တောင်သူလယ်သမားတို့ရဲ့ အိပ်မက်ဆိုးဖြစ်တဲ့ စပါးပင်ဖျက် ရွှေခရုကို နှိမ်နင်းနည်းများ

ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာ ရှိတဲ့ မော်လမြိုင်ကျွန်း၊ ကျိုက်လတ်၊ ဘိုကလေး၊ ဝါးခယ်မ၊ ဖျာပုံမြို့နယ်တို့မှ နွေစပါးစိုက်ခင်း အများစုတွင် စပါးပင်ဖျက်ရွှေခရုများ ကျရောက်နေကြောင်း နွေစပါးစိုက်တောင်သူများထံမှ သိရပါတယ်။

စပါးစိုက်ခင်းများ၏ စိုက်ဧက အများစုတွင် စပါးပင်ဖျက်ရွှေခရုများ ကျရောက်နေခြင်းဖြစ်ပြီး ပိုးသတ်ဆေးများ အဆမတန် စျေးနှုန်းကြီးမြှင့်နေသည့်အတွက် စနစ်တကျနှိမ်နင်းနိုင်ခြင်းမရှိသေးကြောင်း ဘိုကလေးမြို့ခံ လယ်သမားတစ်ဦးက ဆိုပါတယ်။

ယခင်နှစ်များကလည်း အဆိုပါ စပါးပင်ဖျက် ရွှေခရုများကြောင့် မွန်ပြည်နယ်ရဲ့ စပါးဧက အတော်များများ ပျက်စီး ခဲ့ရတယ်လို့ သိရပါတယ်။ တောင်သူလယ်သမားတွေကို ဒုက္ခပေးနေတဲ့ စပါးဖျက် ရွှေခရုကို နှိမ်နင်းနိုင်မယ့် နည်းလမ်းများကို ဖော်ပြလိုက်ပါတယ်-

၁။ ပထမဆုံးနည်းလမ်းမှာ မိမိလယ်မြေတွင်းသို့ မဝင်ရောက်လာ စေရန်နှင့် ကျရောက်နေသော စပါးခင်းမှ အခြားစပါးခင်းများသို့ မပျံ့နှံ့စေရန် တားဆီးရပါမည်။ ရေအဝင်၊ အထွက်ကို ထိန်းချုပ်နိုင်ရန် မိမိလယ်ကို တာမြင့်မြင့်ပတ်ပါ။ မိမိလယ် ရေဝင်ပေါက်၊ ရေထုတ်ပေါက်များကို ပိုက်ကွန် (သို့) ဝါးကဒ် (သို့) သံဇကာများဖြင့် ပိတ်ထားပြီးမှ ရေသွင်း၊ ရေထုတ် လုပ်ပါ။

၂။ နွေရာသီတွင် ထယ်ထိုး၊ ထွန်မွေပါ။ ခရုများသည် ရေမရှိချိန်တွင် မြေအောက်၌ ခိုအောင်းနေနိုင်သဖြင့် ထယ်ထိုး၊ ထွန်မွှေ ခြင်းဖြင့် ကျန်ရှိနေသော ခရုများကို ထိရောက်စွာ နှိမ်နှင်းနိုင်ပါသည်။

၃။ မြေပြင် စက်မောင်းချိန်၊ အကောင်အရေအတွက်နည်းသော အချိန်တွင် ဘဲကျောင်းပါ။ ကောက်ယူနှိမ်နှင်းပါ။

၄။ လယ်ကန်သင်း ပတ်ပတ်လည်တွင် မြောင်းငယ်များ တူးထားပါ။ ထိုသို့ တူးထားခြင်းဖြင့် စပါးခင်း ရေထုတ်သောအခါ ခရုများ မြောင်းငယ်ထဲတွင် စုလာပြီ အလွယ်တကူ ကောက်ယူ၊ နှိမ်နှင်းနိုင်ပါသည်။

၅။ ကြဲခင်းများနှင့် အပင်ငယ်စဉ်တွင် ပိုမိုကျရောက်ဖျက်ဆီးမှု များသဖြင့် ပျိုးပင် သက်တမ်းကြီးကြီး စိုက်ပါ။

၆။ အကောင်ငယ်ချိန်တွင် ဘဲကျောင်းပါ။ ခရုသည် ဘဲစာဖြစ်သောကြောင့် ဘဲများက သဘာဝအတိုင်း စားသောက်သွားပါလိမ့်မည်။

၇။ စပါးခင်းထောင့်များတွင် သင်္ဘောရွက်၊ ကန်ဇွန်းရွက် ကဲ့သို့သော အရည်ရွှမ်းသော အရွက်များ ချထားပြီး ခရုများ စုဝေးလာပါက ကောက်ယူဖျက်ဆီးပစ်ပါ။

၈။ စပါးခင်းထဲတွင် ဝါးတိုင်၊ တုတ်များ ခရုဥ ဥနိုင်ရန် စိုက်ထားပေးပါ။ ဥမြုံများတွေ့ရှိပါက ထုတ်ယူ ဖျက်ဆီးပစ်ပါ။

၉။ ကျေးရွာသူ၊ ကျေးရွာသား၊ တောင်သူများ စုပေါင်း၍ ခရုကျရောက်ချိန်တွင် တပြိုင်တည်း ကောက်ပွဲများ ပြုလုပ်၍ နှိမ်နှင်းပါ။

၁၀။ လိုအပ်ပါက ခရုတ်သတ်ဆေးများ စနစ်တကျ သုံးစွဲပါ။ ရေထိန်းသိမ်းနိုင်သော လယ်မျိုးတွင်သာ ခရုသတ်ဆေး အသုံးပြုပါ။ ခရုသတ်ဆေးများသည် ရေနေသတ္တဝါများနှင့် သဘာဝပတ်ဝန်းကျင်ကို ဆိုးရွားစွာ ထိခိုက်စေပါသည်။

ရွှေခရု (သို့) စပါးဖျက်ခရုကို နှိမ်နှင်းရာတွင် ခရုတ်သတ်ဆေး တစ်မျိုးတည်းဖြင့် နှိမ်နှင်း၍ မရပါ။ မည်သည့်နည်းဖြင့် နှိမ်နင်းသည်မဆို ရေကို ကောင်းစွာ စီမံ ထိန်းချုပ်နိုင်ပါမှ ရွှေခရုကို နှိမ်နင်း ထိန်ချုပ်နိုင်ပါမည်။ နည်းပေါင်းစုံ စုပေါင်း၍ သင့်တော်အချိန်တွင် အဆင်ပြေသော နည်းလမ်းများကို ရွေးချယ်အသုံးပြုပါ။

အရေးအကြီးဆုံးအချက်မှာ တောင်သူများပါမက ကျေးရွာသူ၊ ကျေးရွာသားအားလုံး၊ ကလေးရော၊ လူကြီးပါမကျန် ပူးပေါင်းပါဝင်ရန် လိုအပ်ပါသည်။ မိမိတို့ နေရာများသို့ ရွှေခရု စတင်ရောက်ရှိလာချိန်တွင် ဖျက်ပိုးဟု မသိသေး၍လည်းကောင်း၊ မဖျက်ဆီးသေး၍လည်းကောင်း၊ မိမိလယ်ကို မရောက်သေး၍လည်းကောင်း၊ ဆိုးဆိုးရွားရွား မဖျက်ဆီးသေး၍လည်းကောင်း၊ အကြောင်းအမျိုးမျိုးကြောင့် နှိမ်နင်းမှု မပြုလုပ်ခြင်းသည် ရွှေခရုကို အမြောက်အများ မျိုးပွါးရန် အချိန်ပေးလိုက်ခြင်း ဖြစ်ပါသည်။

ထို့ကြောင့် ရွှေခရု ပန်းရောင်ဥမြုံတစ်မြုံ စတင်တွေ့ရှိကတည်းက (သို့) ရွှေခရု တစ်ကောင်၊ နှစ်ကောင် တွေ့ရှိကတည်းက မိမိတို့၏ လယ်မြေများကို ဖျက်ဆီးတော့မည်ဟု သတိထားပြီး တွေ့သော နေရာ၊ တွေ့သော အချိန်တွင် ချက်ချင်း နှိမ်နင်းကြပါ။

အောင်ကိုဝင်း (B.Agr.Sc)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page