နိုင်ငံခြား ချေးငွေတွေကို မဆပ်ဖို့ စကစ အမိန့်ထုတ် (အကြွေးတွေ ဒဲ့လျှော်ပြီလား)
စကစ လက်အောက်ခံ ဗဟိုဘဏ်က ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၃ ရက် နေ့စွဲဖြင့် နိုင်ငံခြားသုံးငွေနဲ့ ပတ်သက်တဲ့ ကြေညာချက် တခုကို ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ကြေညာချက် အပြည့်အစုံကို ဖော်ပြ လိုက်ပါတယ်-
နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေနှင့် နိုင်ငံခါးသုံးငွေ စီမံခန့်ခွဲမှု စည်းမျဉ်းတို့အရ ပြည်တွင်း၌ နေထိုင်သူများက ပြည်ပမှ ငွေသားဖြင့် ဖြစ်စေ၊ ပစ္စည်းဖြင့် ဖြစ်စေ ရယူထားသည့် ပြည်ပချေးငွေ အသီးသီး၏ အတိုးနှင့် အရင်း ပြန်လည် ပေးဆပ်ခြင်းအား လတ်တလောကာလတွင် ဆိုင်းငံ့ ဆောင်ရွက်ကြရန်အတွက်
AD လိုင်စင်ရဘဏ်များအနေဖြင့် မိမိ၏ customer များဖြစ်သော ပြည်ပချေးငွေ ရယူထားသည့် ကုမ္ပဏီ၊ အဖွဲ့အစည်းများသို့ ချေးငွေအတိုးနှင့်အရင်း ပြန်လည်ပေးဆပ်ရမည့်အစီအစဉ် (Repayment Schedule) အား ပြည်ပရှိ ငွေချေးငှားသူ (Lender) များနှင့် ညှိနှိုင်း၍ လိုအပ်သလို ပြင်ဆင်ဆောင်ရွက်နိုင်ရေး ထပ်ဆင့် အကြောင်းကြားပေးရန် ဖြစ်ကြောင်း အကြောင်းကြားအပ်ပါသည်လို့ ပါရှိပါတယ်။
ကြေညာချက်ထဲမှာ ဖော်ပြထားချက်အရ ပြည်သူတဦးချင်း အနေနဲ့ နိုင်ငံခြား ချေးငွေများကို ပြန်မဆပ်ဘဲ ဆိုင်းငံ့ထားရမယ်လို့ သိရပါတယ်။ စကစရဲ့ ဒေါ်လာအပြင်မထွက်ရေး မူဝါဒအရ ပြည်ပက ချေးထားတဲ့ ငွေတွေ ပြန်ဆပ်တာကိုပါ လိုက်လံ ပိတ်ဆို့ဖို့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
စကစ အာဏာသိမ်းပြီးတဲ့နောက်မှာ ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေ ထွက်ခွာသွားတာကြောင့် နိုင်ငံ့စီးပွားရေး ပြိုလဲခဲ့ရပြီးတဲ့နောက်မှာ စကစရဲ့ ဒေါ်လာပုံသေဈေးနှုန်းကြောင့် ပြည်သူတွေ ထပ်မံကျပ်တည်းလျက် ရှိပါတယ်။ ယခုတကြိမ်လည်း ပြည်ပချေးငွေတွေ ပြန်မဆပ်တဲ့ ကိစ္စက ဘယ်လို ရိုက်ခတ်လာဦးမလဲဆိုတာကို ဆက်လက် စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။