အခုချိန်မှာ လုံးဝလမ်းပျောက်နေပါတယ်ဆိုတဲ့ လူငယ်များအတွက် အကြံပြုချက် (၃) ခု

လမ်းပျောက်နေတဲ့လူငယ်တွေအတွက် အကြံပြုချက် (၃)ခု (ရေးသားသူ – ဒေါက်တာ သူရိန်လှိုင်ဝင်း) ဒီအချိန်မှာ လူကြီးတွေထက်စာရင် လူငယ်တွေကို ပိုပြီးသနားမိတယ်။ ဒီဘေးဒုက္ခကြီးမှာ အားလုံးက ခံစားကြရသူတွေချည်းပေမယ့် နေရာတစ်ခုရပြီးသား၊ လမ်းကြောင်းတစ်ခုကို လျှောက်နှင့်ပြီးသား လူကြီးတွေထက်စာရင် လူငယ်တွေမှာ ပိုပြီးလမ်းပျောက်ကြရှာတယ်။ အသက်ကကြီးလာ၊ ကျောင်းကမပြီးသေး၊ ဘာလုပ်လို့လုပ်ရမှန်းမသိ၊ ပုဂ္ဂလိကကျောင်းတွေတက်ဖို့ဆိုတာကလည်း ငွေရေးကြေးရေးအရ မတတ်နိုင်၊ တကယ့်ကို ခါးသီးတဲ့အတွေ့အကြုံပဲ။

ညီလေးတို့ ညီမလေးတို့ကို ၃ ခုအကြံပေးချင်တယ်။ အခုက စိတ်ညစ်စရာကြီးဆိုတာအမှန်ပဲ။ ဒါပေမယ့် ဘယ်လောက်ပြင်းထန်တဲ့ မုန်တိုင်းဖြစ်ဖြစ် အမြဲတမ်းတော့ မရှိနေနိုင်ဘူးဆိုတာ မှတ်ထားပါ။ အတန်းပညာရေးဟာ လုပ်ငန်းခွင်ထဲရောက်တဲ့အခါ အရေးမပါတော့ဘူးဆိုတာ ကိုယ်အာမခံတယ်။ အခုချိန်မှာတော့ ဘဝပျက်မတတ်ခံစားနေရမှာပဲ၊ မျှော်လင့်ချက်မဲ့နေသလို၊ အရာအားလုံးဆုံးရှုံးသွားရသလို ခံစားနေရမှာပဲ။

ဒါပေမယ့် ဒါက အဆုံးသတ်မဟုတ်ဘူးဆိုတာ ကိုယ့်ကိုယ်သတိပေးပါ။ လေပြေလာတဲ့အခါ အဆင်သင့်ဖြစ်နေအောင်လုပ်ထားပါ။ လမ်းပျောက်နေတယ်ဆိုရင် ကိုယ် (၃) ခုအကြံပေးချင်တယ်။ အသက် ၂၂ နှစ်အရွယ် ကိုယ်လမ်းပျောက်နေချိန် ဒီအချက် ၃ချက်ကိုပဲ လုပ်ပါတယ်။

၁။ အင်္ဂလိပ်ဘာသာစကားကို ကျွမ်းကျင်ပိုင်နိုင်အောင် သင်ယူလေ့ကျင့်ပါ – ဘယ်ဘာသာစကားတွေ ဘယ်လိုပဲပေါ်ပြူလာဖြစ်ဖြစ် အင်္ဂလိပ်ဘာသာစကားက ကမ္ဘာတစ်ခုလုံးကို မြင်ရနိုင်တဲ့ ပြတင်းပေါက်ပါ။ အင်္ဂလိပ်ဘာသာစကားတစ်ခုတည်း ကောင်းကောင်းတတ်ကျွမ်းရုံနဲ့ ဘယ်နေရာမဆိုဝင်ဆံ့လာလိမ့်မယ်။ ပညာသင်တဲ့နေရာ၊ အလုပ်လုပ်တဲ့နေရာ အင်္ဂလိပ်ဘာသာစကားကျွမ်းကျင်မှုက အကြီးအကျယ်ကွာခြားစေလိမ့်မယ်။

ဘာသာစကားတစ်ခုပြီးတစ်ခု လိုက်တက်နေမယ့်အစား အင်္ဂလိပ်ဘာသာစကားကို ကျွမ်းကျင်အောင်သင်ပါ။ အချိန်ပေးလေ့ကျင့်ပါ။ ဒါကိုတတ်ပြီဆိုတာနဲ့ ကြိုက်တဲ့ဘာသာရပ်ကို လေ့လာနိုင်တယ်၊ ကြိုက်တဲ့အသိပညာဗဟုသုတ ရှာဖွေနိုင်တယ်၊ အတန်းမတက်ရသေးပေမယ့် ကိုယ့်ပညာဆက်လက်သင်ကြားဖို့အတွက် ကိုယ်တိုင်လေ့လာနိုင်တယ်၊ ကမ္ဘာအနှံ့က လူတွေနဲ့ ဆက်သွယ်ပြောဆိုနိုင်တယ်။

၂။ ကွန်ပျူတာနဲ့ အွန်လိုင်းနည်းပညာတွေကို လေ့လာပါ – ဘယ်အလုပ်ဖြစ်ဖြစ် ကွန်ပျူတာနဲ့ အွန်လိုင်းနည်းပညာတွေဟာ မပါမဖြစ်ပါ။ ပညာဆက်သင်တာ၊ လုပ်ငန်းခွင်ဝင်တာ အကုန်လုံးအတွက် အရေးပါလိမ့်မယ်။ ကွန်ပျူတာနဲ့အကျွမ်းဝင်ရှိအောင်လုပ်၊ အနိမ့်ဆုံး မိုက်ခရိုဆောဖ့် Office ဖြစ်တဲ့ Word, Powerpoint, Excel လောက်နဲ့ရင်းနှီးအောင်လုပ်ထား။ Cloud နည်းပညာနဲ့ သုံးတတ်အောင်လုပ်ထား။ လုံးဝအလဟဿမဖြစ်စေရဘူး။

၃။ ကိုယ်ဝါသနာပါတဲ့အရာတစ်ခုကို မူတည်ပြီး Personal brand တစ်ခုတည်ဆောက်ထားပါ – ပန်းချီဆွဲတာဝါသနာပါလား၊ သီချင်းဆိုတာလား၊ တူရိယာတစ်ခုခုတီးမှုတ်တတ်လား၊ စက္ကူခေါက်တတ်လား၊ အင်္ကျီဒီဇိုင်းဆွဲရတာကြိုက်လား၊ ပညာပေးလေးတွေရိုက်ရတာကြိုက်လား၊ ပစ္စည်းအသစ်အဆန်းလေးတွေ စမ်းသပ်ကြည့်ရတာကြိုက်လား။ ကိုယ်ဝါသနာပါတာတစ်ခုခုရှိလိမ့်မယ်။ အဲဒါနဲ့ပတ်သက်ပြီး ကိုယ့်ကိုယ်ပိုင်ဘရန်းတစ်ခုတည်ဆောက်ထားပါ။ နေ့စဉ်ရှင်သန်ဖို့အတွက် မျှော်လင့်ချက်လေးဖြစ်လာလိမ့်မယ်။

ကိုယ့်ကို စိတ်လှုပ်ရှားစေလိမ့်မယ်၊ အသုံးမကျဘူးလို့ ခံစားနေရတာတွေ သက်သာလိမ့်မယ်။ လူတစ်ယောက်က နာမည်ရှိလာရင် အသံရှိလာလိမ့်မယ်။ အသံရှိလာတဲ့သူတစ်ယောက်က ဘာလုပ်လုပ်ပိုလွယ်ကူတတ်တယ်။ ကိုယ့်တုန်းက ဘလော့တစ်ခုလုပ်တယ်။ နောက်တော့ ပေ့ခ်ျတစ်ခုထောင်တယ်။ ကျန်းမာရေးနဲ့ပတ်သက်တဲ့ဆောင်းပါးတွေရေးတယ်၊ ကိုယ့်စိတ်ထဲပေါ်လာတာလေးတွေရေးတယ်။ အဲဒါနဲ့ အခု ဒီပေ့ခ်ျဖြစ်လာတာပဲ။

လမ်းပျောက်နေချိန် ဖန်တီးထားတာလေးတွေပေါ့။ အဲဒီနောက် အယ်ဒီတာ အလုပ်ရတယ်။ ဘယ်တုန်းကမှ ငါ အယ်ဒီတာ ဖြစ်လာလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ရာကနေ လမ်းက ကိုယ့်အားထုတ်မှုပေါ်မူတည်ပြီး အလိုလိုပေါ်လာတာပဲ။ လူငယ်တွေခံစားနေရတာတွေကို ကိုယ်ချင်းစာတယ်။ ထပ်တူမဟုတ်တောင် ဒီခံစားချက်ကြီးနဲ့ ရင်းနှီးတယ်။ ဒါပေမယ့် ကိုယ်တို့ရပ်တန့်နေလို့တော့မရဘူး။ အားထုတ်ချင်စိတ်သာဆက်မွေးမြူထား။ လမ်းကြောင်းတွေ ပေါ်ကိုပေါ်လာလိမ့်မယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page