး ဖုန်းဘေလ်တွေ သိမ်းတာထက် လှည်းတန်း လမ်းဘေးမှာ ချရောင်းနေတဲ့ ဆင်းကတ်တွေကို အရင်ဖမ်းရမှာ ဖြစ်ကြောင်း နည်းပညာကုမ္ပဏီမှာ အလုပ်လုပ်နေတဲ့ အင်ဂျင်နီယာ တဦးက ပြောပါတယ်။

စကစအနေနဲ့ လုံခြုံရေး အကြောင်းပြကာ အော်ပရေတာကုမ္ပဏီများအား ကြားဖြတ်နားထောင်ရေးကိရိယာများ တပ်ခိုင်းထားပြီး ပြည်သူတွေရဲ့ အခွင့်အရေးကို ချိုးဖောက်လျက်ရှိပါတယ်။ အဲဒါကြောင့် ပြည်ပအော်ပရေတာ ကုမ္ပဏီများ တခုပြီး တခု ထွက်ခွာသွားခဲ့ပြီး အခုနောက်ဆုံး ကျန်ရှိတဲ့ အော်ရီဒူးကုမ္ပဏီပါ ရောင်းချပြီး ထွက်ခွာသွားခဲ့ပြီ ဖြစ်ပါတယ်။ (ပုံ – စကစလက်အောက်ခံ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဌာန ဝန်ကြီး တင်အောင်စန်းပ)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page