အာရှရဲ့ အကောင်းဆုံး ဂစ်တာသမား ခြောက်ကြိုးကဝေ ချစ်စမ်းမောင်ရဲ့ အနုပညာ သဘောထား

ဂစ်တာများနဲ့ ဘဝဆက်သူ ချစ်စမ်းမောင် “ကျွန်တော်ကတော့ ဂစ်တာတွေကို မပျက်စီးအောင် အပေါ်ကနေချိတ်နဲ့ ဆွဲထားတယ်။ အမှန်တော့ဂစ်တာကို ကြိုးလျော့ထားတာ မကောင်းပါဘူး”

သူ့ဘဝနဲ့ သူ့ဂစ်တာ၊ ကျွန်တော်(၅)နှစ်သားကတည်းက ဂစ်တာစတီးပြီး ဂီတနဲ့ ရင်းနှီးခဲ့တာပါ။ အီလက်ထရစ် ဂစ်တာတွေနဲ့ကတော့ ၈၅ ခုနှစ်လောက်မှ စရင်းနှီးခဲ့တာပါ။ ဂီတာတွေနဲ့ စတင်ထိတွေ့ခွင့်ရခဲ့တာကတော့ ချာ့ချ်တွေမှာ ဆရာတွေတီးတာကြည့်ရင်းနဲ့ စပြီး ဝါသနာ ပါခဲ့ရာကနေ စခဲ့ပါတယ်။

ကျွန်တော့်ရဲ့ ပထမဆုံးဂစ်တာ အိပ်မက်ကတော့ ကျွန်တော်(၆)နှစ်ဝန်းကျင်လောက် သူငယ်တန်းကျောင်းဆင်းပွဲ စင်ပေါ်မှာ ဂစ်တာတီးဖြစ်ခဲ့ရာကနေ စပါတယ်။ ကျွန်တော့်ဆီမှာ ဂစ်တာတွေ ဒီလောက်အများကြီး ပိုင်ဆိုင်ပြီး တီးရလိမ့်မယ်လို့ အိပ်မက်တောင် မမက်ခဲ့ဖူးပါဘူး။

ကျွန်တော် အိုင်းယွန်းခရောစ့်နဲ့ စတီးတုန်းကတောင် ဂစ်တာတစ်လက်မှ မရှိခဲ့သေးပါဘူး။ ကိုယ်တိုင်လည်း ဂစ်တာအမျိုးအစားကောင်းတာတွေဆိုရင် အရမ်းကြိုက်လို့ နောက်ပိုင်းကျမှ ရတာလေးနဲ့စုပြီး တဖြည်းဖြည်း ဝယ်စုခဲ့တာပါ။ ကျွန်တော်အရမ်းစိတ်ကျဉ်းကျပ်ပြီး ဖိအားတွေ များလာတဲ့အခါမှာ ကျွန်တော်စုထားတဲ့ ဂစ်တာတွေက ဖိအား လျော့ပြီး ဂီတမှာလိုက်ပါခွင့်ရအောင် လုပ်ပေးနိုင်ပါတယ်။

ကျွန်တော်ကတော့ ဂစ်တာတွေကို မပျက်စီးအောင် အပေါ်ကနေချိတ်နဲ့ ဆွဲထားတယ်။ အမှန်တော့ဂစ်တာကို ကြိုးလျော့ထားတာ မကောင်းပါဘူး။ ဂစ်တာနဲ့ပတ်သတ်ပြီး အမှတ်တရကတော့ ကျွန်တော်ဂစ်တာ ဒုတိယတစ်လုံးဝယ်ပြီး အဲဒီဂစ်တာတီးတုန်းက အဖြစ်အပျက်ပါ။ စင်ပေါ်မှာအမြဲ ဂစ်တာကိုလှည့်ပြီး တီးတတ်တဲ့ အကျင့်ရှိပါတယ်။ ဒါပေမယ့် အဲဒီအခါတုန်းက နောက်က မူလီ စုပ်ထားတာ မကောင်းတော့ လှည့်လိုက်တာ ပရိသတ်ကြားထဲကို ဂစ်တာကြီး ရောက်သွားတဲ့အဖြစ်မျိုး ကြုံဖူးပါတယ်။

ကျွန်တော်သိပ်ကြိုက်ပြီး လေးစားရတဲ့ ဂစ်တာဆရာတွေကတော့ ငယ်ငယ်လေးကတည်းက အရမ်းကြိုက်ခဲ့တဲ့ ကျွန်တော့်ဆရာ စောဘွဲ့မှူး၊ နောက်တော့ မဇျွိမလှိုင်းက ကိုဇော်မျိုးထွဋ်၊ အင်ပါယာက ကိုဇော်မျိုးထွဋ်တို့ကို အားကျခဲ့ပါတယ်။ ပြီးတော့ ကိုပတ်ထရစ်ကလည်း ကျွန်တော့်ထက်ဝါရင့်ပြီး အားကျခဲ့ရတဲ့သူပါပဲ။

လက်ဆောင်တွေ အများကြီးပေးခဲ့ ဖူးပါတယ်။ ဘုရားကျောင်းကို လှူတာတွေရှိပါတယ်။ ကျွန်တော့်ယောက္ခမလည်းဖြစ်တဲ့ ဆရာဒေးဗစ်က ဂစ်တာနဲ့ပတ်သတ်ပြီး အများကြီးပြုစုပျိုးထောင်ပေးခဲ့ပါတယ်။ ဂစ်တာတွေနဲ့ ပျော်မွှေ့ရတဲ့ ကျွန်တော့်ဘဝကိုလည်း ကျေနပ်မိပါတယ်။ ကျွန်တော့်ဘဝကိုလည်း ဂစ်တာတွေနဲ့ ဆက်လက် အသက်ဆက်နေဦးမှာပါ။ (နှင်းအိအိမောင် Myanmar People Magazine)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page